Thursday, May 28, 2015

အမှိုက်များ လာမပစ်ရန် ဒေသခံများ လမ်းပိတ်

ဖြိုးဝေအောင်

လွိုင်ကော်မြို့နယ် မထောခူကျေးရွာအုပ်စု ရေနီကန်ကျေးရွာ အနီးတွင် စည်ပင်သာယာက အမှိုက်များ စွန်ပစ်နေသည့် အတွက် ဒေသခံများက လမ်းပိတ်ထားသည်။

မေ ၂၄ ရက်က အမှိုက်ပုံ သွားရာလမ်းကို မြောင်းတူး၊ ကျောက်ချ၊ တိုင်များ စိုက်ပြီး ပိတ်ထားလိုက်ခြင်း ဖြစ်သည်။

အမှိုက်တွေက မိုးရွာတော့ အနံ့တွေပိုဆိုးလာတယ်၊ ဘယ်လိုမှ မခံနိုင်တော့ဘူး၊ ဒီအနံ့ဆိုးတွေ ကြောင့် ရွာသား ၁၀ ယောက်နီးပါး ဆေးရုံတင်နေရပြီ၊ ဒါကြောင့် အမှိုက်ပုံသွားတဲ့ ကားလမ်းကို အခုလို ပိတ်ထားတာ ဖြစ်ပါတယ်” ဟု ရေနီကန် ကျေးရွာသား ဦးစောထယ်ပလော့က ပြောသည်။

ရွာသို့ အမှိုက်များ လာရောက် စွန့်ပစ်ခြင်းကို မြို့နယ် စည်ပင်သာယာ အဖွဲ့ရုံးသို့ စာဖြင့် နှုတ်ဖြင့် တင်ပြခဲ့သော်လည်း တုံ့ပြန်ခြင်း မရှိဟု သူက ပြောသည်။

အမှိုက်ပုံက အနံ့ဆိုးများကြောင့် ယင်များ ပေါက်ဖွားသူများပြီး ရွာသူရွာသားများနှင့် ကလေးငယ်များ ဝမ်းပျက် ဝမ်းလျောရောဂါ အဖြစ်များပြီး ဆေးရုံတင်ထားရသည်ဟု တခြားရွာသား တဦး ဖြစ်သူ ဦးအောင်ဝင်း ကဆိုသည်။

“ညဆိုပိုဆိုးတယ် လေက ရွာဖက်တိုက်တော့ အနံ့ဆိုးတွေကြောင့် ကြာလာရင် ရွာသားတွေ ဘာရောဂါတွေ ထပ်ဖြစ်အုံးမှာလဲ မသိတော့ဘူး” ဟု သူက ပြောသည်။

No comments: