Sunday, March 1, 2015

မလေးရှားဆီအုန်းကုမ္ပဏီ MSPP လုပ်ကွက် ဆက်လက် မတိုးချဲ့ရန် ဒေသခံများ လိုလား

သစ်နေမိုး

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ မလေးရှားနိုင်ငံပိုင် ဆီအုန်းကုမ္ပဏီဖြစ်သော MSPP ကုမ္ပဏီ၏ ဆီအုန်းစိုက်ခင်းများ အတွက် လုပ်ကွက် တိုးချဲ့ခုတ်ထွင် ရှင်းလင်းနေခြင်းကို ဆက်လက် မလုပ်ဆောင်စေလိုကြောင်း ဒေသခံများက ပြောသည်။

ကုမ္ပဏီ၏ ဆီအုန်း စိုက်ခင်းဧရိယာ တိုးချဲ့ လုပ်ကိုင်လာသည့် ဖြစ်စဉ်တွင် ဒေသခံများ လုပ်ကိုင် စားသောက်နေသည့် ဥယျာဉ်ခြံမြေ ဧရိယာများ ပါဝင်မှု ရှိလာကြောင်းနှင့် ရေရှည်တွင် ၎င်းတို့ လုပ်ကိုင်စားသောက်ရန် အခက်တွေ့လာမည်ကို စိုးရိမ်ကြောင်း ၎င်းတို့က ပြောသည်။

ကုမ္ပဏီလုပ်ကွက် ဧရိယာနှင့် ဆက်နွှယ်နေသော ကျေးရွာများ၏ ဦးဆောင်သူတဦးဖြစ်သည့် ဦးအေးထွန်းက “လုပ်ငန်းကို ဆက်မလုပ်ဖို့ တောင်းဆိုချင်တယ်။ လက်ရှိအတိုင်းပဲ ထားစေချင်တယ်။ အစိုးရကချပေးတဲ့ ဧရိယာအတိုင်း လုပ်မယ်ဆိုရင် ဘာမှကျန်မှာ မဟုတ်တော့ဘူး။ အခုရှင်းထားသလောက်နဲ့ပဲ ရပ်စေချင်တယ်” ဟု ပြောသည်။

ကုမ္ပဏီ၏ လက်ရှိလုပ်ကိုင်နေသော ဧရိယာတွင် ဘောစနွင်းရွာ ၁ ရွာတည်းသာ ပါဝင်နေသော်လည်း တခြား ရွာများဖြစ်သည့် သိမ်ပြင်၊ ပိန်းချောင်း၊ ပျဉ်းကတိုး၊ က၀က်၊ သာရဘွင်၊ စွယ်ချောင်း၊ ကော့မပြင်း စသော ကျေးရွာများမှ လုပ်ကိုင်နေကြသည့် ဥယျာဉ်ခြံ၊ သီးပင်စားပင်မြေများ ပါဝင်နေကြောင်း အဆိုပါဒေသခံများက ပြောသည်။

ဒေသခံ ဘောစနွင်း ရွာသားတဦးဖြစ်သူ ဦးမြင့်နိုင်က “ကုမ္ပဏီဝင်လာကတည်းက ရွာသားတွေကို ဆွေးနွေးတာ မရှိဘူး။ လုပ်ကွက်ဧရိယာမှာ ဘောစနွင်းတရွာတည်း ပါနေတယ်ဆိုပေမယ့် တခြားရွာတွေက ဥယျာဉ်ခြံမြေတွေ ပါသွားတာ” ဟု ပြောသည်။

သို့သော် ရွာသားများအနေဖြင့် ဥယျာဉ်ခြံမြေများ ပါဝင်သွားသည် ကိစ္စနှင့် ပတ်သက်၍ စာရင်းဇယားနှင့် လာရောက် တင်ပြပြီး ကုမ္ပဏီဘက်သို့ ညှိနှိုင်းမှုများ ယနေ့အချိန်အထိ မရှိသေးကြောင်း၊ လာရောက်ညှိနှိုင်း ဆွေးနွေးမှုများ ရှိလာပါက ကုမ္ပဏီဘက်မှ ပြေလည်အောင် ဖြေရှင်းပေးသွားရန် အသင့် ရှိကြောင်း MSPP ကုမ္ပဏီ မန်နေဂျာ ဦးအောင်မင်းသူက ပြောသည်။

၎င်းက “သူတို့ဘက်နေပြီး ကျနော့်ဧကဟာ ဘယ်နှဧက ရှိပါတယ်။ ဒါကို ချန်လှပ်ပေးပါပေါ့။ ဒါမှမဟုတ် ဒီဧရိယာကို ကျနော်တို့ မလုပ်လိုတော့ဘူး၊ ကုမ္ပဏီကို လွှဲပြောင်းပေးလိုက်မယ်။ ဒါကိုဘယ်လို ညှိနှိုင်းမလဲပေါ့။ အဲဒီလို ကမ်းလှမ်းမှု လုပ်တဲ့စာ ကျနော့်ဆီ တစောင်မှ မရောက်သေးဘူး” ဟု ပြောသည်။

ယင်းသို့ ကမ်းလှမ်း ဆွေးနွေးမှုများအတွက် ကုမ္ပဏီဘက်မှ အဆင်သင့်ရှိနေကြောင်း၊ ၎င်းတို့ စီမံကိန်းအနေဖြင့်လည်း ဒေသခံများနှင့်ပိုမို အဆင်ပြေမှသာ လုပ်သား လိုအပ်ချက်မှအစ ရေရှည် လုပ်ဆောင်မှုအတွက်ပါ အကျိုးရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးအောင်မင်းသူက “သူတို့အနေနဲ့ ကျနော်တို့ အခုလက်ရှိ စိုက်နေတဲ့ နေရာမှာရော၊ တခြား ကျန်နေတဲ့ နေရာမှာရော သူတို့ရဲ့ ဥယျာဉ်ခြံမြေ ရှိပါတယ်လို့ တရားဝင် ကျနော်တို့ဆီ စာပို့မယ်ဆို ကျနော်တို့က သူတို့နဲ့ ညှိနှိုင်းဖို့ အသင့်ရှိတယ်။ ကျနော်တို့ လုံးဝ မထိဘူး၊ ကျနော်တို့ ဧက သောင်းချီလုပ်တဲ့နေရာမှာ ဧက ၁ ထောင် ၂ထောင်လောက် ရွာအတွက် ချန်ပေးရတာ ကျနော်တို့ ဘာအခက်အခဲ ဖြစ်မှာလဲ။ ဘာမှ အခက်အခဲမရှိဘူး။ နောက်တနည်း ပြောမယ်ဆိုရင် အလုပ်သမားတောင်ရဦးမှာ” ဟု ပြောသည်။

MSPP ကုမ္ပဏီသည် မလေး-မြန်မာ ဖက်စပ်လုပ်ကိုင်နေသည့် ဆီအုန်းကုမ္ပဏီတခုဖြစ်ပြီး မလေးနိုင်ငံဘက်မှ ၉၅ ရာခိုင်နှုန်း မြန်မာအစိုးရဘက်မှ ၅ ရာခိုင်နှုန်းပါဝင်က ရင်းနှီးမြှုပ်နှံမှုအတွက် သဘောတူလုပ်ကိုင်နေသည့် လုပ်ငန်းဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ခွင့်ပြုချက်ဖြင့် မြေဧက ၃၈၀၀ အပေါ်တွင် ဆီအုန်းစိုက်ခင်းနှင့် ဆီးကြမ်းစက်ရုံ တည်ဆောက်ရန် ၂၀၁၁ တွင် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၆ သန်းရှိ စီမံကိန်းဖြစ်ကာ လက်ရှိတွင် ဒေါ်လာ ၁၂ သန်းခွဲခန့် မြှုပ်နှံပြီး ဖြစ်ကြောင်း ကုမ္ပဏီဘက်မှ အချက်အလက်များအရ သိရသည်။ လက်ရှိအချိန်တွင် ကုမ္ပဏီအနေဖြင့် ဆီအုန်းစိုက်ခင်းဧက ၂၂၂၁ ဧက စိုက်ပျိုးပြီးဖြစ်ပြီး ဆက်လက် ချဲ့ထွင်ရန်အတွက် တောခုတ်ရှင်းလင်းခြင်းကို လုပ်ဆောင်နေသည့် အခြေအနေ ဖြစ်သည်။

MSPP ဆီအုန်းကုမ္ပဏီ အနေဖြင့် ၎င်းတို့ လက်ရှိ လုပ်ပိုင်ခွင့် ရရှိထားသော ဧက ၃၈၀၀ ကို ဆက်လက် လုပ်ကိုင်နေပြီး ထပ်မံတိုးချဲ့ လုပ်ကိုင်ရန်အတွက် ဧက ၄၂၀၀ ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ခွင့်ပြုမိန့်တောင်းခံထားပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိ MSPP ကုမ္ပဏီနှင့် မြေယာပြသနာ ဖြစ်ပွားနေသော ဒေသခံ ကျေးရွာများမှာ ယခင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရစစ်တပ်တို့ ပဋိပက္ခဖြစ်ပွားရာ နယ်မြေများဖြစ်သဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များနည်းတူ ရွာပစ်၊ အိမ်ပစ် ပုန်းရှောင်လေ့ရှိကြသည့် နေရာများ ဖြစ်သည်။

ထို့အတူ ၎င်းတို့ ဒေသခံ တိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်မှုနှင့် ပတ်သတ်သည့် ယူဆမှုမှာ ကိုယ်တိုင် ခုတ်ယူ ရှင်းလင်းထားသည့် တောင်ယာသည် ကိုယ့်မြေဖြစ်ပြီး ကိုယ့်မျိုးဆက်အတွက် ပိုင်ဆိုင်သည့် မြေသာဖြစ်သည်ဟု ယူဆကြကြောင်း ဒေသခံတိုင်းရင်းသားတို့က ပြောသည်။

ယင်းသို့သော အခြေအနေများတွင် တိုင်းရင်းသားများ၏ ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအရ မြေအသုံးချမှုနှင့် ပတ်သက်၍ အကာအကွယ်ပေးမည့် အချက်များ အမျိုးသား မြေယာမူဝါဒတွင် ပါရှိရန် လိုအပ်နေပြီဖြစ်သည်ဟု ဖွံ့ဖြိုးရေးကွန်ရက်နှင့် တိုင်းရင်းသားများ ရိုးယာဓလေ့ မြေယာကာကွယ်ရေးကော်မတီ အဖွဲ့ဝင်များ စုစည်း၍ ထုတ်ပြန်ချက်များ ထွက်ရှိခဲ့ဖူးသည်။

မြန်မာနိုင်ငံ၏ လက်ရှိထွက်ပေါ်ပြီးဖြစ်သော အမျိုးသားမြေယာအသုံးချမှု မူဝါဒမူကြမ်းတွင် ယင်းကဲ့သို့သော အချက်များ မပါရှိသကဲ့သို့ စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်လည် ရောက်ရှိသည့်အခါ နေထိုင်နိုင်ရန် နေရာအတွက် ထည့်သွင်း စဉ်းစားထားသည့် မူများလည်း မပါရှိသည့်အတွက် အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြသည်။

No comments: