နေညွှန်း
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၄ ရက်နေ့။ မြန်မာနိုင်ငံအတွက် ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။ တနင်္လာနေ့ကျပြီး နှစ်သစ်ကူးပိတ်ရက်များနှင့် ဆက်လျက်ရှိပြန်တော့ လူတွေအားလုံး လှုပ်လှုပ်ရှားရှားပျော်ရွှင်နေကြပုံရ၏။ တော်တော်များများ ခရီးသွားကြသည်။ ကျနော်ကတော့ တောင်ကြီးမှ ရန်ကုန်သို့ ဆင်းလာဖြစ်သည်။
တောင်ကြီးတွင် လွတ်လပ်ရေးအထိမ်းအမှတ် ရပ်ကွက်အလိုက် ဘော်လီဘောပွဲတွေ ကျင်းပလေ့ရှိသည်။ ၄ ရက်နေ့မှာတော့ ဗိုလ်လုပွဲစဉ်များပေါ့။
ရန်ကုန်မှာတော့ တချို့ရပ်ကွက်များတွင်သာ ဘောလုံးပွဲနှင့် ထုပ်ဆီးတိုးပွဲများကို ခြေစစ်ပွဲအဖြစ် ကြိုတင်ပြုလုပ်နေကြသည်။ လိုင်းကားများတွင် နိုင်ငံတော် အလံငယ်ကလေးများ ချိတ်ထားခြင်းသာ မှတ်မှတ်ထင်ထင်တွေ့ရသည်။ အရင်ကလို ပွဲလမ်းတွေ အကြီးအကျယ် စည်ကားစွာလုပ်ကြတာ သိပ်မမြင်ရတော့။
တီဗီမှာ ဖျတ်ခနဲ မြင်ရသလောက်တော့ တိုင်းရင်းသားဝတ်စုံများ ၀တ်ဆင်ထားသော လူငယ်များနှင့် အလံတော်ကို အလေးပြု တာတော့ လုပ်သေးသည် ထင်သည်။ ဒါတောင်မှ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်မဟုတ်။ ရုပ်သံလိုင်းတွေမှာလည်း အရင်လို ကိုရီးယားကား၊ တရုတ်ကားတွေ ထုတ်လွှင့်မှုမပျက်။
“ဒါက ထုပ်ဆီးတိုးနေကြတာ။ သား မမကြီးလည်း ကစားတယ်။ သားတို့ကတော့ မနက်ဖြန် မနက်မှ ပြိုင်ရမယ်လို့ပြောတယ်။ မနှစ်ကလည်း သား မုန့်စားပြိုင်တယ်၊ ဆုမရပါဘူး။ သားစားတာနှေးတယ်လို့ မေမေကပြောတယ်။ ဘီစကွတ်ကို ချိတ်ထားတာ သားလက်နဲ့လည်း ကိုင်လို့မရဘူး။ သား သူငယ်ချင်းက လက်နဲ့ယူပြီးစားပစ်တော့ ဆုမရဘူး။ ဒီနှစ်တော့ အပြေးလည်း ပြိုင်မယ်၊ နိုင်ရင်အရုပ်တွေရမယ်” ဟု ရန်ကုန်မြို့ထဲ လမ်းမတခုတွင် ကျင်းပနေသည့် ထုပ်ဆီးတိုး ပြိုင်ပွဲကို ရပ်ကြည့်နေသော ၅ နှစ် အရွယ် ကလေးတယောက်က ပြောသည်။
သူက လွတ်လပ်ရေးနေ့ဆိုသည်မှာ အင်္ဂလိပ်နှင့် ဂျပန်များ အပိုင်သိမ်းထားသည့် မြန်မာနိုင်ငံကို မြန်မာများ ပြန်ပိုင်လာသည့် နေ့ဖြစ်သည်ဟု သူ့ဖခင် သင်ထားသည့်အတိုင်း နားလည်သလို ပြန်ပြောပြသည်။
“သားကတော့ ကျောင်းပိတ်ပြီး ပြိုင်ပွဲတွေမှာ ဝင်ကစားရလို့ပျော်တယ်” ဟု သူက ဆက်ပြောသည်။
တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတဦးကတော့ လွတ်လပ်ရေးနေ့ဆိုသည်မှာ သာမန် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များကဲ့သို့သော ရုံးပိတ်ရက်တရက် အဖြစ်သာ နားလည်ထားကြောင်း၊ ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ခဲ့ဖူး ခြင်းလည်း မရှိကြောင်း ပြောပြသည်။
“ဘယ်နှတန်းရဲ့ သမိုင်းမှာ စသင်ရတာလဲတောင် မသိတော့ဘူး။ ၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့ မနက်ကြီးမှာ လွတ်လပ်ရေး ရခဲ့တယ်၊ လွတ်လပ်ရေးရတဲ့အချိန်မှာ လွတ်လပ်ရေးရအောင် လုပ်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတောင် မရှိတော့ဘူး ဆိုတာတွေတော့ သိပါတယ်။ သူငယ်ချင်းတွေထဲမှာ လွတ်လပ်ရေး အကြောင်း၊ အာဇာနည်နေ့ အကြောင်း သိတဲ့သူတွေလည်း အများကြီးပါ။ တချို့ကကျတော့လည်း လုံးဝစိတ်မ၀င်စားဘူး” ဟု သူက ဆိုသည်။
ရန်ကုန်မြို့နေ ဘလော့ဂါတဦးကလည်း လိုင်းကားများတွင် နိုင်ငံတော် အလံများ တပ်ဆင်ထားသည်ကို တွေ့ရသောကြောင့် ပုံမှန်မြင်နေကျ မြင်ကွင်းတွင် တခုခု ပိုလာသည်သကဲ့သို့ ထင်ရကြောင်း၊ မေ့လျော့နေသည့် လူငယ်တချို့အတွက် ထိုမြင်ကွင်းကြောင့် ပြန်လည်သတိရစေနိုင်ကြောင်း ပြောသည်။
“မဟုတ်ရင် တို့နိုင်ငံဟာ ဘယ်တုန်းက လွတ်လပ်ရေးရခဲ့တာလဲ လွတ်လပ်ရေးရတာ ဘယ်နှနှစ်ရှိပြီလဲ ဆိုတာ သတိတောင် ရကြတော့မှာ မဟုတ်ဘူး။ သမိုင်းကို ဖျောက်ချင်သူတွေက ရှိနေတာကိုး။ ဒီထက်ပိုတာက တခြား ကိုလိုနီနိုင်ငံတွေရဲ့ လွတ်လပ်ရေး သက်တမ်းက ဘယ်လောက်ကြာပြီလဲ၊ သူတို့တွေ ဘာတွေဖြစ်လို့ ငါတို့တွေ ဘာမဖြစ်သေးဘူးလဲ ဆိုတာမျိုးတွေပါ စဉ်းစားဖြစ်တဲ့ အချက်ပေးခေါင်းလောင်းလို့ မှတ်ပါတယ်” ဟု သူက ဆက်ပြောသည်။
၎င်း ငယ်စဉ်ကလေးဘဝက လွတ်လပ်ရေးနေ့ ပြိုင်ပွဲများတွင် ဝင်ရောက် ပျော်ရွှင်ခဲ့ကြောင်း၊ ချမ်းအေးသည့် နံနက်ခင်းတွင် ချွေးတလုံးလုံးဖြင့် ပြိုင်ပွဲဝင်နေသည့် လူကြီးများကို ကြည့်ကာ အားကျခဲ့ကြောင်း၊ ထို့ကြောင့် အရွယ်ရောက်လာချိန်တွင် ကိုယ်တိုင် ပါဝင် ယှဉ်ပြိုင် ကစားခဲ့ကြောင်းလည်း ပြောပြသည်။
“ငယ်ငယ်တုန်းက လွတ်လပ်ရေးဆို ပျော်တာပေါ့။ မနက်စောကြီး ရွာနောက်ဖေးလမ်းမမှာ အပြေးပြိုင်ပွဲကျင်းပတဲ့ လူတွေနဲ့ ကြိတ်ကြိတ်တိုးနေတာ။ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီးပြိုင်ပွဲ အစုံပါပဲ။ အမေက ထ ထ သွားကြည့်ရအောင်ဆိုမှ အတင်းလူးလဲထပြီး ပြေးသွားကြည့်ရတာ။ အာလူးကောက်ပြိုင်ပွဲ၊ ဂဏန်းသင်္ချာပေါင်း ပြိုင်ပွဲတွေဆို ကျနော်က ထိပ်ဆုံးက။ခုနေခါတော့ အဲဒါတွေနဲ့ ဝေးလွန်းသွားခဲ့ပြီ။ ကျနော်တို့မြို့မှာ ဒီလိုအစဉ်အလာလေးတွေလည် ပျောက်ကွယ်ခဲ့တာ အတော်ကြာခဲ့ပြီ” ဟု အဆိုပါ ဘလော့ဂါက ဆိုသည်။
ကျနော်တို့ ငယ်ငယ်က အမျိုးသား ကဇာတ်ရုံဘေးဘက် အားကစားကွင်းကြီးထဲမှာ လွတ်လပ်ရေး အထိမ်းအမှတ်ပွဲကို အကြီးအကျယ်ကျင်းပကြတာ မှတ်မိနေသေးသည်။
အငြိမ့်များ၊ ဇာတ်စင်များ၊ ချားရဟတ်ကြီးများ၊ မုန့်ဆိုင်တန်းများနှင့် စည်ကားသိုက်မြိုက်လှသည်။ ထိုစဉ်ကတော့ လူတိုင်း၏ စိတ်ထဲမှာ တကယ်ပင် လွတ်လပ်ရေး၏ သဘောတရားကို တွေးတောဆင်ခြင် နေမိကြပုံရှိ၏။
ယခုခေတ်မှာတော့ လူကြီးများကလည်း လွတ်လပ်ရေးပွဲတွေ လုပ်ဖို့ စိတ်မပါတော့။ ရပ်ကွက်တွေမှာ ကလေးများအတွက် ပြိုင်ပွဲလုပ်ပေးရသည်ကိုပင် တက်ကြွခြင်းမရှိတော့တာ သတိထားမိသည်။
ရပ်ကွက်လူကြီးက လုပ်ဆို၍သာ ဖြစ်မြောက်ပြီးစီးရန် လုပ်လိုက်ကြခြင်းဖြစ်သည်။ နောက်ပိုင်းဆိုလျှင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟူ၍ ကျင်းပကြပါတော့မလားဟု တွေးနေမိတော့သည်။
No comments:
Post a Comment