အေးချမ်းမြေ့
မြန်မာပြည် စာနယ်ဇင်း လောကမှာ ကျင်လည်ခဲ့စဉ်က ကျမ စာရေးဆရာ နီကိုရဲနဲ့ အင်တာဗျူး ၂ ခါ လုပ်ခဲ့ဖူးပါတယ်။ ပထမအကြိမ် လုပ်စဉ်က မဂ္ဂဇင်းတအုပ်ထဲမှာ ဖော်ပြခံခဲ့ရပေမယ့် ဒုတိယအကြိမ် အင်တာဗျူးကတော့ အကြောင်း ကြောင်းကြောင့် စာမျက်နှာပေါ် မရောက်ခဲ့ပါဘူး။
ပထမအကြိမ် အင်တာဗျူးလုပ်တော့ သူက စာပေနယ်နဲ့ ရုပ်ရှင်နယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်၊ တိတိကျကျ ပြောရရင် သူ့ရဲ့ “စိတ်အိုင်ပက်သူ” ဆိုတဲ့ ဝတ္ထုစာအုပ် ထွက်ပြီးစပါ။
ကျမရဲ့ အယ်ဒီတာက ခိုင်းတာနဲ့ပဲ သူနဲ့ အင်တာဗျူးဖို့ သူနေတဲ့ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်ကို ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ကျမကို “စိတ်အိုင်ပက်သူ” ဝတ္ထုစာအုပ်တအုပ် သူ့လက်မှတ်နဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ စိတ်အိုင်ပက်သူ ဝတ္ထုကို ရုပ်ရှင်ရိုက်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတာဖြစ်ပေမယ့် တခြား အင်တာဗျူးနဲ့မဆိုင်တဲ့ အကြောင်းအရာတွေ၊ သူ့ရဲ့ အလွဲတွေနဲ့ သူ့ရဲ့ ဝတ္ထုတွေ အကြောင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ပြောဖြစ်ခဲ့ကြပါတယ်။
အင်တာဗျူးသူနဲ့ အဗျူးခံသူ၊ စာရေးသူနဲ့ စာဖတ်သူ၊ စာနယ်ဇင်းလောကသားချင်း ဆိုတဲ့ အနေအထားနဲ့ သူနဲ့ကျမလည်း ရင်းနှီးမှုရခဲ့ပါတယ်။ အဲဒီတုန်းက သူ့ ဇနီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့၊ သူ့အနေအထားက ရွှေခေတ် လို့ ပြောရတဲ့အချိန်။ နီကိုရဲရဲ့ ဇာတ်ညွှန်းတွေနဲ့ ဗီဒီယို ကားတွေ ဟောတကား၊ ဟောတကား ရိုက်ကူးထုတ်လုပ်နေချိန် … သိပ်ကို အောင်မြင်နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ၂၀၀၂ ခုနှစ် ဝန်းကျင်ပေါ့။
အဲဒီတုန်းက ကျမက ပေါ့ပ် ဂျာနယ်တစောင်မှာ ဆိုတော့ တချို့ ရုပ်ရှင်ရိုက်ကွင်းတွေအထိ သွားရတဲ့အခါမှာ သူနဲ့ ထပ်ဆုံဖြစ်၊ စကားတွေ ပြောဖြစ်ပါသေးတယ်။ သူနေတဲ့ အိမ်ရဲ့ နောက်ဖေး လမ်းမှာရှိတဲ့ မီးရထားလမ်းဘေးက ရပ်ကွက်ကို ရုပ်ရှင်သမားတွေက အခြေခံလူတန်းစား တွေနဲ့ ပတ်သက်တဲ့ ကားတွေရိုက်ဖို့ သုံးတတ်ကြပါတယ်။ အဲဒီနေရာကို ရိုက်ကွင်းတည်တဲ့အခါ စာရေးဆရာ နီကိုရဲရဲ့ အိမ်မှာ စတည်းချ ကြလေ့ရှိပါတယ်။ အဲဒီဘက်က ရိုက်ကွင်းတွေကို သွားရတဲ့အခါမှာလည်း ကျမက မင်းသမီးကို၊ မင်းသားကို၊ ဒါရိုက်တာကို သူ့အိမ်မှာ ထိုင်ပြီး ဗျူးဖြစ်ပါတယ်။ သူ့ရဲ့ မွေးခါစ သားလေးကိုလည်း ဝင်ကြည့်ဖြစ်ပါတယ်။ သူ့အနေအထားကတော့ စာပေနယ်၊ ရုပ်ရှင်နယ်မှာ အဆင်ပြေနေ ဆဲကာလပါပဲ။
အဲဒီနောက်တော့ ကျမ ပေါ့ပ်ဂျာနယ်ကနေ သတင်းဂျာနယ်လိုင်းဘက် ကူးဖြစ်ပါတယ်။ သတင်းတွေနဲ့ ရှုပ်နေတဲ့အချိန်မှာတော့ ကျမ စာရေးဆရာ နီကိုရဲနဲ့ နည်းနည်းအဆက်ပြတ်သွားပါတယ်။ ဒါပေမယ့် တခါတလေ မြို့ထဲက လက်ဖက်ရည်ဆိုင်မှာ၊ စာပေနယ်က တယောက်ယောက်ရဲ့ အသုဘ၊ မင်္ဂလာ အခမ်းအနားတချို့မှာ သူနဲ့ ခဏတဖြုတ်ဆုံမိ၊ နှုတ်ဆက်မိတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သူက အခမ်းအနားတွေဘာတွေလည်း သွားခဲတယ် ထင်ပါရဲ့၊ ကျမနဲ့ နောက်ပိုင်း သိပ်မဆုံဖြစ်ကြဘူး။
၂၀၀၄၊ ၂၀၀၅ ဝန်းကျင် တရက်မှာတော့ ကျမကို စာရေးဆရာမ ခက်မာက ဖုန်းဆက်လာပါတယ်။ “… နီကိုရဲက ပြောပြစရာတွေ ရှိနေတယ်၊ သူ နင့်ကို အင်တာဗျူးပေးချင်တယ်လို့ ပြောတယ်။ သွားလိုက်ပါလား၊ သူ့မှာ အခက်အခဲတွေလည်း အများကြီးရှိနေတယ်” လို့ မခက်မာက ပြောလာတော့ ကျမရဲ့ အယ်ဒီတာချုပ်ကို ခွင့်တောင်းပြီး သွားတွေ့ဖြစ်ပါတယ်။ အဲဒီတုန်းက သူနေတာ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်က အိမ်မှာ မဟုတ်တော့ဘူး၊ သူ့မိဘတွေနေတဲ့ တောင်ဥက္ကလာပက အိမ်ကလေးမှာ ဖြစ်နေပြီ။
ကျမ လာတော့ သူဝမ်းပန်းတသာကြိုဆိုပါတယ်။ သူ့မှာ ပြောပြချင်တာတွေလည်း တော်တော်များနေပုံရတယ်။ ကက်ဆက် ရကော်ဒါ လေးကိုဖွင့်ပြီးတာနဲ့ သူ့ရဲ့ အခြေအနေတွေကို တရစပ်ပြောပြပါတယ်။ သူနဲ့ အင်တာဗျူးခဲ့တဲ့အတိုင်း လုံးစေ့ပတ်စေ့ “၏၊ သည်” မလွဲ ပြန်မဖော် ပြနိုင်ပေမယ့် အကြောင်းအရာ အဖြစ်အပျက်အားလုံးကိုတော့ ဒီနေ့ထိ ကျမ မမေ့သေးပါဘူး။
လုံးချင်းစာအုပ်တွေ ဟောတအုပ်၊ ဟောတအုပ်၊ ဗီဒီယိုဇာတ်ညွှန်းတွေ ဟောတကား၊ ဟောတကား ရေးသားနေရတဲ့ နာမည်ကြီး စာရေးဆရာ တယောက်အနေနဲ့ အိမ်တလုံးတော့ အပိုင်ရှိနေတယ်လို့ ကျမ ထင်ထားခဲ့ဖူးပေမယ့် သူနဲ့ အဲဒီအင်တာဗျူး လုပ်တဲ့အချိန်မှာတော့ ကျမရဲ့ အထင် လုံးဝ အလွဲကြီး လွဲနေတယ်ဆိုတာ သိလိုက်ရပါတယ်။
သူ့အိမ်လို့ ထင်ထားမိတဲ့ သုဝဏ္ဏ တံတားကြီးဘေး ရပ်ကွက်က အုတ်ခံ နှစ်ထပ်အိမ်ဟာ သူ့အိမ်မဟုတ်ပါဘူး။ သူ့ရဲ့ ထုတ်ဝေသူက နီကိုရဲ နာမည်ကြီးနေချိန်၊ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာ သဘောကောင်းစွာနဲ့ “ညီလေး ဒီမှာနေပေါ့” ဆိုပြီးပေးနေထားတဲ့ အိမ်ဖြစ် ပါတယ်။
စာရေးဆရာ နီကိုရဲနဲ့ ထုတ်ဝေသူတို့ အနည်းငယ် မကျေမလည် ဖြစ်ချိန်မှာတော့ အဲဒီထုတ်ဝေသူက ချိုသာစွာနဲ့ပဲ “ညီလေးရေ၊ အစ်ကို စီးပွားရေး မပြေလည်လို့ ဒီအိမ်ကို ရောင်းတော့မလို့” ဆိုတဲ့စကားလေးနဲ့ အိမ်ပေါ်က ဆင်းခိုင်းလိုက်ပါတော့တယ်။
ဒါကတော့ ထုတ်ဝေသူနဲ့ စာရေးသူရဲ့ ပြဿနာပါ။ ဒီပြဿနာတွေကို စာရေးဆရာ နီကိုရဲက ကျမကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အိမ်ပေါ်က ဆင်းခိုင်းလိုက်တာဟာ စာရေးဆရာအတွက် ပြဿနာ လုံးဝမဟုတ်ပါဘူး၊ အဲဒီအိမ်က ဆင်းခဲ့ရပေမယ့် စာရေးဆရာဆီမှာ မိဘရဲ့ အိမ် ရှိနေပါသေးတယ်။ စာရေးဆရာအတွက် ပြဿနာကတော့ “စာမရေးရတော့တဲ့” ပြဿနာဖြစ်ပါတယ်။
ကျမ သူနဲ့ အင်တာဗျူးလုပ်တဲ့အချိန် ၂၀၀၄၊ ၂၀၀၅ ဝန်းကျင် လောက်ကနေစပြီး သူကွယ်လွန်တဲ့ ၂၀၀၉ အောက်တိုဘာ ၂၃ ရက်နေ့ အထိ နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းစာအုပ်အသစ် ထုတ်ခွင့် မရှိခဲ့ပါဘူး။ အဲဒီလို လုံးချင်းထုတ်ခွင့်မရှိအောင် သူ့ရဲ့ ထုတ်ဝေသူက စာပေ စိစစ်ရေးမှာ ပိတ်ပင်ခဲ့ပါတယ်။
စာရေးဆရာနီကိုရဲ ကိုယ်တိုင် သူ့ကလောင်တံ သူရိုက်ချိုးသလိုဖြစ်မယ့် လက်မှတ်ကို ထိုးခဲ့တဲ့ … ထုတ်ဝေသူနဲ့ သဘောတူညီချက် စာချုပ် မိတ္တူကို ကျမ ဖတ်ခဲ့ရပါတယ်။ အဲဒီသဘောတူညီချက်တွေ ထဲမှာ အရေးကြီးတာတချက်ကတော့ “ထုတ်ဝေသူနဲ့ စာရေးသူ သဘောတူညီ ထားတဲ့ စာအုပ်အရေအတွက် မထွက်ပြီးမချင်း နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းအခန်းဆက် ဝတ္ထုရှည်ပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဇာတ်ညွှန်းပဲဖြစ်ဖြစ် ရေးသားထုတ်ဝေခြင်း မပြုရ” ဆိုတဲ့အချက်ပါ။
ထုတ်ဝေသူနဲ့ စာရေးသူ ပြေလည်နေစဉ်မှာတော့ ထုတ်ဝေသူက စာရေးဆရာနီကိုရဲရဲ့ စာအုပ်တွေကို တအုပ်ချင်း ထုတ်ပေးနေခဲ့ပါတယ်။ မပြေလည်တဲ့အချိန်မှာတော့ ထုတ်စရာလည်း စာအုပ် အဆင်သင့်ရှိနေရဲ့သားနဲ့ စာအုပ်တွေကို ဆက်မထုတ်ဘဲ ထားလိုက်ပါတယ်။
ဥပမာ - စာအုပ် ၉ အုပ်ချုပ်ထားတယ် ဆိုပါတော့၊ နီကိုရဲက ၉ အုပ် ရေးပေးပြီးပြီ၊ ထုတ်ဝေသူကို အပ်ပြီးပြီ၊ ထုတ်ဝေသူကလည်း စာရေးဆရာကို ၉ အုပ်စာ ကျသင့်ငွေ ရှင်းပေးလိုက်ပြီ။ ဒါပေမယ့် အဲဒီ ၉ အုပ်ကို ထုတ်ဝေ သူက တအုပ်ချင်း မျှင်းပြီး ထုတ်နေမယ်၊ စာရေးသူနဲ့ မပြေလည်ချိန် ၃ အုပ်၊ ဒါမှမဟုတ် ၂ အုပ်လောက် ထုတ်ဖို့ ကျန်သေးတဲ့အချိန်မှာ ဆက်မထုတ်ဘဲ ထားလိုက်တယ်။
အဲဒီမှာ စာရေးဆရာ နီကိုရဲ အနေနဲ့ ဘယ်ထုတ်ဝေသူနဲ့မှ ဆက်ထုတ်လို့ မရတော့ပါဘူး၊ ဘယ်သူ့ကိုမှ လုံးချင်းရောင်းခွင့် မရှိတော့ပါဘူး၊ ဘယ်လို မဂ္ဂဇင်းဝတ္ထုရှည်မှလည်း ရေးခွင့်မရှိတော့ပါဘူး။ ကျမရှေ့တင် သူ့ကို ထုတ်ပေးချင်တဲ့ ထုတ်ဝေသူ တယောက် ရောက်လာပါတယ်။ ဒါပေမယ့် အဲဒီ ထုတ်ဝေသူလည်း ဘာမှ မတတ်နိုင်ပါဘူး။ စာပေစိစစ်ရေးမှာ စာချုပ်ပြပြီး “နီကိုရဲ” နာမည်နဲ့ လုံးချင်းထုတ်ခွင့် ပိတ်လိုက်ပြီ ကိုး။
သူ့အနေနဲ့လည်း နီကိုရဲ ဆိုတဲ့ နာမည်ကလွဲလို့ တခြားနာမည်နဲ့ ဝတ္ထုတွေကို ရောင်းစားဖို့ အစီအစဉ်လုံးဝ မရှိဘူးလို့ ဆိုပါတယ်။
ကျမအထင်မမှားဘူးဆိုရင်တော့ သူ ကွယ်လွန်ပြီးမှ သူ့ရဲ့ စာအုပ်တွေ ထပ် ထွက်လာလိမ့်ဦးမယ်။ သူ့ ထုတ်ဝေသူက လက်ကျန် စာအုပ်ကလေးတွေကို အပြီးအပြတ်ထုတ်ပြီး သူနဲ့ ချုပ်ထားတဲ့စာချုပ်ကို ပြီးပြတ်အောင် လုပ်လိုက်ရင်ပေါ့လေ။ အဲဒီတုန်းက သူက စာအုပ်တွေ ထုတ်ခွင့်မရပေမယ့် စာတွေကတော့ ရေးနေမှာပဲလို့ ပြောခဲ့ပါတယ်။
“နီကိုရဲ ဆိုတဲ့နာမည်ဖြစ်အောင် တည်ဆောက်ခဲ့ရတာ အကြာကြီး၊ အခုမှ နောက်ထပ် နာမည်တခု ထပ် တည်ဆောက်ဖို့ မဖြစ်နိုင် တော့ဘူးဗျ” လို့လည်း သူ ကြေကြေကွဲကွဲ ပြောခဲ့သေးတယ်။ သူ့လိုပဲ အဲဒီထုတ်ဝေသူရဲ့ စာချုပ်အမိခံနေရတဲ့ နောက်ထပ်စာရေးဆရာ တယောက်အကြောင်း၊ သူတို့ထက်လည်ပတ်လို့ အဲဒီထုတ်ဝေသူရဲ့ စာချုပ်ကို လွတ်အောင်ရှောင်နိုင်တဲ့ နာမည်ကြီး စာရေးဆရာ တယောက် အကြောင်းတွေကိုပါ သူ ကျမကို ပြောပြခဲ့ပါတယ်။
စာရေးဆရာနီကိုရဲဟာ မကြည်ပြာနဲ့ ချစ်ခြင်းရဲ့နဂ္ဂတစ်များ ဆိုတဲ့ လုံးချင်းဝတ္ထုနှစ်အုပ်တွဲနဲ့ အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကြည်ပြာရောင်နဂ္ဂတစ်များဆိုပြီး ရုပ်ရှင် ရိုက်ခဲ့ပါတယ်။ သိကြားနဲ့ အသူရာ ဝတ္ထုကိုလည်း “ယောက္ခမဆိုတာ တခါတုန်းက သားမက်ပါပဲ” ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူး အောင်မြင်ခဲ့တယ်။ စိတ်အိုင်ပက်သူ ကလည်း ရုပ်ရှင်ကားကြီးပါပဲ။
နောက်ထပ် သူရေးခဲ့တဲ့ စာအုပ်တွေကို လက်လှမ်းမီသလောက် ဖော်ပြရရင် အိုလေး၊ ရည်းစားစာ (၀တ္ထုတိုစု)၊ သံစုံကျူးတဲ့ည၊ ကျနော်နှင့် လက်တွဲဖော်များ၊ ဇွတ်၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ ပန်းပွင့်ကို ဖယ်ကြည့်မှ မြင်ရမယ့် လမင်း၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ၊ လှည့်စား၊ အိတ်၊ ဇက်ပေါ်က ဇီးသီး၊ လူနှင့် သူတို့၏ ဟာသများ ပဲ ဖြစ်ပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ တွဲပြီး ရုပ်ရှင်ကားကြီးတွေ၊ ဗီဒီယိုကားတွေအဖြစ် ရိုက်ခဲ့တဲ့ သူ့ဝတ္ထုတွေ၊ သူ့ဇာတ်ညွှန်းတွေကို ပရိသတ်က အထူးအားပေးခဲ့ပါတယ်။ “လွဲတယ်” ဆိုတဲ့စကားက သူ့ရဲ့ မူပိုင်စကားလို ဖြစ်ခဲ့တာပါ။
အင်တာဗျူးစဉ်က ကျမသိချင်တဲ့ မေးခွန်းတခုကို မေးလိုက်မိတယ်။ နီကိုရဲ ရဲ့ ပရိသတ်တွေလည်း သိချင်မှာပဲ။ “ဆရာ့အနေနဲ့ စာချုပ်မှာ လက်မှတ်ထိုးတုန်းက သေချာမဖတ်ဘူးလား” ဆိုတဲ့ မေးခွန်းပါ။ သူ့ရဲ့အဖြေက ကြေကွဲဖို့ကောင်းပါတယ်။ ဟာသ ဝတ္ထုရေးဆရာတယောက်နဲ့ အင်တာဗျူးရတာ ဖြစ်ပေမယ့် အဲဒီအင်တာဗျူးမှာ ကျမ မပျော်ပါဘူး။
စာရေးဆရာ နီကိုရဲဟာ သိပ်ကိုရိုးသားပြီး သူတပါးကိုလည်း ခင်မင်လွယ်၊ ယုံလွယ်ပါတယ်၊ သူ့စာတွေမှာ သူ့ရဲ့ ရိုးသားမှုတွေ ထင်ဟပ် နေပါတယ်။ သူ့ရဲ့ ဇာတ်ကောင် ရဲဝင်းဟာ သူကိုယ်တိုင်ပါပဲ။ သူ့ရဲ့ ဝတ္ထုတွေထဲမှာ သူဟာ ရိုးသားစွာလွဲသလို အပြင်လောကမှာလဲ သူ လွဲပါတယ်။ အပြင်လောကက အလွဲကတော့ စာချုပ်မှာ လက်မှတ်ထိုးတဲ့အချိန် ခင်မင်မှုနဲ့ အဲဒီစာချုပ်ကို သေချာမဖတ်တဲ့ အလွဲပါ။
ထုတ်ဝေသူအပေါ် ယုံကြည်မှုနဲ့ “ငါ့ကိုတော့ ဆိုးဆိုးရွားရွား မလုပ်လောက်ပါဘူး” ဆိုတဲ့အတွေး (လက်မှတ်ထိုးတဲ့အချိန်မှာ အရက်မူး နေတာလည်း ပါတယ်လို့ဆိုပါတယ်) ကိုတွေးရင်း လက်မှတ် ထိုးပေးလိုက်တာပါ။
အဲဒီစာချုပ်မှာ ဘာတွေပါတယ်ဆိုတာ သူ့ကလောင် အပိတ်ခံရချိန်၊ စာချုပ်ချုပ်ပြီး နှစ်တော်တော်ကြာ သူ့လက်ထဲကို ထုတ်ဝေသူက စာချုပ်လာပြတော့မှ သိရတယ် ဆိုတော့ ကျမ တော်တော် အံ့သြမိပါတယ်။ လွဲလိုက်လေခြင်းဆိုတဲ့ ကရုဏာ ဒေါသလည်း ဖြစ်မိပါတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်တော့ပါဘူး။ သူလေးစားတဲ့ “နားလည်မှု၊ ခင်မင်မှု၊ ယုံကြည်မှု” ဆိုတာတွေကို စာချုပ်ဆိုတဲ့ စာတရွက်က အနိုင်ယူ သွားပါပြီ။
ကျမရဲ့ အင်တာဗျူးလည်း စာမျက်နှာပေါ် တင်ခွင့်မရလိုက်ပါဘူး။ စာရေးဆရာ နီကိုရဲရဲ့ အသံတွေကတော့ ကျမ ချန်ထားခဲ့တဲ့ ဂျာနယ်တိုက်ရဲ့ ထောင့်တနေရာမှာ ရှိနေပါလိမ့်မယ်။
ခုတော့ သူလည်း နှလုံးရောဂါနဲ့ ကွယ်လွန်တယ်လို့ဆိုပါတယ်။ အသက် ၄၃ နှစ်ဆိုတဲ့နှစ်အပိုင်းအခြားကတော့ ငယ်လွန်းသေးတယ်လို့ ပြောလို့ရတယ်။ တကယ်ဆို ဒီအသက်အရွယ်က စာတွေ အင်နဲ့အားနဲ့ ရေးရမယ့် အရွယ်ပါ။
စာရေးဆရာတယောက်ရဲ့ ဘဝဟာ စာမှ မရေးရတော့ဘူးဆိုရင် ဘယ်လိုမှ အဓိပ္ပာယ် မရှိနိုင်တော့ပါဘူး။ စာတွေ ရေးနေပေမယ့် သူရေးတဲ့စာတွေကို ပရိသတ်ကို ချပြခွင့် မရဘူး ဆိုရင်လည်း စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေမှာပဲလို့ ကျမ တွေးမိတယ်။
ရေနံချေးဝနေတဲ့ သစ်သားအိမ်နံရံမှာ အစီအရီကပ်ထားတဲ့ သူ့စာအုပ် မျက်နှာဖုံးပုံ အဟောင်းလေးတွေကို ကျမ ခုထိ မြင်ယောင်နေဆဲပဲ။ ။
No comments:
Post a Comment