Thursday, May 28, 2015

ပန်ဆန်း သို့မဟုတ် “ဝ” မြို့တော်

နန်းလွင်နှင်းပွင့်

လွန်ခဲ့သည့် ၄၅ နှစ်ကျော်က “ဝ” တောင်တန်း ဒေသတွေကနေ မေမြို့ (ပြင်ဦးလွင်) သို့ ကျောင်းသွားတက်ခဲ့သည့် “ဝ” တိုင်းရင်းသားလေးကို သူငယ်ချင်း များက “မင်းတို့က ခေါင်းဖြတ်တဲ့လူတွေ၊ လူသားစားတဲ့သူတွေ” ဆိုပြီး ဖယ်ကြဉ် ခံခဲ့ရသည့် သူ့ဘဝအစိတ်အပိုင်းကို ဒီကနေ့ထိမမေ့နိုင်။ မိဘက အမြတ်တနိုး ပေးထားသည့် ဆမ်ခွန်းဆိုသည့် နာမည်ကို မခေါ်ဘဲ “ဝလေး၊ ဝလေး” လို့ ခေါ်ပြီး ရွယ်တူ ကျောင်းသူ/သားများက အထူးတဆန်းလာလာ ကြည့်ခဲ့သည်တို့ကို သတိရနေဆဲဖြစ်သည်။

ရွယ်တူကျောင်းသားများက သူ့ကို ကစားဖို့ မခေါ်ဘဲ စနောက်ခံရလွန်းသည့် ဆမ်ခွန်းက “ခေါင်းဖြတ်တယ်၊ လူသားစားတယ်လို့ ဝိုင်းစလွန်းလို့ တနေ့ ဂေါ်ရခါးဓားကောက်ကြီးကိုင်ပြီး စပြီဆိုတာနဲ့ နင်တို့အသားကို ငါတကယ်စားမှာနော် ခုတ်လိုက် မယ်လုပ်တော့ နောက်မစရဲကြတော့ဘူး” ဟု ၄၅ နှစ်ကျော်က အမှတ်တရတချို့ကို ဦးဆမ်ခွန်းက ပြန်ပြောင်းပြောပြသည်။

လက်ရှိတွင် ဆမ်ခွန်းမှာ အသက် ၆၀ အရွယ် ဦးဆမ်ခွန်း ဖြစ်နေပြီ။ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ပြင်ပဆက်ဆံရေးရုံး၊ ဒုဌာနကြီးမှူး တာဝန်ယူထားသူဖြစ်သည်။

“ဝ” မျိုးနွယ်စုများသည် အခြေခံအားဖြင့် မြန်မာ နိုင်ငံမြောက်ပိုင်း၊ ရှမ်းပြည်နယ်၊ မြန်မာ-တရုတ် နယ်စပ်ရှိ ထူထပ်လွန်းသည့် တောင်တန်းများပေါ် တွင် နေထိုင်ကြသည်။

ယခင်က တောထူထပ်သည့် တောင်ပေါ်တွင် တဲပုတ်ကလေးတွေဖြင့် နေထိုင်ကြသည့် “ဝ” တို့မှာ ယခု တိုက်အိမ်များပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြပြီ ဖြစ်သည်။ “ဝ” ဒေသရှိ ရွာဟုခေါ်တွင်သည့် နေရာ များတွင် တဲအိမ်၊ ပျဉ်ထောင်အိမ်မှာ ရှာရခက်နေပြီ ဖြစ်သည်။

ဟိုယခင် ဆမ်ခွန်းနှင့် ကျောင်းနေဖက် သူငယ် ချင်းများ နွေရာသီကျောင်းပိတ်ချိန် အိမ်သို့ ပြန်လာ ပြီဆိုလျှင် “ဝ” တောင်တန်းတလျှောက်တွင် ရွာရှိ သည့် နေရာအချို့မှလွဲ၍ တောအုပ်ချည်းသက်သက် ဖြစ်သည်။ လယ်ကွင်းပြင်ကြီး တနေရာတွင် တဲအိမ် လေး နှစ်လုံးသာ ထီးထီးရှိပြီး ရွာနှင့်လည်း ဝေး၊ ခေါ်၍ အော်၍ မကြားနိုင်သည့်နေရာ ဖြစ်သဖြင့် ကြောက်လွန်း၍ ပြေးလွှားပြန်ခဲ့ရသည့် အချိန်များ လည်း ရှိသည်ဟုဆိုသည်။

ထိုအချိန်က တဲအိမ်လေး နှစ်လုံးသာရှိသည့် နေရာမှာ ယခု “ဝ” ပြည်သူ့အစိုးရ၏ မြို့တော် ပန်ဆန်းမြို့ဖြစ်ပြီး တိုက်အိမ်ပေါင်း မြောက်မြားစွာဖြင့် လူဦးရေ ၆ သိန်းက မှီခိုနေထိုင်နေပြီဖြစ်သည်။ ၇၅ ရာခိုင်နှုန်းမှာ “ဝ” လူမျိုးများဖြစ်ပြီး ကျန် ၂၅ ရာခိုင် နှုန်းမှာ အခြား တိုင်းရင်းသားများနှင့် တရုတ်များ နေထိုင်ကြသည်။

ပန်ဆန်းမြို့တွင် “ဝ” ဘာသာစကားနှင့် တရုတ်ဘာသာစကားကို အဓိက အသုံးပြုကြသည်။

ပန်ဆန်းမြို့မှာ မြို့အင်္ဂါရပ်နှင့် ကိုက်ညီစေရန် လမ်းများ၊ ရေမြောင်းများကို ဖောက်လုပ်နေဆဲဖြစ်ပြီး ပန်ဆန်းမြို့မှ အခြားဒေသများ၊ မြို့များသို့ ဆက် သွယ်ရန် လမ်းဖောက်လုပ်မှုမှာလည်း ၇၀ ရာခိုင်နှုန်း ခန့် ပြီးစီးနေပြီဖြစ်သည်။

လမ်းဖောက်လုပ်ရာတွင် တောင်တန်းဒေသဖြစ် သည့်အလျောက် တောင်နံရံများကို လမ်းဖောက်စက် များဖြင့် ထုထွင်းကာ ဖောက်လုပ်ရသည်။ တောင် ကြောပေါ်ရှိ လမ်းတိုင်းမှာ ကျဉ်းမြောင်းမနေ၊ နှစ်လမ်းသွားများဖြစ်ပြီး လမ်းဘေးရှိ တောင်နံရံများ၊ မြေသားများ မပြိုကျနိုင်စေရန်လည်း အင်္ဂတေများ၊ အုတ်သားများဖြင့် ပံ့ပိုးပေးထားသည်ကို တွေ့ရ သည်။

အစိုးရနှင့် “ဝ” တောင်တန်း နေထိုင်သူတို့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးခင်က ပန်ဆန်း မှာ တောကြီးမျက်မည်း ဖြစ်သည်။ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူလိုက်သည့် ၁၉၈၉ ခုနှစ်တွင် “ဝ” တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ် ပေးပြီးနောက် “ဝ” တို့သည် ပန်ဆန်းကို မြို့အဖြစ် စတင်ထူထောင်ခဲ့ကြသည်။

ဖွံ့ဖြိုးတိုးတက်ရေးကို မနားမနေ လုပ်ခဲ့ကြသည်။ ယနေ့ထိလည်း နံနက်မိုးလင်းသည်နှင့် “ဝ” အုပ်ချုပ် ရေးအဖွဲ့ဝင်၊ “ဝ” စစ်သားများက လမ်းဖောက်သူက ဖောက်၊ လမ်းခင်းသူက ခင်း၊ ရေမြောင်းဖော်သူက ဖော်၊ ကိုယ်စီ အလုပ်ရှုပ်နေကြသည်ကို တွေ့ရသည်။ လမ်းခင်းသည့်အခါတွင် မြန်မာနိုင်ငံပြည်မရှိ မြို့ကြီး များကဲ့သို့ လူအင်အား အများအပြား အသုံးမပြုကြ ဘဲ လမ်းခင်းစက်ကြီးဖြင့် ခင်းကြပြီး လူ ၁၀ ယောက် လောက်ဖြင့်သာ အလုပ်လုပ်နေကြသည်။

ပန်ဆန်းမြို့တွင် ၅ ရက်တဈေး (၅ ရက်လျှင် တကြိမ်ရောင်းသည့်ဈေး) ရှိပြီး ဈေးနေ့ဆိုလျှင် တောင်ပေါ်မှ ဈေးသည်များက ပန်ဆန်းဈေးထဲသို့ ကြက်၊ ဝက်၊ တောကြက်ဥ၊ ပျားရည်၊ ဆေးဖော်စပ် ရန် တောကောင်များနှင့် ခြံစိုက်သီးနှံများကို လာ ရောက်ရောင်းချကြသည်။ တခါတရံ အမဲလိုက်မုဆိုး များ ရလာတတ်သည့် ချေ၊ ဆတ်နှင့် သင်းခွေချပ်တို့ ကိုလည်း ဈေးဗန်းများတွင် တွေ့ရသည်။

ထိုဈေးတွင် ကြက်၊ ဝက်တို့ကို အသားတစ်လိုက် မတွေ့ရ၊ အသက်ရှိ ကြက်၊ ဝက်တို့ကို နှီးအိတ်များ အတွင်းထည့်ကာ ရောင်းချကြသည်။ ဈေးဝယ်သူ များကလည်း အိတ်အတွင်းရှိ ကြက်အရှင်၊ ဝက် အရှင်များကို မိမိစိတ်ကြိုက်ရွေးယူ၊ ကီလိုဖြင့် ချိန် တွယ်ပြီး အိမ်ရောက်မှသာ ချက်ပြုတ်စားကြသည်။ ဒေသခံတဦးဖြစ်သူ မယနန်းဆွန်းက “ဒီမှာ အဲဒီ အရှင်တွေပဲဝယ်ပြီး အိမ်ရောက်မှ ပေါ်စားတယ်၊ လတ်လတ်ဆတ်ဆတ်ပဲ စားကြတယ်” ဟု ရှင်းပြ သည်။

ဈေးနေ့တွင် တောင်ပေါ်မှ ဈေးလာရောင်းကြ သူများမှာ “ဝ” ရိုးရာဝတ်စုံဖြစ်သည့် ငွေရောင် ဘော်စေ့များဖြင့် အလှဆင်ထားသည့်အင်္ကျီ၊ လက်ဖြင့် ရက်လုပ်သည့် ရိုးရာချည်ထည် ထဘီ (သို့) စကပ်၊ ငွေလည်ဆွဲ၊ ရောင်စုံပုလဲစေ့ ဆွဲကြိုး၊ နားတောင်းများ ဝတ်ဆင်ထားပြီး ငွေဆေးတံကို ပါးစပ်တွင်ခဲပြီး ဈေး ရောင်းကြသည်။ ဈေးလာဝယ်သူများကတော့ ခေတ်မီ အဝတ်အစားများကို အပြိုင်အဆိုင် ဝတ်ထားကြ သည်။

“ဝ” တို့မှာ ရှေးကျလွန်းသည့်အချိန်က အုပ်ချုပ် သူမရှိ နေထိုင်ခဲ့ကြပြီး ၁၉၇၁ ခုနှစ်တွင် “ဝ”တောင်တန်းဒေသသို့ ရောက်ရှိလာသည့် အရင်းရှင် စနစ်ကို ဖြုတ်ချ၍ လူတန်းစား တန်းတူရေးဝါဒကို ဆုပ်ကိုင်သည့် ဗကပ၏ခေါင်းဆောင် သခင်ဗသိန်းတင်နှင့်အဖွဲ့ကို ၎င်းတို့နယ်မြေကို ရိုးသားစွာ ထိုးအပ်ခဲ့ ကြသည်။ ဗကပတို့အုပ်ချုပ်မှုကို ခံခဲ့သည်။ ဗကပတို့ အတွက် ရှေ့တန်းတွင်တိုက်ပွဲဝင်ခဲ့ရသည်။ အသက် များစွာ ပေးဆပ်ခဲ့ရသည်။

ထိုစဉ်က ဗကပတို့ကို နယ်မြေပေးအပ်လိုက်ခြင်း မှာ မှားယွင်းသည့်ဆုံးဖြတ်ချက်ဟု “ဝ” သမိုင်းပြုစုရေး ကော်မတီက ရေးသားထားသည့် ဝသမိုင်းစာအုပ် တွင် ရေးသားထားသည်။

၁၉၈၉ ခုနှစ်တွင် “ဝ” တို့သည် ဗကပမှ ခွဲထွက်လိုက်ပြီး ရန်ကုန်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူလိုက်သည်။ “ဝ” တို့က အစိုးရထံတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်ပေးရန် တောင်းဆိုခဲ့သော် လည်း အစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သာ သတ်မှတ်ပေးခဲ့သည်။ “ဝ” တို့က ၎င်းတို့နယ်မြေ ကို အလုံးစုံ စီမံခန့်ခွဲနိုင်ရေးအတွက် ယခုအထိ ပြည်နယ်အဆင့် တိုးမြှင့်သတ်မှတ်ပေးရန် အစိုးရထံ တွင် တောင်းဆိုနေဆဲဖြစ်သည်။

ဗကပတို့ အခြေချခဲ့သည့် အိမ်များနှင့် ဗကပ ရုံးချုပ်တို့မှာ ပန်ဆန်းမြို့ ၊ မြို့ပြင်တနေရာ တရုတ် နိုင်ငံနှင့် ချောင်းခြားထားသည့်နယ်စပ်တွင် ယနေ့ထိ ရှိနေဆဲဖြစ်သည်။ အဆောက်အအုံများမှာ လူမနေ တာ ကြာမြင့်နေပြီဖြစ်သဖြင့် ဖုန်များ၊ သစ်ရွက် ခြောက်များ၊ ချုံနွယ်များနှင့် အပြည့်ပင်။ ဗကပတို့ အသုံးပြုခဲ့သည့် ခုတင်၊ ဗီရိုများက သူ့နေရာတွင်ပင် ယိုင်လဲဆွေးမြည့်နေသည်။ ဗကပတို့၏ အရေးကြီး သတင်းအချက်အလက်များ၊ အဖွဲ့အစည်းဆိုင်ရာ မှတ်တမ်းများ သိမ်းဆည်းရာ စာရွက်စာတမ်း သို လှောင်ရုံရှိ ဗီရိုကြီးများမှာလည်း ပြိုလဲလို့ ထူမယ့်သူ မရှိ။

ဗကပရှိစဉ်က ဆရာဝန်တာဝန် ထမ်းဆောင် ခဲ့ပြီး လက်ရှိတွင် UWSA မှ ဆရာဝန်ကြီးဖြစ်သူ ဒေါက်တာ ထွန်းကြည်က “ဒီအိမ်တွေ၊ ရုံးခန်းတွေကို ပြင်ဖို့လုပ်ဖူးသေးတယ်၊ နောက်တော့ ရပ်ထားလိုက် တယ်၊ ဒါတွေကို UWSA က ပြင်မှာပါ၊ နောက် လာလေ့လာလို့ရတဲ့ နေရာတနေရာဖြစ်အောင် လုပ် သွားဖို့လည်း အစီအစဉ်ရှိတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံနှင့် နမ့်ခအမည်ရှိ ချောင်းတခုသာ ခြားထားသည့် “ဝ” ဒေသသည် စီးပွားရေးပိုင်း ဆိုင်ရာတွင် တရုတ်ကို အထိုက်အလျောက် မှီခိုနေရ သော်လည်း “ဝ”တို့ကား တရုတ်ထုတ်ပစ္စည်းများကို အရည်အသွေးမမီဟုဆိုကာ အထင်သေးကြသည်။ မသုံးစွဲကြ။

UWSA တပ်ဖွဲ့ဝင်များ လက်ဝယ်ရှိသည့် ချေမှုန်းရေးရိုင်ဖယ် (AK-47) များမှာ ထိုင်းနိုင်ငံထုတ် သေနတ်များဖြစ်ပြီး အချို့ပစ္စတိုများနှင့် လက်နက်များမှာ အနောက်နိုင်ငံထုတ် အမျိုးအစားများ ဖြစ်သည်ကို စစ်ရေးကျွမ်းကျင်သူ တဦးဆီမှ မေးမြန်းသိရှိရသည်။

“ဝ” ဒေသတွင် လက်နက်များသာမက ကလေးသူငယ်များ နေ့စဉ်စားသုံးသည့် မုန့်များ၊ အမျိုးသမီး၊ အမျိုးသားများ ဝတ်သည့် အဝတ်အထည်များ၊ “ဝ” ရိုးရာပစ္စည်းများမှာလည်း တရုတ်ထုတ်များ တွေ့ရ နည်းသည်။ အများစုမှာ ထိုင်းနိုင်ငံလုပ် မုန့်၊ ပစ္စည်း များဖြစ်ပြီး တချို့မှာ အနောက်နိုင်ငံထုတ်ပစ္စည်းများ ဖြစ်သည်။

ပန်ဆန်းမြို့၊ ဖွံ့ဖြိုးရေးလမ်းမကြီးရှိ မိုးပြာ အထည်ဆိုင်ပိုင်ရှင် ဒေါ်ယဲ့နန်းလွစ်က “ တရုတ်ဖြစ် တွေက ကွာလတီ မကောင်းဘူး၊ ဒီမှာ ထိုင်းဘက်က ဝင်တာတွေနဲ့ တခြားပစ္စည်းတွေပဲ သုံးတယ်” ဟု ဆိုသည်။

“ဝ” တို့ကား လူနေမှုအဆင့်တန်း မြင့်နေပြီ။ ထမင်းဆိုင်တွင် အချိန်ပိုင်းစားပွဲထိုး၊ ခြံစိုက်၊ ရော်ဘာခြစ်သည့် အခြေခံလုပ်သားများ၏လစာမှာ တရုတ်ငွေ ယွမ် ၁၅၀ဝ (မြန်မာကျပ်ငွေ ၃ သိန်း ) မှ ၅၀ဝ၀ (မြန်မာကျပ်ငွေ ၁၀ သိန်း ) ကြားတွင် ရကြသည်။

ဘိန်းစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ခဲ့သည့် “ဝ” ဒေသတွင် ယခုအခါ ကားလမ်းဘေးများ၊ လူမြင်သူမြင်နေရာများတွင် စိုက်ပျိုးခဲ့ကြသည့် ဘိန်း စိုက်ခင်းများကို မမြင်ရတော့။ ဘိန်းအစား သစ်မွှေး၊ ရော်ဘာ၊ လက်ဖက်တို့ကို အစားထိုး စိုက်ပျိုးနေကြပြီ ဖြစ်သည်။

“ဝ” ပြည်သူ့အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က “ဘိန်းရဲ့ဆိုးကျိုးက ကျနော်တို့ လူမျိုးတွေကိုပဲ တိုက်ရိုက်ထိခိုက်စေမှာပါ၊ ဒါ့ကြောင့် အမြစ်ပြတ်ရှင်းလင်းခဲ့တာ ၁၀ နှစ်ပြည့်ပါတော့မယ်” ဟုဆိုသည်။

ကျမတို့ သတင်းထောက်တွေ မရောက်နိုင်သည့် နေရာများတွင်တော့ ဘိန်းစိုက်ခင်းများ ရှိ မရှိကို မပြောနိုင်ပါ။

ပန်ဆန်းမြို့တွင် ကာစီနို ကစားဝိုင်းများ၊ ဂိမ်း စင်တာများ အများအပြားရှိပြီး တရုတ်သူဌေးအများစု က ဟိုတယ်ကြီးများတွင် လာရောက်နေထိုင်ကာ ကစားကြသည်။ ကာစီနိုဝိုင်းများကလည်း “ဝ” တို့၏ ဝင်ငွေကို အမြောက်အမြား ရရှိစေသည်။

ပြည်မနိုင်ငံရေးနဲ့ ဝေးကွာနေပြီး တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုဖြင့် လည်ပတ်နေသည်ဟု စွပ်စွဲခံထားရ သော်လည်း တရုတ်၏ လွှမ်းမိုးမှုမှ ရုန်းထွက်နိုင်ရန် လည်း အစီအစဉ်များရှိသည်ဟု “ဝ” ခေါင်းဆောင် များက ပြောသည်။

“ဝ” ခေါင်းဆောင်များက ပြည်မရှိ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ၊ အခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကဲ့သို့ပင် ၂၀ဝ၈ ဖွဲ့စည်းပုံ ကို ပြင်ဆင်လိုသည့်ဆန္ဒ ရှိသည်ဟု ဆိုသည်။ ၂၀ဝ၈ ဖွဲ့စည်းပုံ မပြင်ဆင်ပေးပါက အခြားတိုင်းရင်းသား အဖွဲ့များအနေဖြင့် အပစ်ခတ်ရပ်စဲရေးကို လက်မှတ် ထိုးရန် မလိုသေးဟု ဆိုထားသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြီးနောက် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲတွင်လည်း “ဝ”ပြည်သူ့အစိုးရက ပါဝင်ရန် အဆင်သင့်ဖြစ်နေပြီဟု ပြောသည်။

“ဝ” ဒေသတွင်း ထူးခြားသည့်တချက် ရှိသေး သည်။ ပြည်တွင်းရှိ မြို့ကြီးများတွင် ဟောပြောခဲ့သည့် အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် မိန့်ခွန်းများ၊ မကြာသေးမီက ဖြစ်ပျက်ခဲ့ သည့် ကျောင်းသားများ ပညာရေးဥပဒေ ပြင်ဆင် ရေး တောင်းဆိုဆန္ဒပြသည့် ကိစ္စရပ်များ၊ ငြိမ်းချမ်း ရေးဆွေးနွေးပွဲ သတင်းများ၊ တိုက်ပွဲသတင်းများကို လစဉ်ထုတ် “ဝ” မဂ္ဂဇင်းတွင် “ဝ” ဘာသာ၊ တရုတ် ဘာသာဖြင့် ပြန်လည်ဖော်ပြထားသည်ကို တွေ့ရ သည်။

“ဝ” တို့သည် ပြည်တွင်းနိုင်ငံရေး၊ တိုင်းရင်းသား အရေး၊ သတင်းအချက်အလက်များနှင့် အဆက် မပြတ်ပေ။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတွင် ခရစ်ယာန် ဘာသာ၊ ဗုဒ္ဓဘာသာ၊ နတ်ကိုးကွယ်သူများနှင့် အစ္စလမ်ဘာသာ ကိုးကွယ်သူများ အစုံအလင်။ “ဝ” ဒေသ ရိုးရာအကများတွင်လည်း ဘာသာပေါင်းစုံ ကိုးကွယ်သူတို့၏ ရိုးရာဝတ်စုံများကို ထည့်သွင်းထား သည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မိမိ ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်ဟု “ဝ” ခေါင်းဆောင်များက ပြောသည်။

“ဝ” တို့၏ နတ်ကိုးကွယ်မှုဖြစ်သည့် ယစ်ပူဇော် သည့် ရှေးအယူအဆဟောင်းတို့မှာလည်း ဦးဆမ်ခွန်း တို့ ကျောင်းတက်ခဲ့စဉ်ကနှင့် တခြားစီဖြစ်နေပြီ ဖြစ်သည်။ အရာရာက ပြောင်းလဲတိုးတက်နေပြီ။

ဦးဆမ်ခွန်းက အသက်ကြီးနေပြီ ဖြစ်ပေမယ့် သူ့မျိုးနွယ်စုကို လိုက်စ ပြောင်နောက်တတ်သည့် ငယ်သူငယ်ချင်းများကို မှတ်မိနေဆဲဖြစ်သည်။ အထူး သဖြင့် “ဝ” တိုင်းရင်းသားမဟုတ်သူများကို မြင်တိုင်း ပိုပိုအမှတ်ရနေဆဲဟု ပြောသည်။

“ငယ်ငယ်က မျောက်လိုပဲဆော့ပြီး ကျနော့်ကို လိုက်စတဲ့သူတွေကို “ဝ” ဒေသ ပြောင်းလဲနေတာ ပြလိုက်ချင်တယ်” ဟု ဦးဆမ်ခွန်းက “ဝ” လေသံ ဝဲဝဲဖြင့် ဆိုသည်။

No comments: