ကျော်မျိုးထွန်း
ကျောင်းသားများ သပိတ်မှောက် တောင်းဆိုနေသည့် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ၄ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စား လှယ် လည်း ဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်တာဝန်ခံ လည်းဖြစ်သူ ဒေါက်တာသိန်းလွင်ကို NLD ၏ ခွင့်ပြုချက် မယူဘဲ အစည်းအဝေး တက်ရောက်ခဲ့သည့် အတွက် အရေးယူမည်ဖြစ်ကြောင်း NLDက ယနေ့ ကြေညာ ချက် ထုတ်ပြန်သည်။
NLD ကြေညာချက်တွင် ဒေါက်တာသိန်းလွင်သည် လေးပွင့်ဆိုင်အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခြင်း မဟုတ်ကြောင်း၊ NLD ပါတီဝင်များအနေဖြင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ ကြို တင် သဘောတူညီချက်မရှိဘဲ အခြားအဖွဲ့အစည်းတွင် ဦးဆောင်ပါဝင်ဆောင်ရွက်ခွင့်မရှိကြောင်း၊ ယင်းသို့ စည်းမျဉ်း စည်း ကမ်း ဖောက်ဖျက်ခြင်းအတွက် ပါတီ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖော် ပြထားသည်။
ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာစိုးဝင်းဦးက“သူ့ကို NNER မှာ NLD အနေနဲ့ မပါဝင်ဖို့ ပြောထားပြီးသားပါ။ သူနဲ့ နောက်ကွယ်မှာ ပတ်သက်နေတဲ့ အဖွဲ့အစည်းတချို့ကိုလည်း ကျနော်တို့ ခေါင်းဆောင် က မကြိုက်ဘူး။ နောက်ပိုင်း အမျိုးသားပညာရေးကိစ္စ ရှုပ်ထွေးမှုတွေရှိလာရင် NLD အနေနဲ့ တာဝန်ခံရ မှာမို့ လို့ အခုကတည်းက ရှင်းထားတဲ့ သဘောပါ”ဟု ပြောကြားသည်။
NLD ၏ ကြေညာချက်နှင့် ပတ်သက်၍ NNER ကိုယ်စားလှယ်ဒေါက်တာသိန်းလွင်ကို ဧရာဝတီက ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။
အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေး အစိုးရ၊ လွှတ်တော်၊ ကျောင်းသား နှင့် NNER တို့ပါဝင်သည့် ၄ ပွင့်ဆိုင်တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့ နေပြည်တော်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

No comments:
Post a Comment