မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု စီးပွါးရေးနိမ့်ကျမှုတွေ ကြောင့် အမျိုးသမီးတော်တော်များများဟာ ထိုင်းနိုင်ငံအတွင်း ကိုဝင်ရောက်ပြီး အလုပ်လုပ်ကိုင်နေကြပါတယ်။ တရားဝင်နည်း လမ်းနဲ့လာရောက် အလုပ်လုပ်ကိုင်တာမဟုတ်တော့ နယ်စပ် လမ်းတွေကနေခိုးဝင်ပြီးမှ အလုပ်လုပ်နေရတာပါ။ အဲဒီအထဲ မှာသထုံမြို့ကဝါဝါအောင်ဆိုတဲ့ မိန်းကလေးဟာလည်း မိမိဘဝ တိုးတက်ရေးရည်မှန်းချက်နဲ့ ထိုင်းနိုင်ငံအတွင်းကို လာရောက် အလုပ်လုပ်ကိုင်နေတဲ့သူတစ်ဦးပါ။ သူမဟာ အထည်စက်ရုံ တခုမှာ အလုပ်ဝင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဖေတ်ဘူရီ အထည် စက်ရုံမှာ အလုပ်သမား(၈ဝဝ) ကျော်ရှိတယ်။ အဲဒီစက်ရုံမှာ ဆရာဝန်တွေဝတ်တဲ့ ကုတ်အင်္ကျီတွေချုပ်ပါတယ်။ စက်ရုံ မှာရှိတဲ့ အလုပ်သမား(၈ဝဝ)ကျော်ဟာ သူတို့တာဝန်နဲ့သူတို့လုပ်ရတယ်။ တစ်ခန်းမှာ(၁ဝဝ) ကျော်ရှိတယ်။ အဲဒီစက်ရုံက အထည်တွေဟာ ဆရာဝန်တွေ ခွဲစိတ်ခန်းဝင်တဲ့အခါမှာဝတ်တယ်။ ခွဲစိတ်ခံရတဲ့ လူနာတွေလည်းဝတ်တယ်။ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှား၊ အမေရိကန်နဲ့ တရုတ် နိုင်ငံမှာ တင်သွင်းတာများတယ်။ အထည်တွေဟာ ဈေးကြီးတဲ့အတွက် ထိုင်းနိုင်ငံကလူတွေ အသုံးပြုတာနည်းပါးတယ်လို့ ဆိုပါတယ်။ အဲဒီစက်ရုံမှာအလုပ်လုပ်တဲ့ အတွေ့အကြုံတွေကို ဝါဝါအောင်က အခုလိုရှင်းပြခဲ့ပါတယ်။
အဲဒီစက်ရုံမှာ မနက်(၅)နာရီကနေ ညနေ(၅)နာရီထိလုပ်ရပြီး တစ်ခါတလေအင်္ကျီတွေများရင် ည(၁ဝ)နာရီကနေ (၁၂) နာရီအထိ လုပ်ရတယ်။ တချို့အခန်းတွေဆိုရင် တစ်နေ့ကို(၁၆၄)ဘတ်ရတယ်။ ညဘက်ဆင်းရင်(၁)နာရီကို(၃၁)ဘတ် ပိုပေးတယ်။ ပုတ် ပြတ်လုပ်တဲ့လူကျတော့ တစ်နေ့ကိုဘတ်(၅ဝဝ)ကျော်ရတယ်။ ညဘက်ဆင်းရင်(၁)နာရီကိုဘတ်(၁၁) ပိုပေးတယ်။ အကယ်လို့ တနင်္ဂနွေနေ့မှာလည်းအလုပ်ဆင်းရင် နှစ်ရက်စာပေးတယ်။ ပိုက်ဆံကိုတော့ လဝက်တစ်ခါ ထုတ်ပေးတယ်။ သူတို့လုပ်နေတဲ့ အလုပ်ဟာ အန္တရာယ်လည်းမရှိဘူး။ သူဌေးကလည်းကောင်းတယ်။ ဆဲတာတို့ အော် တာတို့မရှိဘူးပါဘူး။ ဝင်ငွေကောင်းတယ်။ နေမကောင်းဖြစ်ရင်လည်း နားခွင့်ပေးတယ်။ အဲဒီနားထားတဲ့ရက်အတွက် လည်း ဆေးလက် မှတ်ပြနိုင်ရင်လစာမနုတ်ဘူး။အပြည့် ပေးတယ်။ အရင်လုပ်လာတဲ့စက်ရုံတွေဆို နည်းနည်း လုပ်မှား ရင်ဆဲတာ အော်တာရှိတယ်။ အခုသူတို့လုပ်နေတဲ့အထည်စက်ရုံမှာ မွန်၊ ဗမာ(၂၄)ယောက်ပဲရှိတယ်။ ကျန်တဲ့အလုပ် သမားတွေက ထိုင်းတွေဖြစ် တယ်။ ထိုင်းပလိပ်တွေလည်း မကြောက်ရပါဘူးလို့ ပြောပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်က လင်းလင်းဆိုတဲ့မိန်းကလေးတစ်ဦးကို အခုထိုင်းမှာအလုပ်လုပ်နေတာနဲ့ ပက်သက်ပြီး သူ့ရဲ့ အတွေ့အကြုံကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ ပထမတော့ သူ့အမေက အရုပ်လုပ်တဲ့နေရာတစ်ခုမှာ ဝင်လုပ်ခိုင်း ပါတယ်။ စားစ ရိတ်၊ နေစရိတ် သူဌေးကစီစဉ်ပေးတယ်။ ကိုယ်ဘာမှမကုန်ဘူး။ လစာကတော့(၄၅ဝဝ)ဘတ်ပေးတယ်။ အဲဒီမှာ သူ့ဝမ်းကွဲအစ်မ တစ်ယောက်ရှိတယ်။ သူ့အမနဲ့ အဖော်ရနေလို့ သူအဲဒီမှာလုပ်နေရတာ အဲဒီသူဌေးမက ပါးစပ် ဆိုးတယ်။ သူအရမ်းကြောက်တယ်။ သူ့အမ ယောကျာ်းနောက်လိုက်သွားတော့ သူလည်းအဲဒီအလုပ်က နေထွက်လိုက် တယ်။ သူအဲဒီအရုပ်စက်ရုံကနေထွက်လာပြီး မုန့်လုပ်တဲ့နေရာတစ်ခုမှာ ဝင်လုပ်တယ်။ အဲဒီမှာ မိန်းကလေးသက်သက် ရှိတယ်။ ကိုယ့်စား စရိတ်နဲ့ကိုယ်စားပြီး နေတဲ့နေရာ ကျတော့ အလုပ်ရှင်ကစီစဉ်ပေးတယ်။ ကိုယ်စားစရိတ်ကလွဲလို့ ရေဖိုး၊ မီးဖိုး၊ ဘာမှမကုန်ပါဘူး။
သူအဲဒီမှာ လုပ်နေတာတလကို(၄၅ဝဝ)ဘတ်ရပါတယ်။ အလုပ်ချိန်ကသတ်မှတ်တာမရှိပါဘူး။ နေ့တိုင်းအလုပ်မလုပ်ရ ပါဘူး။ လစာကတော့ တစ်လစာတိတိပေးတယ်။ မုန့်တွေတစ်ခါကြော်ထားရင် ဖောက်သည်သွင်းတာကုန်မှ ထပ်လုပ်ခိုင်း တယ်။ အလုပ် ကသက်သာပါတယ်။ အလုပ်ရှင်က သဘောကောင်းပေမယ့် လစာကိုတော့လတိုင်းထုတ်မပေးဘူး။ ဒီလ ရမယ့်လစာကို နောက် လကုန်မှထုတ်ပေးတယ်။ ထုတ်ပေးတော့လည်း အပြည့်မထုတ်ပေးပြန်ဘူး။ တစ်ထောင်၊ တစ် ထောင်ကျော် ဒီလောက်ပဲထုတ်ပေးတာ။ ( ၂ ) လလောက်ကြာတော့ မှတ်ပုံတင်ရိုက်ခိုင်းလိုက်တယ်။ ရိုက်ခိုင်းလည်း သူတို့ရိုက်လိုက်တယ်။ သူတို့ရမယ့်လစာ ထဲကဖြတ်ယူလိုက်တယ်။ မှတ်ပုံတင်ရတော့လည်း အလုပ်သမားအားလုံးရဲ့ မှတ်ပုံတင်ကို အလုပ်ရှင်က သိမ်းထားလိုက်ပါတယ်။ သူ့အလုပ်ကနေ ထွက်သွားမှာကြောက်လို့ မှတ်ပုံတင်သိမ်းထား တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ သူတို့လေးယောက် မှတ်ပုံတင်ပေးတဲ့အထိ မစောင့်နိုင်တော့ပဲ အလုပ်က နေထွက်လိုက်ပါတယ်။ ဒီသူဌေးကလည်း လတိုင်းငွေထုတ်မပေးတာကလွဲလို့ အလုပ်သမားတွေအပေါ်မှာ အော်တာ၊ ဟောက်တာတွေ၊ မရှိပါဘူး။ သဘော ကောင်းပါတယ်လို့ သူပြောပါတယ်။
အဲဒီမုန့်ရုံကနေထွက်လာပြီး ဆိုင်တစ်ဆိုင်မှာသူဝင် လုပ်တယ်။ စားပွဲထိုးအနေနဲ့ပေါ့နော်။ မနက်(၅) နာရီကနေ ညနေ(၃)နာရီကျော်ကျော်မှ ပြန်လာ ရတယ်။ ထမင်းဟင်း တွေရောင်းတယ်။ သူကတစ် နေ့ကို ဘတ်(၂ဝဝ) ရတယ်။ ဆိုင်ကသိပ်မကြီး ဘူး။ ငယ်ငယ်လေးပါပဲ။ မနက်စာနဲ့နေ့လည်စာကို ဆိုင်မှာစားတယ်။ ညနေစာကျတော့ ကိုယ်နေတဲ့ နေရာမှာပဲစားတယ်။ ဆိုင်ရှင်ကလည်း နည်းနည်း လုပ်မှား ရင်အော်တာ ဆူတာလုပ်တယ်။ ဒါပေမဲ့ သူ့ကိုကျတော့ သိပ်မဆူဘူး။ အဲဒီဆိုင်က ဧည့် သည်စားတဲ့ နေရာမှာပဲမိုးထားတယ်။ ဆေးကြော တဲ့ နေရာကျတော့မိုးမထားဘူး။ နေပူ နေရော။ အခုဆို သူ့အသားအရေတွေမဲတူးနေတယ်လို့ သူပြောတယ်။ သူနေတဲ့ နေရာနဲ့ဆိုင်က တအားဝေးတယ်တဲ့။ သူထိုင်းပုလိပ်တွေလည်း ကြောက်နေရတယ်။ သူဒီကိုထွက်လာ တာမှားနေပြီး လားလို့တွေးမိတယ်။ အခုဆို အရင်ကအလုပ်လုပ်ခဲ့တဲ့မုန့်ရုံကို သူသတိရနေတယ်။ သူအဲဒီမှာသွားပြန်လုပ်ချင်တယ်။ အခုဆို အဲဒီမုန့်ရုံဟာ လူနည်းနည်းပဲကျန်တော့တယ်။ ကျန်ရှိနေတဲ့လူနဲ့ ဆက်သွယ်ကြည့်လိုက်တော့ သူဌေးကလူလိုနေ တယ်။ နင်လာရင်လာခဲ့ပါလို့ သူ့သူငယ်ချင်းတွေကခေါ်နေပါတယ်။
နောက်ဆုံးတော့လင်းလင်းဟာဆိုရင် သူအရင်အလုပ်လုပ်ခဲ့တဲ့ အလုပ်ရုံမှာဘဲ အလုပ်ပြန်ဝင်ခဲ့ပြန်ပါတယ်။ ဒါဟာသူ့မ ရဲ့ဘဝ လုံခြုံမှုအတွက် သူမရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
နောက်ထိုင်းနိုင်ငံမှာပဲ လာအလုပ်လုပ်နေတဲ့ အေးမာဆိုတဲ့ ကောင်းမလေးဟာ တနသာင်္ရီတိုင်း ဘိတ်မြို့ကနေလာပြီး သူဌေး အိမ်မှာ အလုပ်လုပ်နေတယ်။ တစ်လကို(၃၅ဝဝ) ရတယ်။ အဓိကလုပ်ရတာကတော့ အိမ်အလုပ်တွေပဲ။ အဲဒီ အိမ်မှာ သူဌေးမ (အပျိုကြီး)၊ သူဌေးမအမေ၊ သူရယ် သုံးယောက်ပဲရှိတယ်။ သူဌေးမအမေကအိုနေပြီး သူရဲ့ဝေယျာဝစ္စ တွေကို လုပ်ပေးရတယ်။ သူဌေးမက ကုမ္ပဏီကနေတဆင့် ယူလာတဲ့လျှပ်စစ်ပစ္စည်းတွေကို ပြန်စစ်ကြည့်ရတယ်။ အိတ် ခွံတွေပေါက်ရင် အိတ်ခွံတွေပြန် လဲရတယ်။ အဲဒီအလုပ်တွေကိုလည်း တခါတလေလုပ်ရပါတယ်။ သူလာကတည်းက အဲဒီသူဌေးအိမ်မှာပဲ လုပ်နေတာ။ အခုဆို (၂)နှစ်ရှိပါပြီး။ လစာသိပ်မကောင်းပေမဲ့ ပြန်ဖို့ကတော့ အစီအစဉ်မရှိသေးဘူး လို့ သူ့ကိုဆက်သွယ် မေးမြန်းကြည့်တဲ့အခါ သူပြောပြပါတယ်။
ဝါဝါအောင်၊ လင်းလင်း၊ အေးမာတို့လို အလုပ်ကံမ ကောင်းတဲ့အမျိုးသမီးတွေလည်းရှိပါတယ်။ သူကတော့ သံဖြူဇရပ် မြို့နယ်ကဖြူဖြူသင်းပါ။ ဆယ်တန်းနှစ်နှစ် ဆက်တိုက်ကျတော့ စိတ်ညစ်ညစ်နဲ့လူသွင်းပွဲစားတွေကနေတဆင့် ကော့ သောင်းကနေ ရနောင်းဘက်ကို ဝင်လာခဲ့ပါတယ်။ ရနောင်းရောက်တော့ ထိုင်းပွဲစားတွေက သူတို့ကိုလူစုခွဲလိုက်ပါတယ်။ အသက်ငယ်ငယ် ရုပ်ရည်ရှိတဲ့မိန်းခလေးတွေကို သက်သက်ခွဲပြီး တနေ ရာကိုပို့လိုက်ပါတယ်။ ပွဲစားတွေအပြောကတော့ သူတို့ ကိုသူဌေးအိမ်မှာအိမ်ဖေါ်အလုပ်ရမယ်။ အလုပ်သက်သာပြီး လခကောင်းကောင်းရမယ်။ ပွဲစားကအဆွယ်ကောင်း တော့ ယုံယုံကြည်ကြည်နဲ့ လိုက်သွားခဲ့ပါတယ်။ ဝင်းခြံအကျယ်ကြီးရှိတဲ့အိမ်ကြီးတစ်အိမ်ကိုရောက်တော့ အဆောင်ထဲ နေရာပေးထားပြီးအလုပ်နေရာရောက် ပြီးလို့ပြောတယ်။ အစားအသောက်ကောင်းကောင်း အလျံပယ်ကျွေးမွေးပြီး အိမ်ကိုဖုန်းဆက်ခိုင်းတယ်။
သူတို့လည်းပျော်ပျော်ပါးပါးနဲ့ စားသောက်ရင်းအိမ်ကိုဖုန်းဆက်ကြတာပေါ့။ နောက်တနေ့ကျတော့ သူတို့တတွေကိုကား တစီးနဲ့ တနေရာကိုခေါ်သွားတယ်။ လူတစ်ယောက်ကို အခန်းတခုထဲပိတ်လှောင်ထားပြီး ဖုန်းဆက်ခွင့်လည်း မပေး တော့ဘူး။ နှစ်နာရီနီးပါးကြာတဲ့အခါတံခါးပွင့်သွားပြီး လူစိမ်းတစ်ဦးဝင်လာပါတယ်။ နောက်တော့တံခါးကိုသော့ခတ်သံ ကြားလိုက်ပါတယ်။ သူမကကြောက်ရွံ့တုန်လှုပ်နေပါတယ်။ လူစိမ်းကသူမကိုစားမတတ်ဝါးမတတ်အကြည့်နဲ့ကြည့်ပြီး အနားကိုကပ်လာပါတယ်။ သူမရုန်း ကန်ပေမဲ့အားခြင်းမမျှခဲ့ပါဘူး။ နောက်ဆုံးတော့ သူမဘဝ ရေတိမ်နစ်ခဲ့ပါတယ်။ နောက်တော့လာသမျှအထူးဧည့်သည်တွေကို ဖြေဖျော်ပေးရတယ်။ ငြင်းဆန်လို့ရှိရင်လူမိုက်အဖွဲ့တွေက ရိုက်တယ်။ နောက်(၃)လကြာတဲ့အခါ သူမကိုပြည့်တန်ဆာရုံတစ်ခုမှာ ရောင်းလိုက်တယ်။ သူမအတွက်ငရဲရောက်သလိုပါဘဲ။ ငိုယုံ ကလွှဲပြီးဘာမှမတတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူမအတွက်တခုကံကောင်းသွားတာက သူမထံအမြဲတမ်းလာနေတဲ့ ဖေါက်သည် တစ်ဦးကနေတဆင့် သတင်းကြားသွားတဲ့ စေတနာရှင်လူမှုစောင့်ရှောက် ရေးအဖွဲ့ကနေ သူမကိုရွေးထုတ်လိုက်ပါတယ်။ ဆေးစစ်မှုခံယူလိုက်တော့ သူမမှာဘာရောဂါမှမရှိတာ သူမအတွက်ကံကောင်းမှုတခုလို့ ဆိုရပါမယ်။
နောက်တော့သူမ ကိုမဟာချိုင်ပုဇွန်အခွံ ချွတ်လုပ်ငန်းတခုမှာအလုပ် သွင်းပေးပါတယ်။ နောက်တနှစ်ကြာတော့ သူမရဲ့ ဘဝအကြောင်းကိုသိနားလည်ပေးနိုင်တဲ့ အမျိုး သားတယောက်နဲ့ လက်ထပ်လိုက်တော့ အခုဆို ယင်ပျော်ရွှင်တဲ့ ဘဝတခုကိုပိုင်ဆိုင်ခဲ့ပါပြီး။ ထိုင်းနိုင်ငံ စက်ရုံ၊ အလုပ်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေဟာ တချို့အုံနာ (သို့မဟုတ်) သူဌေးတွေက အလုပ်သမားတွေအပေါ်မှာ ဆက် ဆံရေးကောင်းမွန်တာရှိသလို ဆက်ဆံရေး မကောင်းတာတွေလည်းရှိတယ်။ အလုပ်ကောင်း လစာကောင်းပြန်တော့လည်း အုံနာ(သို့မဟုတ်) သူဌေးတွေကမကောင်းကြဘူး။ သူဌေး(သို့) အုံနာ တွေကောင်းပြန်တော့လည်း လစာမကောင်းပြန်။ ဒီလိုနဲ့ပဲ အလုပ် သမားတွေတစ်နေရာပြီးတစ်နေရာ အလုပ်ပြောင်းနေရပါတယ်။ သူမတို့တတွေဟာ မိန်းမသားတန်မဲ့တပါးနိုင်ငံမှာ စွန့်စားပြီးအလုပ်လုပ်နေကြတာဟာ ကြီးပွါးလိုတဲ့ ရည်ရွယ်ချက် မျှော်လင့်ချက်တွေကိုယ်စီ ရင်ဝယ်ပိုက်ထားကြတယ် လို့ဆိုပါတယ်။ ဒါပေမဲ့သမုဒ္ဒရာတဖက်ကမ်းကိုကူးနေရတဲ့လှေငယ်လို လေထန်လှိုင်းကြမ်းပုတ်ခတ်တဲ့ဒါဏ်ကိုကြံ့ကြံ့ ခံရင်း လောကဓံကိုအံတုနေကြပါတယ်။ သူမတို့ဟာ လှပတဲ့အနာဂါတ်ကိုမျှော်မှန်းယင်း ဘဝပင်လယ်ပြင်မှာ ရွက်လွှင့် နေတုန်းပါဘဲ။
No comments:
Post a Comment