ရှားမြာ
CP 888 ပြောင်းမျိုးစေ့ များ ကြိုတင်ဝယ်ယူထားသည့် တောင်သူအချို့ မျိုးစေ့အတုများ မှားယွင်း ဝယ်ယူမှုတွေရှိနေကြောင်း ဒေါစဲကျေးရွာမှ တောင်သူ အချို့က ဇန်န၀ါရီ လ ၂၃ ရက်နေ့တွင် ကန္တာရ၀တီတိုင်း(မ်) သို့ ပြောသည်။
ယခင်နှစ်က CP ပြောင်းမျိုးစေ့များလုံလောက်စွာ ဝယ်ယူခွင့်မရလိုက်သည့်အတွက် ကြိုတင်ဝယ်ယူလိုက်ရာမှ အတုများ ဝယ်ယူမိခဲ့ကြကြောင်း ဒေါစဲတောင်သူတဦးကပြောသည်။
“အရင်နှစ်လိုဖြစ်မှာစိုးလို့ ရွာထိစောစောလာရောင်းပေးတာနဲ့အတော်ပဲ ဆိုပြီး ၀ယ်မိတာပါ” ဟုပြောသည်။
ယခင်နှစ်မှစ၍ CP ပြောင်းမျိုးစေ့များအား တံဆိပ်တူ အတုလုပ် ရောင်းချမှုများကြောင့် CP ပြောင်းမျိုးစေ့ အိတ်ခွံ ပြောင်းလဲ ထုတ်လုပ်မှုများပြုလုပ်ခဲ့ကြောင်း CP 888 ကုမ္ပဏီမှ ဦးကျော်ထွန်းကပြောသည်။
၎င်းမျိုးစေ့အတုများ ကို တောင်သူများအားမစိုက်ပျိုးရန် CP ကုမ္ပဏီမှ ဦး ကျော်ထွန်းက အကြံပြုထားသည်။
“ရိုးရိုးပြောင်းဆံကို ဆေးဆိုးပြီး ထည့်ထားတဲ့ မျိုးစေ့လား သေချာမသိဘူး။ ဒီမျိုးစေ့ကို နှမြောပြီးတော့ မစိုက်ပါနဲ့။ တောင်သူတွေအတွက် နှစ်နှာမှာစိုးလို့ပါ” ဟု ဦးကျော်ထွန်းကဆိုသည်။
၎င်းတံဆိပ်တူမျိုးစေ့အတုများရောင်းချသည့် ကိစ္စနှင့်ပတ်သက်၍ ရောင်းချသူများကို CP ကုမ္ပဏီမှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကျော်ထွန်းကပြောသည်။
ထိုမျိုးစေ့ အတု များကို တထုတ်လျှင် ကျပ်ငွေ ၂သောင်းဖြင့် ဒီဇင်ဘာလ ၂၆ ရက်နေ့က ရွာတွင်းသို့ လာရောက်ရောင်းချသွားကြောင်း ဒေသခံများကပြောသည်။

No comments:
Post a Comment