Saturday, February 7, 2015

မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာ လက်လှည့်ပညာပွဲတော် ကျင်းပမည်

သီဟတိုး

ပထမဆုံး ရန်ကုန် နိုင်ငံတကာ လက်လှည့်ပညာပွဲတော် (International Juggling Festival Yangon) ကို လာမည့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ရန်ကုန်မြို့ နေရာအနှံ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်လှည့်ပွဲကို Serious Fun နှင့် Smile Education & Development Foundation မှ စီစဉ်ခြင်း ဖြစ်ပြီး ကန်တော်ကြီးဥယျာဉ်ရှိ ကရဝိတ်ဥယျာဉ်ကမ္ဘာ၊ ပြည်လမ်းရှိ ပြည်သစ်ယဉ် ကျေးမှုဌာနနှင့် မဟာ ဗန္ဓုလပန်းခြံတို့တွင် စတင်ဖျော်ဖြေတင်ဆက် ပြသသွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

နိုင်ငံတကာ လက်လှည့် ပညာရှင် Mr.Jules က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကစ၍ မြန်မာ့ မသန်စွမ်း အားကစား အဖွဲ့ချုပ် (Myanmar Disabled Sport Federation)၊ သန်လျင်လူငယ် ထိန်းသိမ်းရေးကျောင်း၊ Save the Children အဖွဲ့နှင့်အတူ ကလေးစစ်သားဟောင်းများ ပြန်လည်ထူထောင်ရေး အစီအစဉ် (Demobilized Child Solider Program)၊ Scholarships for Street Kid Myanmar စသည့် နေရာများ၌ အခမဲ့ လက်လှည့် ပညာသင်ကြားရေး အစီအစဉ်များစွာကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်လှည့်ပညာပွဲတော်ဟု အမည်ပေးထားသည် Juggling Festiva တွင် နိုင်ငံတကာ လက်လှည့် ပညာရှင်များ၊ ပြည်တွင်းမှ ဖျော်ဖြေရေး ပညာရှင်များနှင့် လေ့ကျင့်သင်ကြားထားသော လူငယ်များနှင့်အတူ Serious Fun မှ လူငယ် ဟာသပညာရှင် သူရ နှင့် ဂျိုကာ တို့လည်း ပါဝင်မည်ဟု သိရသည်။

သန်လျင် လူငယ်သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဦးကျော်ဦးက “သင်တန်းကျောင်းက ကလေးတွေက ပြင်ပနဲ့ အဆက်အသွယ်က နည်းတယ်။ ဒါကြောင့် ကလေးတွေက ဘောလုံး၊ ခြင်းလုံး၊ ဘောလီဘောအပြင် ဒီလို Juggling ကစားနည်းကို ကစားခြင်းဖြင့် သူတို့တွေ ပျော်ရွှင်မယ်၊ သူများကို ပျော်ရွှင်လာအောင်လည်း တဆင့် သင်ပေးနိုင်မယ်။ သူတို့အခု ကျနော်တို့ ကလေးတွေကို ၁၅ ယောက်လောက် သင်ပေးပြီး တတ်ထားတဲ့ ကလေးတွေကနေ တကျောင်းလုံးကို ပြန်သင်ပေးမယ်ဆိုရင် တကျောင်းလုံး လူ ၁၇၀ မှာ အကုန်လုံး တတ်သွားရင် ဒီအတတ်ပညာနဲ့ အားလုံးကို ပျော်ရွှင်အောင် လုပ်ပေးမယ်လို့ ကျနော်ထင်ပါတယ်” ဟု ပြောသည်။

အဆိုပါ လက်လှည့် အတတ်ပညာကို တတ်ခြင်းဖြင့် လူငယ်ကျောင်းသားများ အနေဖြင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရရှိလာမည် ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်တတ်မှု၊ ဆန်းသစ်တီထွင်တတ်မှု အရည်အချင်းများလည်း ရရှိကာ ကလေးများ၏ အပြုအမူများပါ ပြောင်းလဲရေး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် စာရိတ္တပိုင်းဆိုင်ရာတို့တွင် ကောင်းမွန်သည့် အထောက်အပံ့ ကောင်းများ ရလာနိုင်သည်ဟု ယုံကြည်ကြောင်း သူက ဆက်ပြောသည်။

“အခုလာမယ့်ပွဲမှာ ကလေးတွေက သူတို့ရဲ့စွမ်းရည်ကို လူတွေကြားမှာ ထုတ်ဖော် ပြသခွင့်ရတဲ့အတွက် ကလေးသူငယ် အခွင့်အရေးအရ ပါဝင်ဆောင်ရွက်ခွင့်၊ ထုတ်ဖော်ပြသခွင့် ရလာမယ်။ ကောင်းမွန်တဲ့ အခွင့်အရေးတွေ အကျိုးရမှုတွေရှိတဲ့အတွက် ဒီပညာရပ်ကို ကျနော်လေးစားတယ်။ ဒီအရာကို ကြည့်ခြင်းအားဖြင့် ပျော်ဖို့လည်း ကောင်းသလို ရယ်ဖို့လည်း ကောင်းတဲ့အတွက် ဒီပညာရပ်လေးကို လာရောက် သင်ကြားပေးတဲ့ အဖွဲ့အစည်းကို အရမ်းကျေးဇူးတင်ပါတယ်” ဟု ဦးကျော်ဦးက ထပ်လောင်း ပြောကြားသည်။

ကြီးမားသည့် ဖျော်ဖြေတင်ဆက်မည့်ပွဲကို ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်၊ ကရဝိတ်ဥယျာဉ်ကမ္ဘာ၌ လာမည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲသည် အခမဲ့ဖြစ်ပြီး လူရွှင်တော် သူရသိန်းနှင့် ဂျိုကာတို့မှ အစီအစဉ် တင်ဆက်သူများအဖြစ် ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကာ ပွဲတော်၏ ဖျော်ဖြေရေး အစီအစဉ်တိုင်းတွင် သည်းထိတ်ရင်ဖိုစရာ၊ အံ့သြ ကြောက်လန့်စရာ၊ အာရုံကို ညှို့ယူဖမ်းစားမည့် ပြကွက်များနှင့်အတူ ရန်ကုန်မြို့တွင် တခါမှ မကြုံဖူးသော ဖျော်ဖြေတင်ဆက်မှု အစီအစဉ်များလည်း ပါဝင်မည်ဟု ဆိုသည်။

“ဒီပွဲကို ဘာကြောင့် ဒီလောက် အဓိကထား လုပ်ရလဲဆိုတော့ ကမ္ဘာမှာ ဖေဖော်ဝါရီလ ၁ ရက် နေ့ကနေ ၁၀ ရက်နေ့အထိ ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားဆောင်ရွက်မှု ရက်သတ္တပတ် (Religious Harmony Week) နဲ့ ကြုံကြိုက်တယ်။ ပြီးတော့ ကျနော်တို့နိုင်ငံရဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် မွေးနေ့နဲ့လည်း တိုက်ဆိုင်နေတော့ လူငယ်တွေ၊ ကလေးတွေအတွက် ဗိုလ်ချုပ်ရာပြည့်ကိုပါ အတူဆင်နွှဲပြီးသား ဖြစ်သွားတယ်။ ပြီးတော့ ဒီကာလမှာ Valentines’ Day (ချစ်သူများနေ့) နဲ့လည်း တိုက်နေတော့ အားလုံးပျော်ရွှင် ကြမှာပဲ။ ဒါတွေအားလုံးက တိုက်ဆိုင်တာဆိုတော့ ဒီရက် သတ္တပတ် အတွင်းမှာ အားလုံး စိတ်ကျေနပ်မှုရ သွားမယ်၊ စိတ်ပင်ပန်းမှုတွေ ပြေပျောက်သွားမယ်လို့ မျှော်လင့်တယ်” ဟု အဆိုပါပွဲကို စီစဉ်သည့် Smile Education & Development Foundation မှ ဒါရိုက်တာ ဦးမျိုးဝင်းက ပြောသည်။

ယင်းကစားနည်းကို ကစားခြင်းအားဖြင့် လူငယ် မျိုးဆက်သစ်များအတွက် ဝေဖန်ပိုင်းခြား တွေးခေါ်သည့် (Critical Thinking) ကို ရစေကြောင်း၊ ပညာရေးကို အခြေခံသည့် ဖျော်ဖြေမှုတခုအဖြစ် မြင်ကြောင်းလည်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့၊ ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် မွေးနေ့တွင် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ ပြင်သစ် ယဉ်ကျေးမှုဌာန၌ ညနေ ၆ နာရီခွဲအချိန်တွင် “စိတ်အတွင်းမှ အလင်းရောင်” အမည်ဖြင့် ရန်ကုန် ဓာတ်ပုံပွဲတော် တခုစီစဉ်ထားပြီး ယင်းပွဲတွင် ကလေးများ၏ လက်လှည့်ကစားနည်း၊ ဓာတ်ပုံ၊ အကနှင့် တခြား ဖျော်ဖြေတင်ဆက်မှုများ ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်သည်။

လာမည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ ချစ်သူများနေ့တွင် အက အိုလံပစ်၊ ကလေးများ၏ ဖျော်ဖြေမှု၊ လမ်းလျှောက် လှုပ်ရှားမှု၊ အားလုံးအတူ ပါဝင်နိုင်သော ကစားနည်းများကို နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ရန်ကုန် ကန်တော်ကြီး ကရဝိတ်ဥယျာဉ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ညနေ ၆ နာရီတွင်မူ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်း Unplugged Stage တွင် နိုင်ငံတကာမှ ဖျော်ဖြေ တင်ဆက်သူများ၏ မီးများနှင့် ကစားခြင်း တင်ဆက်မှု၊ The Wheel band မှ သီချင်းများဖြင့် ဖျော်ဖြေမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments: