Thursday, May 28, 2015

MPU ကတ်ဖြင့် ချိတ်ကာ ဖုန်းငွေဖြည့်နိုင်ပြီ

မဇ္ဈိမ

MPU ကတ်ကို အသုံးပြုကာ ဖုန်းငွေဖြည့်ခြင်း နှင့် အခွန်အခပေးဆောင်ခြင်းတို့ကို အင်တာနက်မှ ငွေပေးချေနိုင်ပြီဟု ယင်းစနစ်ကို အကောင်အထည်ဖော် သည့် ငွေပေးချေ ဝန်ဆောင်မှု လုပ်ငန်း 2C2P က မေ ၂၆ရက်က သတင်းစာရှင်းလင်းပွဲ လုပ်ကာ ထုတ်ပြန်လိုက်သည်။

ယင်းစနစ်ကို EasyBills ဟု ခေါ်တွင်ပြီး ကနဦးအနေဖြင့် MPT, Mec, Telenor, Ooredoo ဖုန်းများအတွက် ကြိုတင်ငွေဖြည့်ကတ်များအတွက် MPUကို အသုံးပြု ကာ အင်တာနက်မှ ငွေပေးချေနိုင်မည်ဖြစ်သည်။

2C2P နှင့် MPUသည် ငွေသားမဟုတ်ဘဲ MPUကတ်ကို သုံးစွဲကာ အင်တာနက်မှ ငွေပေးချေမှု ဝန်ဆောင်မှုကို ပြုလုပ်ရန် မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် စတင်လိုက်ခြင်းဖြစ်ပြီး ယင်းစနစ်ကို သုံးစွဲလိုပါက MPU ကတ်ရှိရမည်ဖြစ်ပြီး https://easybills.com.mmမှတစ်ဆင့် EasyBills ကို ရယူနိုင်မည်ဖြစ်သည်။

"မြန်မာပြည်ရဲ့ E-commerce လုပ်ငန်းဟာ အစပျိုးသည့် အဆင့်တွင်သာ ရှိပေမယ့် လျှင်မြန်စွာတိုးတက်လာတဲ့ မိုဘိုင်းလ်ဖုန်းများရဲ့ ထိုးဖောက်မှု၊ လူလတ်တန်း စား အရေအတွက် တိုးတက်လာမှုနဲ့အတူ ဖြန့်ချိရေး၊ ဘဏ် နဲ့ ငွေကြေး အခြေခံ အဆောက်အဦ တိုးလာမှုကြောင့် E-commerce အလားအလာက အံမခန်းလောက်အောင် ကောင်းနေပါပြီ"ဟု 2C2P၏ အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်မိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သို့သော် လက်ရှိ မြန်မာနိုင်ငံတွင် အင်တာနက်ကို အသုံးချမှုမှာ မတွင်ကျယ်သေးသည့်အတွက် လတ်တလော အခက်အခဲများ ရှိနိုင်သည့်အတွက် ယင်းစနစ်ကို တွင်ကျယ်စေရန် အခြားနည်းလမ်း အသုံးပြုဦးမည်ဟု 2C2P၏ မန်နေဂျင်းဒါရိုက်တာ ဦးငြိမ်းချမ်းစိုးဝင်းက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ မိုဘိုင်းဖုန်း SMS ကနေ One time Password အတွက် လုပ်ဆောင်ဖို့ ရှိပါတယ်။ ဒါပေမယ့် လတ်တလောမှာ မြန်မာနိုင်ငံက ဆက်သွယ်ရေး အော် ပရေတာသုံးခုရှိတဲ့အတွက် သုံးစွဲသူတွေကလည်း ဘယ်ဖုန်းနံပါတ်ကို သုံးမယ်ဆိုတာ မငြိမ်သေးဘူး။ အဲဒါလေး တည်ငြိမ်ပြီဆိုရင်တော့ SMS ပို့တဲ့စနစ်ကို လုပ်နိုင် မှာပါ"ဟု ၎င်းက ပြောသည်။

2P2Cက မြန်မာနိုင်ငံအတွက် မိုဘိုင်းဖုန်းဖြည့်သည့် စနစ်ကို ကနဦး စတင်လိုက်ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် မီတာဆောင်ခြင်း၊ အခွန်ဆောင်ခြင်းကဲ့သို့ ဝန်ဆောင် မှုများ၊ ဈေးဝယ်ရာတွင် ငွေပေးချေသည့် ဝန်ဆောင်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

No comments: