Saturday, February 7, 2015

အစိုးရ ထုတ်ပြန်ချက်ကြောင့် သပိတ်မှောက် ကျောင်းသား မိဘများ စိုးရိမ်နေ

သူဇာ

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်နေသည့် သပိတ်မှောက် ကျောင်းသားများ၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူ များ၊ အားပေးအားမြှောက် ပြုလုပ်သူများ ရှိနေသည်ဆိုသည့် အစိုးရ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ကျောင်းသားမိဘများနှင့် နိုင်ငံ ရေး အသိုင်းအ၀န်းက စိုးရိမ်နေကြောင်း သိရသည်။

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်ဟု ဆိုသည့် အချက် ၇ ချက်ကို အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ထုတ်ပြန် ကြေညာချက်၏ အချက်တခုတွင် “ပညာရေးဆိုင်ရာ ကိစ္စကို အကြောင်းပြုပြီး ဆူပူမှုများ ဖြစ်ပေါ်လာစေရန် ကျောင်းသား လူငယ်များကို အသုံးချ၍ ကျောင်းသား အမည်ခံသူများ၊ နောက်ကွယ်မှ ကြိုးကိုင် ဆောင်ရွက်နေသူများ၊ အားပေးအားမြှောက်ပြုနေ သည့် နိုင်ငံရေး အဖွဲ့အစည်းတချို့ ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရကြောင်း”ဟု ဖော်ပြထားသည်။

ထိုကြေညာချက်ကြောင့် သပိတ်မှောက် ဆန္ဒပြနေသည့် ကျောင်းသားများအတွက် စိုးရိမ်ပူပန်မှု ပိုမို ကြီးမားလာရကြောင်း ကျောင်း သား မိဘများက ဧရာဝတီသို့ ပြောဆိုကြသည်။

မန္တလေးမှ ရန်ကုန်ကို ချီတက်နေသည့် ပင်မ ကျောင်းသားသပိတ်တွင် ပါဝင်နေသူ တဦး၏ ဖခင်ဖြစ်သူကလည်း“အရင် ကျောင်း သား သပိတ် အဆက်ဆက်အပေါ် အစိုးရတွေရဲ့ ဖြိုခွင်းမှုတွေကို သိနေတော့ ကျနော့် သားအတွက် စိုးရိမ်မိတာတော့ အမှန်ပဲ။ အခု လည်း ဒီအစိုးရ ထုတ်ပြန်ချက်က မကြာခင် အကြမ်းဖက် ဖြိုခွင်းတော့မယ်လို့ ပြောနေသလို ခံစားရတယ်။ မိဘတယောက် အနေနဲ့တော့ သားသမီးကို စိုးရိမ်တယ်”ဟု ပြောသည်။

ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ ချီတက်လာသည့် ဧရာဝတီ ကျောင်းသားသပိတ်အတွင်း သမီးနှင့် တူမ ၄ ဦး ပါဝင်နေသော ကျောင်းသား မိဘတဦး ဖြစ်သူ ဒေါ်စန်းစန်းဌေးကလည်း တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ကျောင်းသား သပိတ်စစ်ကြောင်းများ ဧရာဝတီတိုင်း ကျော်ပါက တာဝန်မယူဟု ပြောဆိုလိုက်သဖြင့် စိုးရိမ်ပူပန်မှု ဖြစ်မိကြောင်း ပြောဆိုသည်။

ယင်းသို့ ကျောင်းသားသပိတ်များကို ယခင်စစ်အစိုးရများ၏ ကျင့်သုံးသည့် နည်းစနစ်သုံး တချို့နှင့် လက်ရှိ ဦးသိန်းစိန် အစိုးရ၏ လုပ်ဆောင်မှု တချို့သည် အလားသဏ္ဌာန် တူနေကြောင်း နိုင်ငံရေး အသိုင်းအ၀န်းကလည်း ပြောဆိုကြသည်။

“၈၈ တုန်းကလည်း ဒီလို လုပ်ခဲ့တာပဲ။ အစိုးရမှာ ဘာအစီအစဉ် ရှိတယ်ဆိုတာကိုတော့ ကျနော်တို့ မပြောနိုင်ပါဘူး။ ဒီထုတ်ပြန်ချက် ကို မြင်တဲ့ အခါမှာ ၈၈ တုန်းက ဖြတ်သန်းခဲ့ရတဲ့ သူတယောက်အနေနဲ့ဆို ခါးသီးတယ်။ ဆိုးကျိုးလာတော့မယ်ဆိုတဲ့ အတိတ် နိမိတ်တွေ ခံစားရတယ်”ဟု ၈ လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့ဖူးသူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (အထက်ဗမာပြည် ဗဟိုဌာနခွဲ) အဖွဲ့ဝင် ဦးအောင်ကျော်စန်းက ပြောသည်။

လက်ရှိ အခြေအနေအရ မန္တလေးမှ ရန်ကုန်သို့ ချီတက်နေသည့် သပိတ်မှောက် ကျောင်းသားများအတွင်း ထောက်လှမ်ရေးအဖွဲ့မှ ကျောင်းသား အယောင် ဆောင်၍ ပါဝင်မှုများ ရှိလာသည့်အတွက် ယခုနောက်ပိုင်းတွင် ကျောင်းသားများက လုံခြုံရေုး အထူး ဂရုစိုက် နေကြရကြောင်း ဧရာဝတီ က စုံစမ်းသိရှိရသည်။

ယခုကဲ့သို့ အစိုးရ၏ တုံ့ပြန်မှု တချို့ကြောင့် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်မှုအပေါ် နှောင့်နှေး ကြန့်ကြာနိုင်သည့်အတွက် နယ် အသီးသီးမှ ကျောင်းသားသပိတ် လှုပ်ရှားမှုများ ပိုမို ပြုလုပ်လာပြီး ပင်မကျောင်းသားသပိတ်ကို ပူးပေါင်း ပါဝင်ရန် စီစဉ်နေကြောင်းလည်း ကျောင်းသားများက ပြောသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က မုံရွာကျောင်းသား သမဂ္ဂများမှ ကျောင်းသားလှုပ်ရှားမှုများကို စတင်ခဲ့ပြီး ယနေ့တွင် ပခုက္ကူ သပိတ်မှောက် ကျောင်းသားများနှင့် ပူးပေါင်းမည် ဖြစ်ကြောင်း၊ ထားဝယ် ကျောင်းသား သမဂ္ဂများမှ ကျောင်းသားလှုပ်ရှားမှုများကို ယနေ့ စတင် လိုက်ပြီး ဖေဖော်ဝါရီ ၉ ရက်တွင် မွန်ပြည်နယ် ကျောင်းသား သမဂ္ဂများ စတင်မည့် မော်လမြိုင် ကျောင်းသားလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်မည် ဖြစ်ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မန္တလေးမှ ရန်ကုန်ကို ချီတက်လာသည့် ပင်မသပိတ်မှောက် ကျောင်းသားများသည် တောင်တွင်းကြီး မှ ဆတ်သွားအထိ သွားရောက်မည်ဖြစ်ပြီး ဧရာဝတီ သပိတ်မှောက် ကျောင်းသားများ အဖွဲ့သည် ပန်းတနော်မှ ညောင်တုန်းမြို့ကို ဆက်သွားမည် ဖြစ်သည်။

သို့သော် ပြည်မြို့၌ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ချီတက်လာသည့် ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်းများတွင် မပါဝင်ကြရန် ပြည်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပြည်တက္ကသိုလ်နှင့် အစိုးရစာသင်ကျောင်း တချို့တွင် ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများမပါဝင်ကြရန် ပဲခူးတိုင်းဒေသကြီး အစိုးရက ဖေဖော်ဝါရီ ၅ ရက် နှင့် ၆ ရက် နေ့များတွင် လိုက်လံ ဟောပြောခဲ့ကြောင်း သိရသည်။

ထို့အပြင် ပညာရေး ၀န်ကြီးဌာနကလည်း စာမေးပွဲများကို ထုတ်ပြန်ကြေညာချက်များ အတိုင်း စစ်ဆေးမည်ဖြစ်သဖြင့် မိဘပြည်သူများက ကျောင်းသားများ စာမေးပွဲ ချောမွေ့စွာ ဖြေဆိုနိုင်ရန် ပညာရေး ၀န်ကြီးဋ္ဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။

No comments: