Wednesday, March 4, 2015

လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်း ပိတ်ဆို့တားမြစ်ခံရ

မင်းမင်း၊ နန်းမြင့်၊ အောင်ကိုဦး၊ စည်သူမောင်မောင်

ရန်ကုန်၊ မန္တလေး၊ ဧရာဝတီသပိတ်စစ်ကြောင်းများ အားဖြည့်ဆင်နွဲ

လက်ပံတန်းမြို့မှ ရန်ကုန်သို့ ဆက်လက်ချီတက်မည့် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်နေသည့် ကျောင်းသားပင်မ သပိတ်စစ်ကြောင်းသည် တည်းခိုသည့် အောင်မြေဗိမာန်ဘုန်းတော်ကြီးကျောင်းမှ ထွက်ခွာလာပြီး ကိုက် ၁၀၀ ခန့်အကွာတွင် ရဲတပ်သားနှင့် ရဲမေအင်အားငါးရာခန့်က မတ်လ ၃ ရက် နံနက် ၉ နာရီကပင် ပိတ်ဆို့တားမြစ်လိုက်သဖြင့် ကျောင်းသားထုနှင့် ရဲတပ်ဖွဲ့တို့ အကြား အဓိကရုဏ်းဖြစ်ပွားခဲ့သည်။

ထိုသို့ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့များက သုံးထပ်ကာရံပြီး လမ်းအပြည့်ပိတ်ဆို့ထားမှုကြောင့် မတ်လ ၃ရက် နံနက် ၁၁ခွဲတွင် ကျောင်းသား ၁၀၀ ကျော်နှင့် ဘုန်းတော်ကြီး ၁၁ ပါးတို့က တားမြစ်ထားသည့် နေရာမှာပင် သပိတ်စစ်ကြောင်း ပြန်ဖွင့်ပေးရန် ထိုင်သပိတ်ဖြင့် အစာငတ်ခံဆန္ဒပြ ခဲ့ကြသည်။

ထိုသို့ ပင်မသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အင်အားသုံး တားမြစ်ပိတ်ဆို့ခဲ့ခြင်းကြောင့် မန္တလေး နှင့် ရန်ကုန်မြို့ရှိ ဆန္ဒပြကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ထိုနေ့ ညနေမှာပင် ပြုလုပ်ခဲ့ကြသည်။

မေလ ၃ ရက် နံနက် ၉ နာရီခွဲက ပင်မသပိတ်စစ်ကြောင်းသည် တည်းခိုရာအောင်မြေဗိမာန် ဘုန်း တော်ကြီးကျောင်း ကြွေးကြော်သံများဖြင့် စတင်ထွက်ခွာခဲ့ပြီး မိနစ်ပိုင်းအနည်းငယ်အတွင်းမှာပင် ရဲတပ်ဖွဲ့က တားဆီးပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

ကျောင်းသားခေါင်းဆောင်တစ်ဦးက လောစပီကာဖြင့် “ရဲတွေဖယ်မပေးရင် ဆရာတော်တွေ ဆန္ဒပြမယ်ပြောနေပြီ။ ကျောင်းသားတွေရဲ့ သဘောကကော ဘယ်လိုရှိလဲ” ဟု ပြောကြားနေချိန်၊ သပိတ်မှောက်ကျောင်းသားများကလည်း “သဘောတူတယ်” ဟု သံပြိုင်ဟစ်အော်ကာ တားမြစ်ခံ ထားရသည့် နေရာမှာပင် စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ထိုင်သပိတ်ဆင်နွှဲနေစဉ် သပိတ်မှောက်ကျောင်းသားများက ကျောင်းသားတော်လှန်ရေးသီ ချင်းများကို အသံချဲ့စက်ဖွင့်ပြီး ကြွေးကြော်ခဲ့သလို ရဲတပ်ဖွဲ့များကလည်း သွားခွင့်မပြုကြောင်း ကြိုတင် အသံသွင်းပြီးဖြစ်သည့် အသံချဲ့စက်ဖြင့် တုန့်ပြန်ခဲ့သည်။

ခြောက်နာရီအတွင်း လူစုမခွဲပါက ဥပဒေအရ အရေးယူမည်ဟုလည်း ထိုနေ့နံနက် ၁၀နာရီ ကျော် တွင် သတိပေးခဲ့သည်။

ထို ညနေတွင် တည်ငြိမ်သည့် အနေအထားဖြင့် ကျောင်းသားများက ထိုင်သပိတ်ဖြင့် ဆန္ဒပြ နေသကဲ့သို့ ပိတ်ဆို့ထားသည့်ရဲတပ်ဖွဲ့ကလည်း အသင့်အနေအထားဖြင့်သာ ပိတ်ဆို့ထားလျက်ရှိခဲ့သည်။

ထိုနေ့ ညနေ လေးနာရီတွင် သပိတ်မှောက် ကျောင်းသားခေါင်းဆောင်သုံးဦးနှင့် ပဲခူးတိုင်း၊ နယ် လုံဝန်ကြီး ဦးသက်ထွန်း နှင့် လက်ပံတန်းမြို့ရှိ တန်၂၅၀ဆန်စက်တွင် နှစ်ရာရီကျော်ကြာ ဆွေးနွေး ခဲ့ကြသည်။ သို့သော် ဆွေးနွေးမှုရလဒ် တစ်စုံတစ်ရာပင် ညှိမရခဲ့ဟု ဆိုလေသည်။

“နယ်လုံကဘက်ကလည်း ဒီက မထွက်ရေးပဲ အခြေခံညှိတယ်။ ကျွန်တော်တို့ကလည်း ဟိုသွားရေးပဲပြောတယ်” ဟုဆိုကာ “ထူးခြားတာတော့ နယ်လုံဝန်ကြီးက ခါတိုင်းက အရပ်ဝတ်နဲ့ ဆွေးနွေးတယ်။ ဒီနေ့တော့ စစ်ယူနီဖောင်းနဲ့ ဆွေးနွေးတယ်” ဟု နယ်လုံဝန်ကြီးနှင့် သွားရောက် ဆွေးနွေးခဲ့သည့် သပိတ်ခေါင်းဆောင် ကိုနန္ဒာစစ်အောင်က မဇ္ဈိမကို ပြောသည်။

ညှိနှိုင်းမှုတစ်စုံတစ်ရာမရပါက “ဖယ်မပေးမချင်း ထိုင်နေမှာပဲ” ဟုလည်း ၎င်းက ဆိုသည်။

ထိုင်သပိတ်ဖြင့် အစာငတ်ခံဆန္ဒပြနေစဉ် သပိတ်မှောက်ကျောင်းသူတစ်ဦး မူးလဲခဲ့သလို လုံခြုံရေးရဲတပ်ဖွဲ့တစ်ဦးမှာ လည်း သတိလစ်မူးလဲခဲ့သေးသည်။

ထိုနေ့ ည ၈နာရီခွဲအချိန်အထိ ရဲတပ်ဖွဲ့ဘက်က အကြမ်းဖက်မှုတစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မရှိသကဲ့သို့ ဆန္ဒပြ ကျောင်းသားများကလည်း ထိုင်သပိတ်ဖြင့် ဆက်လက်ဆန္ဒပြလျှက်ရှိနေသည်။

သပိတ်မှောက်ပင်မစစ်ကြောင်း၏ ဦးတည်ချက်မှာ လက်ပံတန်းမှတစ်ဆင့် သာယာဝတီသို့ လမ်းလျှောက်ချီ တက်ပြီး နောက်တစ်ရက်တွင် ရန်ကုန်သို့ ကားဖြင့်ထွက်ခွာကာ ရွှေတံဂုံစေတီ သို့မ ဟုတ် ရန်ကုန်တက္ကသိုလ်တွင် လူစုခွဲကာ နေရပ်အသီးသီးပြန် ပြန်ကြရန်ဖြစ်သည်။

သို့သော် ရန်ကုန်သို့ဝင်ရောက်ခွင့်မပြုဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ပြီးနောက် လက်ပံတန်းမြို့တွင် အင်အားသုံး ပိတ်ဆို့ခံခဲ့ရခြင်းဖြစ်သည်။


မန္တလေးမြို့ ကျောင်းသားသပိတ်ကြောင်း ပိတ်ဆို

ထားမှု ကန့်ကွက်ဆန္ဒပြပွဲလက်ပံတန်းတွင် ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား အကြမ်းဖက်တားဆီးသည်နှင့်ပတ်သက်၍ မတ်လ ၃ ရက် မွန်းလွဲ ၃ နာရီတွင် မန္တလေးမြို့ ၂၆လမ်းနှင့်၇၁ လမ်းထောင့် ကျုံးဘေးတွင် ကျောင်းသူကျောင်း သားများ၏ မိဘများနှင့်အရပ်ဘက်အဖွဲ့အစည်းများ၊နိုင်ငံရေးအင်အားစု တို့မှစုပေါင်း၍ အင်အား ၃၀ ဦးဖြင့် ထိုင်သပိတ်ပြုလုပ်ခဲ့သည်။

ထိုသို့ ထိုင်သပိတ်ပြုလုပ်နေသဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး မှ လာရောက်တားဆီးမှုများ ပြုလုပ်ခဲ့သည်။

"အခုလိုလုပ်တာဟာ တရားဥပဒေချိုးဖေါက်တာဖြစ်တဲ့ ဥပဒေကြောင်းအရပဲအရေး ယူဆောင် ရွက် သွားမှာ ဖြစ်ပါတယ်။ ကဲဟုတ်ပါပြီ ဒီမှာရှိတဲ့အဖွဲ့တွေ အချုပ်ကားလေးလည်းရောက်ပါပြီး အချုပ်ကားလေးပေါ် တက်ပေးပါ။"ဟု ၄င်းက ထိုင်သပိတ်ပြုလုပ်သူများသို့ ပြောခဲ့သည်။

ထိုသို့ပြောဆိုသောကြောင့် ဆန္ဒပြသူများက ဆက်လက်ပြခွင့်ပြုရန် ညှိုနှိုင်းမှုများပြုလုပ်သော်လည်း အဆင်ပြေမှုမရှိဘဲ ဆန္ဒပြ မှုကို ညနေ ၄ နာရီ တွင် လူစုခွဲခဲ့သည်။

ထိုင်သပိတ်ပြုလုပ်သည့်နေရာသို့ ရဲအင်အား ၈၀ ကျော်နှင့်အချုပ်ကားနှစ်စီးတို့ဝိုင်းရံခဲ့ပြီး လူစုခွဲခိုင်းခဲ့သည်။

ရန်ကုန်ရှိ မြို့တော်ခန်းမရှေ့က ဆန္ဒပြပွဲ

အမျိုသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ချီတက်နေသော ဒီမိုကရေစီပညာရေး စစ်ကြောင်း တားဆီးပိတ်ဆို့ထားခြင်းကို ကန့်ကွက်ကြောင်း လူအင်အား ၅၀ကျော်ဖြင့် ရန်ကုန်မြို့၏ မြို့တော်ခန်းမရှေ့တွင် မတ်လ ၃ရက် ညနေ ၄ နာရီခန့်က ပြုလုပ်ခဲ့ကြသည်။

အဆိုပါဆန္ဒဖော်ထုတ်ရာတွင် တက္ကသိုလ်ကျောင်းသားများ၊မိဘများနှင့် အရပ်ဘက်အဖွဲ့ အစည်းများက ပါဝင်ဆန္ဒဖော်ထုတ်ခဲ့ခြင်းပြီး ကျောင်းသားထုကို လုံးဝ အကြမ်းမဖက်ရ၊ ကျောင်းသား ထုကို ၀န်းရံကြ၊ အကြမ်းဖက်မှုချက်ချင်းရပ်စသည်တို့ကို ဆိုင်းဘုတ်များကိုင်ဆောင် တောင်းဆို ခဲ့ကြ သည်။

ထိုသို့ ဆန္ဒထုတ်ဖော်နေစဉ် ကျောက်တံတားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်ဦးဆောင်သူများ ရောက်ရှိလာပြီး 'လူစုလူဝေးမလုပ်ရန် အသိပေးပြီး စာမေးပွဲကာလဖြစ်သဖြင့် ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်မှုကို သတိပေးခြင်းဖြစ်သည်ဟုလည်း ဆန္ဒထုတ်ဖော်နေသူများကို ပြောကြားခဲ့သည်။

ဧရာဝတီဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကလည်း လက်ပံတန်းလုပ်ရပ်အပေါ် ကြေညာချက်ထုတ်

ဧရာဝတီ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းသည် မတ်လ ၃ ရက်တွင် “ပင်မစစ် ကြောင်းအပေါ် ၆နာရီအတွင်းလူစုခွဲရေး သတိပေးချက်အား ချက်ခြင်းရုတ်သိမ်းပြီး အကြမ်းဖက်ခြင်းလုံးဝ လုံးဝမပြုလုပ်ရန် အထူးသတိပေးသည်”သည်အချက် ၆ချက်ပါ ကြေငြာချက် အား ထုတ်ပြန်ခဲ့သည်။

ဧရာဝတီ ပညာရေးသပိတ်စစ်ကြောင်းမှာ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲပြီးနောက် သပိတ်ရပ်နားပြီး အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအား စောင့်ကြည့်ရန် မအူပင်နှင့်ပုသိမ်မြို့ များတွင် သပိတ်စောင့်ကြည့်ရေး စခန်းများ ဖွင့်လှစ်ထားခဲ့သည်။

No comments: