ကေဇူး
နိုင်ငံရေး အကျဉ်းသားအများစုမှာ ထောင်ထဲတွင် နည်းလမ်းပေါင်းစုံဖြင့် နှိပ်စက်ခံရပြီး ၇၀ ရာခိုင်နှုန်းကျော်မှာ ကိုယ်ထိလက်ရောက်သာမက စိတ်ပိုင်းဆိုင်ရာပါ နှိပ်စက်ညှဉ်းပမ်းမှုများ ခံခဲ့ရသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က ထုတ်ပြန်လိုက်သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအဝင် ၎င်းတို့ မိသားစုဝင်များ ဖြည့်စွက်ထားသော အချက်အလက် မှတ်တမ်း ၄၃၀ တွင် ၇၄ ရာခိုင်နှုန်းမှာ ကိုယ်ထိလက်ရောက် နှိပ်စက်ညှင်း ပင်ပန်းမှု ခံခဲ့ရပြီး ၇၆ ရာခိုင်နှုန်းမှာ စိတ်ပိုင်းဆိုင်ရာ ညှည်းပန်းနှိပ်စက်မှုခံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၄ ခုနှစ်တွင် စတင်ကောက်ခံခဲ့သော နိုင်ငံရေး အကျဉ်းများ၏ မှတ်တမ်းများကို အခြေခံပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (EPPF) တို့က အထက်ပါအတိုင်း ပူးပေါင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
"သူတို့ရဲ့ ဘဝပြန်လည် ထူထောင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားတွေကို အစိုးရက လုံးဝ လှည့်အကြည့်တာမျိုး မရှိဘူး" ဟု AAPP ပြန်ကြားရေးတာဝန်ခံ ဦးသက်ဦးက ပြောသည်။
ထိုအစီရင်ခံစာတွင် နိုင်ငံရေး အကျဉ်းသားများ၏ ထောင်တွင်းနှိပ်စက်ခံရမှုများနှင့် နောက်ဆက်တွဲကျန်းမာရေးအခြေအနေများ၊ ပညာရေးနှင့် အလုပ်အကိုင်၊ ငွေရေးကြေးရေး အခက်အခဲ၊ လူမှုရေးဖယ်ကျဉ်ခံရခြင်း ၊မိသားစု ဆက်ဆံရေး တင်းမာမှုများ၊ နောက်ဆက်တွဲအဆင့်များ စသည်ဖြင့် ကဏ္ဍအလိုက် သီးခြားဖော်ပြထားခြင်း ဖြစ်သည်။
"နိုင်ကျဉ်းတွေရဲ့ အခက်အခဲနဲ့ ဘဝဖြတ်သန်းမှု၊ ကမ္ဘာအရပ်ရပ်နဲ့ နိုင်ငံတော်အစိုးရ သိရှိအောင် ဒီအစီရင်ခံစာကိုလုပ်တာဖြစ်ပါတယ်။သူတို့ရဲ့ ဘ၀ဖြတ်သန်းမှု မှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်" ဟု ဦးသက်ဦးက ဆိုသည်။
ထောင်တွင်းနှင့် စစ်ကြောရေးကာလ နှိပ်စက်ညှဉ်းပမ်းမှုများတွင် မည်သူနှင့်မှ အဆက်အသွယ်လုပ်ခွင့် မရှိဘဲ တစ်ဦးတည်း လျှို့ဝှက်ချုပ်နှောင်ခံရခြင်း၊ အစားအစာဝလင်စွာမစားရခြင်း၊ ရေ၀လင်စွာမသောက်ရခြင်း၊ မအိပ်ရခြင်း၊ ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခြင်း၊ လိင်ပိုင်းဆောင်ရာ စော်ကားခံရခြင်းနှင့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ငြင်းပယ်ခံရခြင်းတို့ ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
No comments:
Post a Comment