Monday, February 9, 2015

ဖေဖော်ဝါရီ လလယ်ပိုင်းမှာ ပြည်တွင်းဈေးကွက်ထဲ ရောက်လာမယ့် Galaxy A7

မောင်မန်း

ပြည်တွင်းဈေးကွက်မှာ Samsung ရဲ့ Galaxy A စီးရီးစမတ်ဖုန်းတွေက လူကြိုက်များခဲ့ပါတယ်။ ဒီစီးရီးထဲက A3 နဲ့ A5 ပဲ ဈေးကွက်အတွင်းကို ရောက်ပါသေးတယ်။ ကျန်ရှိနေတဲ့ Galaxy A7 ကိုတော့ ဖေဖော်ဝါရီလလယ်မှာ ပြည်တွင်းဈေးကွက်အတွင်း တင်သွင်းလာမယ်လို့ Samsung ရဲ့ အကြီးတန်းဈေးကွက် ရှာဖွေရေးအရာရှိ တစ်ဦးက ပြောပါတယ်။ ဒီဖုန်းက လက်ရှိဈေးကွက်ထဲက A3, A5 တို့ထက် ဘာတွေထူးခြားကောင်းမွန်နေမလဲ ဆိုတာ ကြည့်ရအောင်။

မျက်နှာပြင်အရွယ်အစားနဲ့ အရည်အသွေး

Super AMOLED capacitive touchscreen မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ပုံရိပ်အရွယ်အစား 1080 x 1920 pixels ကို မြင်တွေ့ခံစားနိုင်မှာပါ။ မျက်နှာပြင်အရွယ်အစားက ငါး ဒသမ ငါး လက်မ ဖြစ်ပါတယ်။ ပုံရိပ် သိပ်သည်းဆက 401ppi ရှိပါတယ်။ နေရောင်အောက်မှာ အသုံးပြုရင်တောင် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို တွေ့မြင်ခံစားနိုင်မှာပါ။ မျက်နှာပြင်အရည်အသွေးကတော့ အားရစရာပါပဲ။


ကင်မရာ အရည်အသွေး

ကင်မရာအရည်အသွေးက 13MP ဖြစ်ပါတယ်။ 4128 x 3096 Pixel အရည်အသွေးရှိတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်ပါတယ်။ Geo-tagging, touch focus, face detection, panorama, HDR စတဲ့ ကင်မရာ စွမ်းဆောင်ချက်တွေ ပါဝင်ပါတယ်။ ရှေ့ကင်မရာက 5MP ပါ။ လူမှုကွန်ရက်တွေမှာ ကိုယ်တိုင် ရိုက်ပုံတွေ တင်ဖို့အတွက်ဆိုရင်တော့ အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မယ့် အရည်အသွေးပါပဲ။ HD အရည်အသွေးရှိတဲ့ ဗီဒီယို တွေ ရိုက်ကူးနိုင်ပါတယ်။

ဘက်ထရီ အရည်အသွေး

Non-removable Li-Ion 2600 mAh ဘက်ထရီကိုအသုံးပြုထားပါတယ်။ ကြာရှည်အသုံးခံနိုင်မယ့် အရည်အသွေးပါ။ ဘက်ထရီကို ဖြုတ်လို့တော့မရဘူးပေါ့လေ။ အသုံးခံနိုင်မှု ပမာဏကို မဖော်ပြထားပေမယ့် ထိပ်တန်းစမတ်ဖုန်းတွေမှာ ပါဝင်တဲ့ ပမာဏဖြစ်ပါတယ်။

အခြား စွမ်းဆောင်ရည်များ

Android ဗားရှင်း 4.4.4 (KitKat) ကို အသုံးပြုထားပါတယ်။ CPU က Quad-core 1.7 GHz Cortex-A53 နဲ့ quad-core 1.0 GHz Cortex-A53 နှစ်ခု ထည့်သွင်းထားပါတယ်။ ဖုန်းအတွင်း သိုမှီးနိုင်မှုပမာဏက 16GB ဖြစ်ပြီး 64GBအထိ မြှင့်တင်အသုံးပြုနိုင်ပါတယ်။ RAM က 2GB ထည့်သွင်းထားပါတယ်။ အခြားချိတ်ဆက်မှုအနေနဲ့ Bluetooth နဲ့ NFC နည်းပညာတွေ ပါဝင်ပါတယ်။ Accelerometer, proximity, compass စတဲ့ အာရုံခံစနစ်တွေ ထည့်သွင်းပေးထားပါတယ်။ GSM နှစ်ကတ်သုံး စမတ်ဖုန်း အမျိုးအစားဖြစ်တဲ့အတွက် အော်ပရေတာတွေကို အပြိုင်ရွေးချယ် အသုံးပြုလာရ တဲ့အချိန်မှာ ဈေးကွက်လိုအပ်ချက်နဲ့ အံကိုက်ပါပဲ။

ဈေးနှုန်း အတိအကျ မသိရသေးပေမယ့် ပြည်တွင်းရောက် Galaxy A စီးရီးစမတ်ဖုန်းနှစ်လုံးနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ Galaxy A3 က ကျပ် ၂၉၉၀၀၀ ဖြစ်ပါတယ်။ Galaxy A5 ကတော့ ကျပ် ၃၉၅၀၀၀ ပါ။ အရည်အသွေးနဲ့ ဈေးနှုန်းက ပြည်တွင်းဈေးကွက်မှာ စိတ်ကြိုက်တွေ့ကြမလား စောင့်ကြည့်ရဦးမှာပါ။

No comments: