Wednesday, March 4, 2015

ရခိုင်တွင် ပါတီသစ်ပေါ်


ရခိုင်ပြည်နယ်မှ ပါတီသစ် တစ်ခုသည် ရခိုင်မျိုးချစ်ပါတီ ( Arakan Patriotic Party –APP) အမည်ဖြင့် နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ ဖေဖော်ဝါရီလ လ ၂၇ ရက်နေ့က တင်လိုက်တာပါ။ လောလောဆယ်တော့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး မရွေးချယ်ရသေးဘူး။ ပါတီ ပေါ်လစ်ဗျူရို ၁၆ ဦးနဲ့ ဦးဆောင်သွားမှာပါ” ဟု ပါတီတာဝန်ရှိသူ တစ်ဦးက နိရဉ္စရာကို အတည်ပြု ပြောကြားသည်။

ယင်းပါတီ အနေဖြင့် ပါတီတည်ထောင်ခွင့်ကျပြီးမှသာ ပါတီကို စနစ်တကျ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းနောက်ပိုင်းမှ တရားဝင် ကြေငြာချက်များ ထုတ်ပြန်သွားမည်ဟု ဆိုသည်။

“ လောလောဆယ်တော့ မီဒီယာတွေကို ထုတ်ဖော် ပြောဆိုဖို့ အဆင်သင့် မဖြစ်သေးဘူး။ တိုင်ပင်ညှိနိုင်းတုန်းဘဲ ရှိပါသေးတယ်။ ပါတီကိုတော့ တည်ထောင်ခွင့်တင်ထားလိုက်ပြီဆိုတာတော့ ပြောနိုင်ပါတယ်” ဟု ဆိုသည်။

ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်အား ယခု ပါတီသစ် တစ်ခု ပေါ်ပေါက်လာသည့် အပေါ် မည်သို့ သဘောထားရှိပါသလဲ ဟု မေးမြန်းရာ ယခုလို ပြောဆိုသည်။

“ ဒီမိုကရေစီရဲ့ သဘောတရားအရ ပါတီတစ်ခု နောက်ထပ် ပေါ်ပေါက်လာတဲ့ အပေါ်မှာ ကြိုဆိုပါတယ်။ ဒါပေမယ့် ရခိုင်ပြည်သူ တစ်ရပ်လုံးက အမျိုးသား စည်းလုံးညီညွတ်ရေးကို လိုလားနေတဲ့ အချိန်မှာ ပါတီငယ်လေးတွေ ပေါ်ပေါက်လာတဲ့ အတွက် စည်းလုံးညီညွှတ်မှု အပိုင်းမှာ ထိခိုက်မှာကိုတော့ စိုးရိမ်မိပါတယ်” ဟု ပြောဆိုသည်။

No comments: