Thursday, February 5, 2015

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲ NLD ဦးစီး ကျင်းပမည်

ဆန်းဖြိုးထွန်း

ဖေဖော်ဝါရီ လ ၁၃ ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် အထိမ်းအမှတ် ကို ဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ် NLD ပါတီမှ ဦးစီးပြီး စာပေပြိုင်ပွဲနှင့် ဟောပြောပွဲများ ပြုလုပ်သွားမည်ဟု ပြည်နယ် ပါတီဥက္ကဌ ဒေါက်တာဒေါ်ခင်စည်သူက ကန္တာရ၀တီတိုင်း(မ်) သို့ဆိုသည်။

လွိုင်ကော်မြို့ရှိ အခြေခံပညာ ကျောင်းများတွင် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကဗျာရွတ် ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ကျင်းပပေးသွားမည်ဖြစ်ပြီး ကြောင်း လည်းဆိုသည်။

“သူ့(ဗိုလ်ချုပ်) လိုမျိုး နောက်လူငယ်တွေ အဲ့ဒီပုံစံလေး ဖြစ်စေချင်တယ် လူငယ်မဟုတ်လည်း လူကြီးတွေလည်းသူစိတ် ဓါတ်မျိုးရစေချင်တယ် အဲ့ဒါကြောင့် မသိတဲ့သူလည်း သိအောင် လုပ်တာပါ” ဟု ဒေါက်တာဒေါ်ခင်စည်သူက ပြောသည်။

လက်ရှိတွင် ပွဲဖြစ်မြောက်ရေးအတွက် ကော်မတီတခုကို ဖွဲ့စည်းထားပြီး နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ ကျောင်းသားများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ကြကြောင်း ဒေါက်တာ ဒေါ်ခင်စည်သူကဆိုသည်။

“ကျနော်တို့ ကရင်နီလူမျိုးတွေ နဲ့လည်းသူက အဆင်ပြေခဲ့တယ် ကလေးကော၊လူကြီးကော အကုန်လုံးပေါ့ မမေ့သင့်ဘူး။ ဒီလိုလုပ်တာ ကောင်းတယ် ကျနော်လည်း ပါဝင်သွားမယ် ”ဟု လွိုင်ကော်ဒေသခံ ဦးဌေးရယ်က ပြောသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်လည်း စာပေဟောပြောပွဲ တခုကို လွိုင်ကော်မြို့တော်ခန်းမ အတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး စာရေးဆရာ ဆရာနွမ်ဂျာသိုင်း၊ ဆရာ ထွဏ်းသွေးအိမ်၊ ဆရာ ချစ်စရာ(မန္တလေး) တို့ လာရောက်ဟောပြောမည် ဖြစ်ကြောင်းသိရသည်။

No comments: