Friday, November 20, 2009

မင်းကိုနိုင်ရဲ့ ဝတ္ထု


မင်းကိုနိုင်ရေးတဲ့ ''နောက်ကြည့်မှန်'' အမည်ရှိ ဝတ္ထုစာအုပ်တအုပ် ထွက်လာလို့ အံ့အားသင့်ရ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ စာမျက်နှာ ၁၇ဝ မျှပဲ ရှိပါတယ်။ ထုတ်ဝေသူက ''အေအေပီပီ'' လို့ အင်္ဂလိပ်လို အတိုကောက်ခေါ်တွင်တဲ့ ''နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း'' ဖြစ်ပါတယ်။ ၂၀၀၉ အောက်တိုဘာမှာ ထွက်လာတယ်။ ''အေအေပီပီ'' တည်ရှိရာ ထိုင်းနိုင်ငံမှာပဲ ရိုက်နှိပ်ထုတ်ဝေကြောင်း ဖော်ပြထားပါတယ်။ စာအုပ်ကလေးက စာရွက်ချောနဲ့ ရိုက်နှိပ်ထားပြီး အပြင်အဆင်ကလည်း လှပသေသပ်လို့ အထူးဂုဏ်ယူဝမ်းမြောက်ဖွယ်၊ နှစ်သက်ဖွယ် ဖြစ်ရပါတယ်။

ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကို နိုင်ငံခြားသား အင်္ဂလိပ်အစိုးရ လက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ဗကသ ဆိုတာ ဗမာ့တပ်မတော် မပေါ်ခင်က ပေါ်ပေါက်ခဲ့ပြီး၊ တပ်မတော်ကို မွေးထုတ်ရာမှာ လက်သည်လို့တောင် ခေါ်နိုင်ပါတယ်။ ဒါပေမဲ့ တပ်မတော်ကို လက်ရှိ တာဝန်ယူအုပ်ချုပ်နေသူ စစ်ဗိုလ်ချုပ်တွေက လွတ်လပ်ရေး မော်ကွန်းဝင် ဗကသကို ဖျောက်ဖျက်ချေမှုန်းခဲ့ကြပါတယ်။ ကိုအောင်ဆန်းတို့ စတင်တည်ထောင်ခဲ့တဲ့ ဗကသကို ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကာလမှာ ကျောင်းသားသူရဲကောင်းလေးတွေ သွေးနဲ့ ချွေးနဲ့ ရင်းပြီး ပြန်လည်တည်ထောင်တဲ့ ဗကသမှာ မင်းကိုနိုင်က ပထမ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ ပေါ်ဦးထွန်း အမည်ရင်းရှိတဲ့ တက္ကသိုလ် ကျောင်းသားလေးဟာ မင်းကိုနိုင်အမည်နဲ့ ဒီမိုကရေစီ သူရဲကောင်းလေးတဦး ဖြစ်လာခဲ့ပါတယ်။

ဗကသ ဥက္ကဋ္ဌ ဖြစ်တဲ့ မင်းကိုနိုင်ကို စစ်အာဏာရှင် အစိုးရက ဖမ်းဆီးထောင်ချခဲ့တာ ၁၆ နှစ်ကြာမှ ပြန်လွတ်ပါတယ်။ ပြန်လည်လှုပ်ရှားလို့ တခါထပ်အဖမ်းခံရတော့ ၆၅ နှစ်နဲ့ ၆ လ ပြစ်ဒဏ်စီရင်ခံရပြီး ခုအခါ ထောင်ထဲမှာ ပြန်လည်ရောက်ရှိနေပါတယ်။

ထောင်ထဲမရောက်ခင် ပြေးပြေးလွှားလွှား သွားလာနေထိုင်ရင်းမှာပဲ ''နောက်ကြည့်မှန်'' ဝတ္ထုကို ရေးခဲ့ဟန်ရှိပါတယ်။ ကျောင်းသား နိုင်ငံရေးသမားလေးတဦး လူထုရင်ခွင်မှာ ခိုအောင်းတိမ်းရှောင်ရင်း နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပုံကို နိုင်ငံရေးသမားဘဝ တစိတ်တပိုင်း ပါဝင်နေလိမ့်မယ်လို့ အကဲခတ်နိုင်ပါတယ်။ ဒီလိုဝတ္ထုမျိုးဟာ စိတ်ကူးယဉ်ပြီး ဇာတ်လမ်းဆင်ရေးသားဖို့ မဖြစ်နိုင်ပါဘူး။

စာအုပ်ရဲ့ ရှေ့ဖုံးမှာ နောက်ကြည့်မှန်အတွက် အကွက် ၄ ကွက်ကို ဒီဇိုင်းလုပ်ပြီး သီဟမောင်မောင်က ဖန်တီးထားပါတယ်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကြီးပုံ၊ လူစုလူဝေးကြီး ဆန္ဒပြနေပုံ၊ စစ်သားတွေက လှံစွပ်တပ် သေနတ်တွေနဲ့ ချိန်ပြီး ချီတက်လာပုံ၊ မောင်မယ်ရင်ခုန်မှု ကိုယ်စားပြုပုံတပုံ၊ အားလုံး ၄ ပုံ - ၄ ကွက် ဖြစ်ပါတယ်။ ကျောဖုံးမှာ မင်းကိုနိုင်ရဲ့ ဓာတ်ပုံလေးတပုံနဲ့ သူ့ရဲ့ နိုင်ငံရေးဘဝ အကျဉ်းချုပ်ကို ဖော်ပြထားပါတယ်။ သူ့ရဲ့ စကားတကွက်ကိုလည်း ဖော်ပြထားပါတယ်။

''ကျနော်တို့တတွေ လက်နက်မပါဘဲနဲ့ ငြိမ်းချမ်းစွာ လာပြီး စုဝေးနေကြတယ်။ အမှန်တရားအတွက် မတရားရင် ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ကျနော်တို့ ဘဝများစွာ စတေးခဲ့ပြီးပြီ။ လမ်းတွေပေါ်မှာ အသက်ပါ ပေးခဲ့ပြီးပြီ။ ကျနော်တို့ကို ဘယ်ခြိမ်းခြောက်မှုမျိုးနဲ့မှ ချုပ်ချယ်လို့ မရဘူး''

ဒါဟာ မင်းကိုနိုင်ရဲ့ စကား၊ မင်းကိုနိုင်ရဲ့ အယူဝါဒ၊ မင်းကိုနိုင်ရဲ့ သတ္တိ၊ ကျောင်းသားထုရဲ့ သတ္တိနဲ့ ဂုဏ်ရည်ပဲ ဖြစ်ပါတယ်။

စာအုပ်ရဲ့ အတွင်းရှေ့ဆုံးမှာ ''စီစဉ်သူရဲ့ စကား'' ဆိုတာကို အေအေပီပီ - ဘီ ကိုယ်စားပြု ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ ''စာပေသည် နိုင်ငံရေး၏ သြဇာခံမဟုတ်။ တစုံတရာကို ထောက်ခံရန် သို့မဟုတ် ကန့်ကွက်ရန်သည် စာပေအနုပညာ၏ ရည်ရွယ်ချက် မဟုတ်ပေ'' လို့ အစချီပြီး ဒုတိယကမ္ဘာစစ်ကြီးပြီးစ၊ ဗမာ့လွတ်လပ်ရေးခေတ်ဦးက ဒီနေ့အထိ စာပေလောက (ဗမာစာပေလောက) အငြင်းပွားဆဲဖြစ်တဲ့ စာပေအယူအဆတရပ်ကို ထိပ်ကတင်ပြီး ဖွင့်လှစ်မှာကြားထားတာ တွေ့ရပါတယ်။ မူလသုံးနှုန်းခဲ့တဲ့ ဟိုတုန်းက စကားလုံးတွေက ''စာပေသည် ပြည်သူ့အတွက်'' နဲ့ ''အနုပညာသည် အနုပညာအတွက်'' ဆိုပြီး သုံးနှုန်းဖော်ပြခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ခေတ်ဟောင်း စာပေတိုက်ပွဲကို ဆက်လက်သယ်ဆောင်ရင်း၊ မင်းကိုနိုင်ရဲ့ စာပေကို မိတ်ဆက်လိုက်ပါတယ်။ ''နိုင်ငံရေး'' နဲ့ ''အနုပညာ'' ?

ဒီစာအုပ်ဟာ မင်းကိုနိုင် အသက် ၄၇ နှစ်ပြည့် မွေးနေ့ အမှတ်တရ ထုတ်ဝေတာလို့ ဖော်ပြထားပါတယ်။ မင်းကိုနိုင်ဟာ ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးသမားတဦးဖြစ်သလို စာပေအနုပညာ အစွမ်းအစရှိသူတဦး ဖြစ်တယ်ဆိုတာ ဒီစာအုပ်က မော်ကွန်းထိုးသလို ဖြစ်ပါတယ်။ မင်းကိုနိုင်ဟာ နိုင်ငံရေးသမား ဟိတ်ဟန်ပြပြီး ကြီးကျယ်ရှုတ်ထွေးတဲ့ နိုင်ငံရေးစကားတွေကို မသုံးမစွဲဘဲ နိုင်ငံရေးဘဝ တစိတ်တပိုင်းကို အနုပညာမြောက် ပစ္စည်းတရပ်အဖြစ် သေသေသပ်သပ် ရေးဖွဲ့ဖော်ကျူးနိုင်စွမ်းရှိတာ တွေ့ရလို့ သူ့ကို အနာဂတ် ဗမာစာပေလောကအတွက် မျှော်လင့်အားထားစရာ လူငယ်တဦးအဖြစ် စောင့်မျှော်နေကြရပါလိမ့်မယ်။

ကျောင်းသား ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်းတို့တတွေဟာ စာရေးဆရာဖြစ်ဖို့ ရည်မှန်းလာခဲ့ကြတဲ့ ကျောင်းသား နိုင်ငံရေးသမားလေးတွေ ဖြစ်ခဲ့ပါတယ်။ ခု မင်းကိုနိုင်တို့ ကြုံတွေ့ရသလိုပါပဲ။ ဒါပေမဲ့ သမိုင်းပေးတာဝန်၊ ဘဝပေးတာဝန်တွေက သူတို့ကို နိုင်ငံရေးသမားတွေ ဖြစ်စေခဲ့ပါတယ်။ မင်းကိုနိုင်ရဲ့ အနာဂတ်ကကော ဘာဖြစ်လာမလဲ။ နိုင်ငံရေးသမားပဲလား၊ စာရေးဆရာပဲလား။ ဘာပဲဖြစ်ဖြစ် သူဟာ သူပြောခဲ့သလို ''အမှန်တရားအတွက်'' မတရားရင် ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ သူ့ဘဝကို နိုင်ငံရေးအတွက် ပေးအပ်ထားခဲ့ပါပြီ။ အမှန်တရားအတွက် ထမ်းဆောင်သူတွေကို ပြည်သူတွေက ရုပ်တုထုပြီး ကျောက်တိုင်ထိပ်မှာ ထင်ထားပူဇော်ကြမှာကတော့ မလွဲပါဘူး။

No comments: