Sunday, February 1, 2015

ပြင်သစ်နိုင်ငံအခြေစိုက် EdM အဖွဲ့ ပံ့ပိုးငွေ ကန်ဒေါ်လာ တစ်သန်းကို ဒလမြို့နယ်တွင် ငွေချေးပေးမည်ဟုဆို

အောင်သူရထွန်း

ပြင်သစ်နိုင်ငံအခြေစိုက် INGOs အဖွဲ့ အစည်းတစ်ခုဖြစ်သော EdM (Entre-preneurs du Monde) အဖွဲ့သည် သမဝါယမ ဝန်ကြီးဌာန၏ အသေးစားငွေကြေး ဝန်ဆောင်မှုလုပ်ငန်းအတွက် မတည်ငွေ ကန်ဒေါ်လာ တစ်သန်းဖြင့် ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် စတင်ထုတ်ချေးပေးမည်ဟု အဆိုပါဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းက ပြောသည်။

ဦးသန်းထွန်းက ''EdM အဖွဲ့ဟာ မြန်မာနိုင်ငံမှာလည်း ကန်ဒေါ်လာတစ်သန်းနဲ့ အသေးစားငွေကြေး လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်မှာ စတင်ဆောင်ရွက်မည့် အဖွဲ့အစည်း ဖြစ်ပါတယ်'' ဟု နေပြည်တော်ရှိ ရွှေပြည်တော်ဟိုတယ်တွင် ကျင်းပသည့် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးသည့် အခမ်း အနားတွင် ပြောခြင်းဖြစ်သည်။

အဆိုပါဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်း၊ ညွှန်ကြားရေးမှူး ဦးဆွေတင့်က လုပ်ဆောင်ရမည့် အဆင့်အနည်းငယ် ကျန်ရှိနေသေးသဖြင့် မည်သည့်အချိန်တွင် ချေးငွေစတင်ပေးအပ်မည်ကိုမူ တိတိကျကျ မပြောကြားနိုင်သေးဟု ဆိုသည်။

ချေးငွေထုတ်လိုသူများသည် အပေါင်ပစ္စည်းပေးစရာမလိုဘဲ အတိုး နှစ်ကျပ်ခွဲနှုန်းဖြင့် ဝိုင်းကြီးချုပ်စနစ်ကဲ့သို့ ငါးဦးအဖွဲ့ ဖွဲ့စည်းပြီး အမှန်တကယ် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြောင်းလည်း စစ်ဆေးခံပြီး ငွေချေးနိုင်မည် ဖြစ်သည်။

ညွှန်ကြားရေးမှူး ဦးဆွေတင့်က ''စီးပွားရေးအတွက် ပုံမှန်မဟုတ်တဲ့ ပညာရေးစနစ်ကို ကျွန်တော်တို့က သင်တန်းတွေပေးမယ်။ သင်တန်းပေးတယ် ဆိုတာကလည်း စီးပွားရေး လုပ်တတ်ကိုင်တတ်အောင်ပေါ့။ နောက်တစ်ခုက ကျွန်တော်တို့အဖွဲ့တွေ ကွင်းဆင်းစစ်ဆေးတဲ့အခါ ငွေချေးဖို့တင်ပြ ထားတဲ့ အလုပ်လုပ်ကိုင်ခြင်း ရှိ မရှိကိုလည်း စစ်ဆေးမယ်'' ဟု ဆိုသည်။

သို့ရာတွင် ငါးဦးတစ်ဖွဲ့ ဖွဲ့စည်းထားသော်လည်း နှစ်ဦးကိုသာစတင်၍ ငွေထုတ်ချေးမည်ဖြစ်ပြီး ချေးငွေဖြင့် လုပ်ငန်းလည်ပတ်မှုရှိမှသာ ကျန်သုံးဦးကို ငွေဆက်ချေးမည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

ထို့အပြင် သမဝါယမ ဦးစီးဌာန ဝန်ထမ်းများကိုယ်တိုင် အိမ်တိုင်ရာရောက် ငွေချေးခြင်း၊ ငွေသိမ်းခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ခြင်းကြောင့် ငွေချေးသူတို့ အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

No comments: