Wednesday, January 6, 2010

ကောင်းကင်ပြာနဲ့ အနာဂတ် အပိုင်း - ၁

စိုးနေလင်း

ကောင်းကင်ပြာပြာကို ငယ်ငယ်ကတည်းက ချစ်တတ်ခဲ့တယ်။ ဆောင်းရာသီလို၊ နွေရာသီလို ပွင့်လင်းရာသီမျိုးမှာ ဆိတ်ငြိမ်နေတဲ့ ဝန်းကျင်အခြေအနေ တခုအောက်မှာ ကောင်းကင်ကြီးကို တမေ့တမော ငေးမောကြည့်နေရတာကို ကလေးဘဝကတည်းက နှစ်သက်စွဲလမ်းမိတယ်။ အထူးသဖြင့် နေ့လည်နေ့ခင်း နေပူပြင်းတဲ့ အချိန်မှာ အိမ်ခြံဝင်းထဲက သစ်ပင်တပင်ရဲ့ အရိပ်အောက်မှာထိုင်ပြီး မကြာမကြာ ကောင်းကင်ပြာပြာကို မော့ကြည့်ငေးမောနေရတဲ့ အရသာဟာ ဘယ်လိုအရသာနဲ့မှ၊ ဘယ်လိုခံစားချက်နဲ့မှ တူမယ်မထင်ဘူး။ ကောင်းကင်ပြာပြာကြီးနဲ့အတူ အမြင့်ပျံငှက်တွေဖြစ်တဲ့ လင်းယုန်၊ သိန်း၊ စွန် စတဲ့ ငှက်အချို့ တောင်ပံမခတ်ဘဲ ပျံဝဲနေတာကို ကြည့်ရရင် အလှအပက ပိုပြီး ပြည့်စုံတင့်တယ်ပါလိမ့်မယ်။

အဲဒီလို ကောင်းကင်ပြာပြာရဲ့ အလှအပကို တမေ့တမော ငေးကြည့်တတ်တဲ့ အကျင့်ဟာ သူ့အတွက် အများကြီး အကျိုးကျေးဇူးပြုခဲ့တာကို နှောင်နှစ်ပေါင်းများစွာကြာတဲ့ အချိန်မှာ သူတွေ့ရှိခဲ့ရပါတယ်။ စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာ။ အချိန်အများစု အမြဲမြဲလိုလို ၈ ပေ - ၁၂ ပေ အခန်းကျဉ်လေးထဲမှာ နှစ်ပေါင်းအတော်ကြာ ပိတ်လှောင်ခံခဲ့ရတုန်းကပေါ့လေ။ ဆောင်းရာသီ နွေရာသီလိုကာလမျိုး နေ့လည်ပိုင်း နေရောင်က ကျဲကျဲတောက် ပူပြင်းနေတဲ့ အချိန်မျိုးမှာ တခုတည်းသော သံတိုင်တံခါးက သံတိုင်တွေကို ဆုပ်ကိုင်ရင်း ကောင်းကင်ပြာပြာကို နာရီအတော်ကြာကြာ ထိုင်ကြည့်နေခဲ့ဖူးတယ်။

တခါတလေ ဘယ်ကနေ ဘယ်ကို ဦးတည်ပျံနေမှန်း မသိတဲ့ ဂျက်လေယာဉ်ပျံကြီးတွေ ဟိုးမြင့်မားတဲ့ အမြင့်ပေက ကောင်းကင်ပြာထဲ ထုတ်ဖောက်ပျံသန်းနေတဲ့ အချိန်မျိုးနဲ့ တိုက်ဆိုင်ရင် ကောင်းကင်ပြာကြီးရဲ့ အလှအပဟာ ပိုပြီး စွဲမက်စရာ ဖြစ်နေပြန်တယ်။ လေယာဉ်ပျံကြီးတွေဟာ ပီဘိ ကစားစရာ အရုပ်လေး တရုပ်လို တရွေ့ရွေ့ပြန်သန်းနေပြီး သူတို့ရဲ့ သွားရာလမ်းနောက်မှာ ဖြူဖွေးတဲ့ မီးခိုးတန်းလေး တမျှင်တလျား လွင့်ပါးတင်ကျန်ခဲ့တာကို မော့ပြီး ကြည့်ရှုနေရတဲ့ အချိန်မှာ သူတွေ့ကြုံခံစားနေတဲ့ ရုပ်ဒုက္ခ၊ စိတ်ဒုက္ခ ပူပင်သောကတွေကို မေ့လျော့နေတတ်ပါတယ်။ ဆွတ်ပျံ့ကြည်နူးတာလား၊ လွမ်းမောတမ်းတတာလား၊ နှစ်မျိုးစလုံးပဲလား။ ဒါပေမဲ့ ပျော်ရွှင်ချမ်းမြေ့မှုတခု မဟုတ်တာကိုတော့ သူအသေအချာ မှတ်မိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို ကောင်းကင်ပြာပြာကို မော့ငေးကြည့်ရှုနေရတာကို သူနှစ်သက်စွဲလမ်းမိခဲ့တာဟာ ငယ်စဉ်ကလေးဘဝကနေ အခုချိန်ထိပဲလို့ ပြောရမှာပါပဲ။

အဲဒီနေ့ မနက်ပိုင်း ကူမာ (Kumar) လို့ခေါ်တဲ့ ကိုရီးယားလူငယ် စင်တာတခုက မစ်ရှင်အဖွဲ့တဖွဲ့နဲ့ ကိုရီးယား ခရစ်ယာန် မစ်ရှင်တခုက စုံစမ်းမေးမြန်းသူ အမျိုးသမီးတယောက်အတွက် ဒုတိယနေ့အဖြစ် သူ့စကားပြန်အဖြစ် လိုက်ပါဆောင်ရွက်ပေးဖို့ သူ့ကိုလာခေါ်တဲ့ ကားပေါ်ရောက်တဲ့ အချိန်အထိ ကောင်းကင်ပြာဆိုတဲ့ စကားလုံးလေး သူ့အာရုံထဲမှာ ရှိမနေခဲ့သေးပါဘူး။ လာခေါ်တဲ့ ယာဉ်မောင်းလူငယ်ကို ဒီနေ့ ဘယ်ကိုစသွားကြမှာလဲလို့ မေးလိုက်တော့ “ကောင်းကင်ပြာကျောင်းလေ ဆရာစိုး၊ အမှိုက်ပုံကျောင်းလို့ လူသိများတာပေါ့” လို့ ပြန်ဖြေလိုက်တော့မှ သူခေတ်ပြိုင်ဂျာနယ် အွန်လိုင်းကို တာဝန်ယူခဲ့တဲ့ အချိန်က ဒီကျောင်းကလေးနဲ့ ပတ်သတ်ပြီး အင်တာဗျူး တခုလုပ်ပြီး အွန်လိုင်းဂျာနယ်မှာ ထည့်သွင်းဖော်ပြဖူးသလား၊ ဒါမှမဟုတ် ဓာတ်ပုံ ဂယ်လာရီထဲမှာ တင်ပြဖူးသလားလို့ ပြန်ပြီး စဉ်းစားမိလိုက်တယ်။

သေချာတာကတော့ အမှိုက်ပုံကြီးတပုံနဲ့ အတူတွဲပြီး တွေ့ရတဲ့ ကျောင်းသေးသေးလေးတခုရဲ့ ဓာတ်ပုံကို သူမြင်ခဲ့ဖူးခဲ့တယ် ဆိုတာပါပဲ။ ၄-၅ နှစ်လောက် ရှိသွားပြီဆိုတော့ အဲဒီအချိန်က သူ့ရဲ့ ခံစားချက်ကို အတိအကျပြန်ပြီး မမှတိမိတော့ပေမယ့် အမှိုက်ပုံကြီးနဲ့ ကလေးတွေရဲ့ ကျောင်းကလေးနဲ့ ဒီလောက်ကပ်နေရင် ကလေးတွေ ကျန်းမာရေးအတွက် အန္တရာယ်ရှိမှာပဲဆိုပြီး စိတ်မကောင်းဖြစ်သွားခဲ့မိတယ် ဆိုတာကိုတော့ မှတ်မိနေပါတယ်။ ထားပါတော့လေ။

လူငယ်မစ်ရှင်အဖွဲ့ တည်းခိုတဲ့ နေရာမှာ မစ်ရှင်အဖွဲ့ဝင်တွေကို တင်ခေါ်ပြီး ကားစထွက်တာနဲ့ အဖွဲ့ဝင် ကျောင်းသားလူငယ်ကလေးတွေဟာ သူတို့တွေ့ရတဲ့ လမ်းဘေးဝဲယာ ထို်င်းနယ်စပ်မြို့လေးရဲ့ အခင်းအကျင်း အဆောက်အဦးတွေကို ကြည့်ပြီး အချင်းချင်း ကိုရီးယားစကားတွေ ပြောဆိုကြ၊ ရယ်မောနောက်ပြောင်ကြနဲ့ ကားတစီးလုံး ဆူညံနေတော့တာပါပဲ။ ကျောင်းသား၊ ကျောင်းသူလေးတွေဟာ အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အထိ ပါပါတယ်။ သူတို့ထဲက ကျောင်းသားကျောင်းသူတချို့က သူတို့တတ်သလောက် အင်္ဂလိပ် စကားလေးတွေ မြန်မာစကားလုံးတွေနဲ့ ကြိုးစားပြီး သူတို့ သိချင်တာလေးတွေကို မေးကြပါတယ်။

သူတို့မျက်နှာလေးတွေဟာ ဝင်းပပြုံးပျော်နေပြီး သူတို့ အလုပ်သွားရမယ့် ကျောင်းလေးဆီကို ရောက်ချင်ဇောနဲ့ တက်ကြွနေတာကို အထင်အရှား တွေ့ရပါတယ်။ မဲဆောက်မြို့တွင်း လမ်းတွေကို ကျော်ဖြတ်ပြီးချိန်မှာတော့ မြို့ပြင်ဆင်ခြေဖုန်း လမ်းတခုပေါ် ရောက်လာပြီး အကွေ့အကောက်၊ အဆင်းအတက် များလာသလို တချို့နေရာမှာ ကားက ခုန်လိုက်ဆောင့်လိုက် ဖြစ်လာပါတယ်။

ကားဆောင့်လိုက်တိုင်း ခုန်သွားယိမ်းသွားတဲ့ အခါတိုင်း ကလေးတွေက ရယ်မောအော်ဟစ်ကြ၊ အချင်းချင်း နောက်ကြပြောင်ပြနဲ့ သူတို့လေးတွေရဲ့ အပျော်ဟာ သူ့ရင်အထိ ကူးပြန့်ဝင်ရောက်လာတယ်လို့ ပြောရမှာပါပဲ။

မြေလမ်းကွေ့ကလေးကို ချိုးကွေ့လိုက်တာနဲ့ ပထမဦးဆုံး လှမ်းတွေ့လိုက်ရတာကတော့ တောင်ပူစာကလေး တလုံးလို စုပုံနေတဲ့ အမှိုက်ပုံကြီးပါပဲ။ ကားက ဖြည်းဖြည်းချင်း အမှိုက်ပုံကြီးရှိရာကို ဦးတည်သွားနေပြီး အမှိုက်ပုံကြီးနဲ့ ၁ဝ ကိုက်လောက်အကွာမှာ ရပ်သွားတော့ ရောက်ပြီဆိုတာ သိလိုက်ရပြီး ကားနောက်ခန်းက ဆင်းပြီး ညာဘက်ခြမ်း အဖွဲ့ကို ဦးဆောင်ခေါ်ယူလာတဲ့ တာဝန်ရှိသူနဲ့ ကျောင်းသားကျောင်းသူတွေ ဆင်းသွားတဲ့ဘက်ကို ကြည့်လိုက်တော့မှ ထိုင်းနိုင်ငံ အလံလွှင့်ထူထားတဲ့ စာသင်ကျောင်းထက် ဂိုဒေါင်ငယ်တလုံးနဲ့ ပိုတူတဲ့ ကျောင်းကလေးကို တွေ့လိုက်ရပါတယ်။

ကျောင်းတက်ချိန်မို့ ကျောင်းအပြင်မှာ ကျောင်းသားကျောင်းသူတွေကို မတွေ့ရဘဲ စကားပြောသံလေးတွေကိုပဲ ကြားနေရပါတယ်။ စာသင်ကျောင်းကလေးရဲ့ အမိုးဟာ တော်တော်ဟောင်းနွမ်းနေပြီ ဖြစ်ပေမယ့် သွပ်မိုးမိုးထားတာပါ။ အကာကတော့ အုတ်ကြမ်းနံရံ ကာထားပါတယ်။ ကျောင်းရဲ့ အရှေ့ ၁၂ ကိုက်လောက်မှာ စားပွဲရှည်ဟောင်းတလုံး ချထားပြီး စားပွဲပေါ်မှာ ပန်းကန်ခွက်ယောက် ငရုတ်သီး၊ ကြက်သွန်တချို့နဲ့ ဇလုံတလုံးနဲ့ ထည့်ထားတဲ့ ဘဲဥတွေကို တွေ့ရပါတယ်။ စားပွဲရဲ့ အနောက်ဘက်မှာတော့ ထမင်းအိုးလို့ထင်ရတဲ့ အိုးကြီးတလုံးကို ထင်းမီးဖိုနဲ့ ထည့်ထားတာ တွေ့ရပါတယ်။ ကျောင်းရဲ့ ညာဘက်ခြမ်းမှာတော့ သစ်ကြမ်းတွေကို အပင်လိုက်ရိုက်ပြီး လုပ်ထားတဲ့ ကလေးတွေ ကစားစရာ စင်လေးတွေ၊ လျှောတွေနဲ့ ကားတာယာ အဟောင်းတွေကို ကြိုးနဲ့ဆွဲ ပေးထားတာတွေကို တွေ့ရပါတယ်။

ကျောင်းရဲ့ ပတ်ဝန်းကျင်ကို ဖြန့်ကျက်ကြည့်နေတဲ့ အချိန်မှာ သတိမပြုမနေနိုင်အောင် ဖြစ်ရတဲ့ အရာကတော့ အမှိုက်ပုံကြီးက လေနဲ့အတူ လွင့်မျောပါလာတဲ့ အောက်သိုးသိုး အနံ့အသက်တခုပါပဲ။ အဲဒီအနံ့ဟာ ကျောင်းဝန်းကျင် လေထုတခုလုံးကို လွှမ်းခြုံထားပုံ ရပါတယ်။ သူ့ရဲ့ ဦးနှောက်က သတိပေး သတင်းပေးပို့ချက်တွေ ဆက်တိုက်ထုတ်လွှတ် ပေးပို့နေတာကို မသိကျိုးကျွန်ပြုရင်း သူ့နားရောက်လာတဲ့ အဖွဲ့ခေါင်းဆောင်နဲ့ စုံစမ်းစစ်ဆေးသူ အမျိုးသမီးနှစ်ဦးကို ကျောင်းလေးရဲ့ အမိုးအောက်မှာ မသေသပ်တဲ့ လက်ရေးနဲ့ မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း ၃ ဘာသာနဲ့ ရေးထားတဲ့ ကျောင်းဆိုင်းဘုတ်လေးပေါ်က မြန်မာဘာသာနဲ့ ရေးထားတာကို ဖတ်ပြီး ဘာရေးထားတယ်ဆိုတာကို ရှင်းပြလိုက်ပါတယ်။ ကျောင်းဆိုင်းဘုတ်ကလေးဟာ သေးငယ်သလို ရတတ်သမျှနဲ့ လုပ်တတ်သလောက် လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။

ဆိုင်းဘုတ်ကလေးရဲ့ လက်ဝဲဘက် ထောင့်စွန်းမှာ ထိုင်းအလံလေး လွှင့်ထူထားတဲ့ ပုံစံလေး ဆွဲထားပါတယ်။ အပေါ်ဆုံးစာတန်းက ထိုင်းဘာသာနဲ့ ရေးထားပြီး သူ့အောက်မှာတော့ "SKY BLUE, SCHOOL" လို့် အင်္ဂလိပ် ဘာသာနဲ့ ရေးထားပါတယ်။ အဲဒီိအောက်မှာ မြန်မာလို ကောင်းကင်ပြာ၊ သူ့အောက်မှာ စာသင်ကျောင်းလို့ ရေးထားပါတယ်။ နေရာအခက်အခဲကြောင့် ဖြစ်ပါလိမ့်မယ်။ အောက်ဆုံး စာကြောင်းလေးက “အနာဂတ်သစ် ရက်ကွက်” ပါတဲ့။ မြန်မာလို ရေးထားတာပါ။ ဆိုင်းဘုတ်ရဲ့ အောက်ဆုံး လက်ရာဘက်ထောင့်မှာတော့ မီးထွန်းထားတဲ့ ဖရောင်းတိုင်ပုံလေးတပုံ ရှိနေပါတယ်။ ဆိုင်းဘုတ်ရေးသူက design သဘောအရ ဟန်ချက်ညီအောင် ညှိထားပုံရပါတယ်။ ဆိုင်းဘုတ်ပေါ်က ရေးထားတဲ့ စာတွေကို ဘာသာပြန်ပေးလိုက်ချိန်မှာ ခေါင်းဆောင် ကိုရီးယား အမျိုးသမီး နှစ်ယောက်ရဲ့ မျက်လုံးတွေဟာ ရီဝေလေးနက်သွားသလိုပါပဲ။ သူတို့ စိတ်မကောင်း ဖြစ်သွားပုံ ရပါတယ်။ ဘာမှတော့ မပြောခဲ့ပါဘူး။

အဲဒီအချိန်မှာ အဖွဲ့ကို ဦးဆောင်ခေါ်ယူသွားတဲ့ သူတို့မိတ်ဆွေကြီးက ကျောင်းထဲကို ဝင်ကြဖို့ ခေါ်နေတာနဲ့ သူတို့ ကျောင်းလေးထဲ ဝင်ခဲ့ကြပါတယ်။ စာသင်ခန်းလေးတွေကို ကျောင်းရဲ့ ညာဘက်ခြမ်းမှာ တွေ့ရပြီး အခန်းတခု အဖြစ်မဟုတ်ဘဲ တတန်းနဲ့ တတန်း ခြားသွားအောင်၊ ရင်ခေါင်းလောက်ပဲ မြင့်အောင်အဖြစ် ကာရံထားတဲ့ စာသင်ခန်းလေးတွေပါ။ စာသင်ခန်းထဲမှာတော့ ကလေး ၂ဝ ကနေ ၃ဝ စီလောက်ရှိတယ် ထင်ပါတယ်။ စာသင်ခုံအဖြစ် ပျဉ်ပြားနဲ့ ရိုက်ထားတဲ့ စားပွဲနဲ့ သစ်သား၊ သံနဲ့ ပလပ်စတစ် လက်တန်းမဲ့၊ နောက်မှီမဲ့ ထိုင်ခုံလေးတွေ ရှိပါတယ်။ အတန်းရှေ့မှာတော့ လူငယ် ဆရာလေးတွေကို တွေ့ရပါတယ်။ သူတို့က လှမ်းပြီး ပြုံးပြကြပါတယ်။ အဖွဲ့ကို ဦးဆောင်သူက မစ်ရှင်အဖွဲ့ ခေါင်းဆောင်နှစ်ဦးနဲ့ ကျောင်းက ကျေုင်းအုပ်ဆရာကြီးနဲ့ ဆရာမတယောက်ကို မိတ်ဆက်ပေးတာနဲ့ ဘာသာပြန် မိတ်ဆက်ပေးလိုက်ပါတယ်။ လူငယ် မစ်ရှင်အဖွဲ့ခေါင်းဆောင်က ကျောင်းမှာရှိတဲ့ ကျောင်းသားဦးရေနဲ့ အသက်အပိုင်းအခြားကို စပြီးမေးပါတယ်။

ဆရာကြီးက ကျောင်းမှာ အခု ကျောင်းသားကျောင်းသူ ၁ဝ၃ ယောက်ရှိပြီး အသက်ကတော့ ၃ နှစ်ကနေ ၁၃ နှစ်လောက်ထိရှိကြောင်း ပြောကြားပါတယ်။ နောက်မေးခွန်းတွေကတော့ ဒီကျောင်းလေးက အောင်မြင်သွားတဲ့ ကလေးတွေ ကျောင်းဆက်တက်ဖို့ အခွင့်အရေး ရှိမရှိ၊ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းလခ ပေးရ မပေးရ၊ ကျောင်းကို လည်ပတ်ဖို့ အထောက်အပံ့ ရှိမရှိ စတာတွေပါပဲ။ ခရစ်ယန် မစ်ရှင်မှ စုံစမ်းမေးမြန်းသူ အမျိုးသမီး ပထမဆုံးမေးတဲ့ မေးခွန်းကတော့ "ကျောင်းကို ဘာဖြစ်လို့ ဒီနေရာမှာ လာတည်ထားတာပါလဲတဲ့"။ ကျနော်ကိုယ်တိုင်လည်း မေးချင်နေတဲ့ မေးခွန်းမို့ ဆရာကြီးရဲ့ အဖြေကို ကျနော် နားစိုက်ထောင်လိုက်ပါတယ်။

ဆရာကြီးက ကျောင်းသား ကျောင်းသူတွေရဲ့ မိဘတွေဟာ ဒီအမှိုက်ပုံကြီးကို အမီပြုပြီး အသက်မွေးကြရသူတွေ ဖြစ်လို့ ဒီအမှိုက်ပုံ ပတ်ဝန်းကျင်မှာပဲ နေကြပါတယ်။ သားသမီးတွေကိုလည်း ကျောင်းထားပေးနိုင်လောက်အောင် ဝင်ငွေမရှိကြတဲ့အတွက်၊ သူတို့ရဲ့ ကျောင်းနေအရွယ် သားသမီးလေးတွေကိုလည်း အမှိုက်ကောက်ခို်င်းပြီး မိသားစုဝင်ငွေကို ဖြည့်ဆည်းခိုင်းကြတာဖြစ်ကြောင်းနဲ့ မိဘတွေက တခြားနေရာကို ရွှေ့ပြောင်းနေထိုင်ဖို့လည်း အဘက်ဘက်က အခြေအနေအရ မဖြစ်နိုင်တာမို့လို့၊ ကလေးတွေနေထိုင်တဲ့ နေရာမှာပဲ ကျောင်းကို လာပြီး ဖွင့်ရတာဖြစ်ကြောင်း ရှင်းပြပါတယ်။ ကျနော် ဘာသာပြန် ရှင်းလင်းပြောပြတာကို မျက်လုံး အဝို်င်းသားနဲ့ နားထောင်နေတဲ့ စုံစမ်းမေးမြန်းသူ အမျိုးသမီးက "အော် …. ဒီလိုကိုး" ဆိုပြီး ခေါင်းတငြိမ့်ငြိမ့် လုပ်နေပါတယ်။ နောက် သူကပဲ ဓာတ်ပုံရိုက်ခွင့် တောင်းတာနဲ့ ဓာတ်ပုံရိုက်လို့ရတဲ့အကြောင်း ပြောပြလိုက်တဲ့အတွက် ကျောင်းစာသင်ခန်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေ စာရေးနေတာ၊ စာသင်နေတာတွေကို ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ယူကြပါတယ်။

နောက် သူတို့မစ်ရှင်အဖွဲ့နဲ့ ကလေးတွေအတွက် ကစားနည်း အစီအစဉ်လေးနှစ်ခု စပြီးလုပ်နေပါတယ်။ တဖွဲ့က သူတို့ အဆင်သင့်ယူလာတဲ့ သဘာဝ သစ်လုံးပုံလေးလုပ်ထားတဲ့ နှစ်ဖက်ပွင့် လက်နှစ်ဆစ်လောက်အရွယ် ပလပ်စတစ် ဆလင်ဒါချောင်းလေးတွေ၊ ရောင်စုံ ချည်ကြိုးပိုင်းလေးတွေနဲ့ လက်သည်းခွံသာသာ လေးထောင့် ဖလင်ကော်ပြားလေးတွေ ထုတ်ယူတယ်။ ကတ်ကြေးလေးတွေနဲ့ ဖယောင်းတိုင်ပုံစံ ကော်ချောင်းလေးတွေကိုပါ တွေ့ရပါတယ်။ နောက်အုပ်စုတစုကတော့ ရေနွေးခွက် နှစ်ခွက်၊ ရေအေးတပုံးနဲ့ အလုပ်ရှုပ်နေပါတယ်။

ပထမ အဖွဲ့ခေါင်းဆောင် အမျိုးသမီးက ကလေးတွေနဲ့အတူ ကစားနည်းလေးတခု ကစားကြရအောင်လို့ ပြောပြီး အတန်းတတန်းရဲ့ ရှေ့ဆုံးခုံတန်းက ကျောင်းသူလေးတွေကို လေးထောင့်ဖလင် ကော်ပြားလေး တပြားစီ ပေးပါတယ်။ နောက် ကတ်ကြေးတလက်စီ ပေးပြီး ဖလင်ကော်ပြားပေါ်က စက်ဝိုင်းလေးကို ကတ်ကြေးနဲ့ ထွင်းပြီး စက်ဝိုင်းပုံ ကော်ပြားလေးရအောင် ညှပ်ခိုင်းပါတယ်။ ခေါင်းဆောင်အမျိုးသမီးက သူကိုယ်တိုင်လည်း ညှပ်ပြပါတယ်။ သူက ညှပ်လို့ ရလာတဲ့ ဖလင်ကော်ပြားလေးကို ဖယောင်းတိုင်ပုံစံ လုပ်ထားတဲ့ ကော်ချောင်းလေးကို မီးခြစ်နဲ့ တို့ပြီးတော့ ဖလင်ကော်ပြားဝိုင်းလေးရဲ့ အနားပေါ်မှာ ကော်ကိုသုတ်လိုက်ပါတယ်။

ကော်သုတ်ပြီးတဲ့ ဖလင်ကော်ပြားပိုင်းလေးကို ပလပ်စတစ် ဆလင်ဒါလေးရဲ့ ကွင်းမတပ်ထားတဲ့ ဘက်အဝမှာ ကပ်လိုက်ပါတယ်။ အသာလေး ဖိပေးလိုက်ပြီးတာနဲ့ အဲဒီဘက်ကနေပြီး ပါးစပ်နဲ့ မှုတ်လိုက်တဲ့အခါမှာ "ပီ" ဆိုတဲ့ အသံလေး ထွက်လာပါတယ်။ ကလေးတွေက သဘောကျသွားကြပါတယ်။ ကလေးကစားစရာ ပီပီလေးတခုကို မျက်စေ့ရှေ့မှာတင် လုပ်ပြလိုက်တာပါပဲ။

စုံစမ်းမေးမြန်းသူ အမျိုးသမီးက မြန်မာလို ပျော်ရွှင်ကြသလားဆိုတာကို ဘယ်လိုပြောသလဲလို့ မေးလာတဲ့အတွက် သူက ပြောပြလိုက်ပါတယ်။ သူမက ချက်ချင်းပဲ သူတို့အဖွဲ့ဝင် ကျောင်းသားတယောက်ကို မြန်မာလိုတပိုင်း၊ ကိုရီးယားလိုတပိုင်း လှမ်းပြောလိုက်တာနဲ့ အနားမှာရှိကြတဲ့ ကိုရီးယား ကျောင်းသားကျောင်းသူလေးတွေက သူတို့နားမှာ ဝိုင်းနေတဲ့ ကောင်းကင်ပြာ ကျောင်းသားကလေးတွေကို မြန်မာလို မပီ့တပီနဲ့ ”ပျော်သလား” လို့ မေးလိုက်ကြပါတယ်။ မြန်မာကျောင်းသားကလေးငယ်တွေက ပျော်တယ်လို့ ဖြေသူဖြေ၊ ခေါင်းငြိမ့်ပြသူက ပြပြီး အဖြေပေးကြပါတယ်။ သူတို့လေးတွေကို ကြည့်ပြီး သူ့ရင်ထဲမှာ ခဏတာ ကြည်နူးပျော်ရွှင်သွားမိပါတယ်။

No comments: