“လွိုင် .. လွိုင်ကထုံ၊ လွိုင် .. လွိုင်ကထုံ” ချင်းမိုင်မြို့သူ မြို့သားတွေ မီးမျှောကြတဲ့ မဲ့ပင်းမြစ်ကမ်းက မင်းမိုင်ဈေးနဲ့ မလှမ်းမကမ်းကို ရောက်တယ်ဆိုရင်ပဲ ထိုင်းဘာသာနဲ့ သီဆိုနေတဲ့ အဲဒီ မီးမျှောပွဲသီချင်းကို စပြီးကြားရတာပါပဲ။ ထိုင်းတွေက တန်ဆောင်တိုင် မီးမျှောပွဲကို လွိုင်ကထုံလို့ ခေါ်ကြတယ်။ မီးရှုးမီးပန်း ပစ်ဖောက်သံ၊ ဗျောက်အိုးဖောက်သံတွေနဲ့ စစ်ကားကြည့် နေရသလို။
ကောင်းကင်တခုလုံးကလည်း မီးပုံးလေးတွေနဲ့ ပြည့်နေပြီး ဟင်းလင်းပြင်ထဲမှာ အနီစက်ကလေးတွေ တို့ ထားသလိုပဲ။ အဲဒီအနီစက်ကလေးတွေကလည်း တန်ဆောင်မုန်းလေရဲ့အကူအညီနဲ့ အသက်ဝင် ရွေ့လျားနေကြလေရဲ့။
မြစ်တလျောက်မှာလည်း မြို့သူမြို့သားတွေက တနှစ်တာအတွင်း ဖြတ်သန်းခဲ့ရတဲ့ အပြစ်တွေ ကင်းစင် ကြဖို့ မျှောကြတဲ့ ဆီမီးခွက်ရဲရဲလေးတွေက တန်းစီပြီး ချီတက်နေသလိုလို။
နိုင်ငံခြားသားတွေကို အများဆုံး တွေ့ရတဲ့ ထာ့ဖဲဂိတ်လို့ ခေါ်တဲ့နေရာမှာလည်း စည်ကားတယ်။ ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွား အလာများတဲ့ နိုင်ငံမဟုတ်လား။ မနှစ်ကဆို ၁၅ သန်းနီးပါးလာတယ်လို့ အစိုးရက ထုတ်ပြန်တယ်။ ထာ့ဖဲဆိုတာ မြို့ဟောင်း မြို့ရိုးဂိတ်တခု။
ကားတွေ၊ ဆိုင်ကယ်တွေနဲ့အတူ ရောင်စုံလူတွေကလည်း တိုးကျိတ်နေရတယ်။ တချို့လမ်းတွေဆို ယာဉ်တွေ ပေးမဝင်ဘူး။ လူတွေ၊ ဈေးဆိုင်တွေနဲ့ပြည့်နေတော့ ရှောင်တိမ်းမောင်းဘို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
မြစ်ကမ်းတလျှောက် လိုက်ကြည့်ရင်းနဲ့ ထိုင်းအမျိုးသမီးတယောက်နဲ့ လွိုင်ကထုံအကြောင်း စကားစပ်မိတော့ “ကျမတို့ တနှစ်စာ လုပ်ခဲ့တဲ့ အမှားတွေ၊ အညစ်အကြေးတွေ အကုန်လုံး ကထုန်နဲ့အတူ မျောပါသွားစေတာပေါ့နော်။ ဒါတွေက ကျမတို့ရဲ့ ဘိုးဘွားတွေကတည်းက လုပ်လာခဲ့တာပေါ့။ မြင်တဲ့အတိုင်း ပါပဲ။ လူတိုင်းပျော်ရွှင်နေကြတာပဲလေ” လို့ သူက ပြုံးပြုံးလေးနဲ့ ရှင်းပြပါတယ်။ မြန်မာနိုင်ငံမှာရော ဘယ်လိုများနေကြမလည်းလို့ နောက်တရက်မှာ ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ မြဝတီမြို့တွေကို ဖုန်းဆက်စုံစမ်းကြည့်မိတော့မှ “တရားပွဲလဲမရှိဘူး” “လူကလည်းသိပ်မရှိဘူး” “လုံခြုံရေးတွေက များနေတာကိုးဗျ” “စစ်သားတွေရော၊ ရဲတွေရော ချထားတာ” ဆိုတာတွေ ကြားရတော့တာပါပဲ။
ရန်ကုန်မှာ နာမည်ကျော်တဲ့ လမ်းမတော် တန်ဆောင်တိုင်ပွဲက အတိုင်းအတာတခုအထိ စည်စည်ကားကားပါ။ မြို့ခံတွေကတော့ အရင်က ဒီထက် ပိုစည်တယ်ဆိုပဲ။
မန္တလေးမြို့ခံ ဝန်ထမ်းတဦးကတော့ “တန်ဆောင်တိုင်က မန္တလေးမှာတော့ လည်စရာမရှိဘူးဗျ။ ဘုရားကြီးမှာပဲ မီးထွန်းပွဲလေး နဲနဲပါးပါးရှိမယ်” တဲ့။ တောင်ကြီးပွဲကတော့ မီးပုံးပျံလွှတ်ပွဲ နာမည်ကြီးပြီးသား။ ရန်ကုန်ကသွားတဲ့တချို့ ကားလက်မှတ် အချိန်မှီမရဘူးတဲ့။ လောင်းကစားတော့ ပိုများလာတယ်လို့ သိရပါတယ်။
မြန်မာ့အလင်း သတင်းစာထဲမှာတော့ နေပြည်တော်တောင် “ခြိမ့်ခြိမ့်သဲသဲ” ဖြစ်နေတယ်လို့ ရေးသားထားပါတယ်။ ဝန်ထမ်းတယောက်ကတော့ “စည်တယ်။ လူမရှိဘူး။ ဟား ဟား။ စည်တဲ့ တနေရာတည်းကို ထည့်ထားတာပါ” တဲ့။
ထိုင်းနယ်စပ်နားက လူတွေကတော့ ထိုင်းဘက်ကမ်းကိုကူးပြီး သွားပျော်ကြလေရဲ့။ ထိုင်းမှာ ရောက်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား တယောက်ကတော့ “ပျော်တော့ပျော်တယ်၊ ဒါပေမယ့် အိမ်ကိုလွမ်းတယ်” လို့ ဆိုတယ်။
မြဝတီမှာဆိုရင် မြို့လယ်အာရှလမ်းမကြီး အပါအဝင် ရပ်ကွက် လမ်းကြားတွေထဲမှာတောင် အရပ်ဝတ်နဲ့ တမျိုး၊ ယူနီဖောင်းနဲ့ တဖုံ လုံခြုံရေးအကြောင်းပြပြီး ငွေရှာ အနိုင်ကျင့်နေတဲ့ “တာဝန်ရှိသူ” ဆိုတဲ့ သူတွေကြောင့် ပျော်ဖို့ခက်နေတဲ့ မြို့ခံများခမျာမှာ ကားတာယာကွင်းတွေသုံးပြီး သောင်ရင်းမြစ်ကိုဖြတ်ကာ တဘက်ကမ်းက ထိုင်းနယ်စပ်မြို့ မဲဆောက်ကိုပဲ ချီလေတဲ့ ချီလေပေါ့။
မြို့ခံတဦးကဆိုရင် “တချို့လူတွေတော့ တံတားအောက်မှာပဲ မီးမျောတယ်။ ဗျောက်ဖေါက်တယ်။ မြဝတီ မှာ ဒီလောက်ပဲ။ မဲဆောက်ဘက်က ပိုစည်တာပေါ့။ မနေ့က စက်ရုံတွေလည်း အကုန်လုံး ပိတ်တယ်လေ။ မယ်ရွေးပွဲ၊ စတိတ်ရှိုး၊ လက်ဝှေ့ပွဲတို့။ တံတားထိပ်မှာ ဈေးပွဲကလည်း မိုးလင်းတဲ့အထိရှိတော့ ကျိတ်ကျိတ်တိုးပဲ” လို့ပြန်ဖြေပါတယ်။
သောင်ရင်းမြစ်လေးသာ ခြားနေတယ်ဆိုပေမယ့် မြဝတီက တိတ်ဆိတ်ဆိတ် မှိန်တိန်တိန်နဲ့ အရာရာကို ဒေါင်ကျပြားကျ ရုန်းကန်နေရချိန် မဲဆောက်ဘက်ကမ်းမှာတော့ ၂၄ နာရီမီးလင်းနေပြီး ဈေးဆိုင်ကြီးတွေနဲ့ လူတွေ အပူပင်မဲ့ သွားလာကြလို့။
တာချီလိတ်မြို့ခံတွေလည်း တဘက်ကမ်း ထိုင်းနိုင်ငံက မယ်ဆိုင်မြို့ကိုပဲ ညအိပ်သွားလည်ကြတယ်။ အဲဒီမှာက မယ်ရွေးပွဲ၊ ဈေးပွဲနဲ့ စတိတ်ရှိုးတွေရှိပြီး “တာချီလိတ်မှာက ဘာမှမရှိဘူးလေ” လို့ တာချီလိတ်သားတယောက်က ရှင်းပြတယ်။မဲ့ပင်းမြစ်ဘေးမှာ ဆုံဖြစ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသူလေး တဦးက “အိမ်ကို လွမ်းတာ ပေါ့ရှင်။ ကိုယ့်နိုင်ငံမှာဆိုရင် ပိုကောင်းတာပေါ့နော်။ ဒါပေမယ့် မြန်မာပြည်မှာဆို ရဲနဲ့ စစ်သားတွေကလည်း အမူးသမားတွေချည့်ပဲ။ ဒီမှာ ထိုင်းရဲတွေ စောင့်နေတာတော့ ရှိတာပေါ့နော်။ ဒါပေမယ့် သူတို့က မူးရူးပြီး စောင့်နေတာမျိုးတော့ မရှိဘူး” ဆိုပြီး လေသံဝဲဝဲလေးနဲ့ ပြောတော့ မြန်မာနိုင်ငံက ယူနီဖောင်း အညံ့စားဝတ်ပြီး အဆီပြန်နေတဲ့ ရဲတွေရဲ့ မျက်နှာတွေကို မြင်ယောင်သွားမိတယ်။
No comments:
Post a Comment