Wednesday, January 20, 2010
ပိတောက်တွေလှိုင်တဲ့ နှစ်၊ ခမောက်တွေနိုင်တဲ့ ခေတ်
(က)
ကျနော်တို့လူစု ခမောက်ကြီးအောက်တွင် ဝိုင်းစုပြီး ထိုင်နေကြသည်။ ခမောက်ကြီးမှာ လူ ၃ဝ ခန့် ထိုင်နေကြသည့်တိုင် လုံခြုံသည့်အမိုး ဖြစ်နေသေး၏။ ခမောက်ကြီးအောက်တွင် ထိုင်နေရင်းက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းကို ကျနော် တွေးမိသည်။ သူက အကြံကောင်း၏။ ဝါးခမောက်ကြီးတခုကို ယာယီတဲ၏ အမိုးအဖြစ် တင်ထားရန် စိတ်ကူးခဲ့သူ ဖြစ်သည်။ ကျနော်တို့ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ သင်္ကေတမှာ ခမောက်ဖြစ်သည်။ ထို့ကြောင့် ယာယီတဲ၏ အမိုးအဖြစ် ဝါးခမောက်ကြီး တခုလုပ်ပြီး တင်ထားရန် စိတ်ကူးခဲ့သူ ဦးခင်မောင်ဝင်း၏ အကြံကို ပြန်တွေးကာ ကျနော် ပြုံးမိသည်။
ဝါးခမောက်ကြီး မိုးထားသည့် စည်းရုံးလှုံ့ဆော်ရေး ယာယီတဲမှာ မဲရုံနှင့် ကိုက် ၁၅ဝ အကွာခန့်တွင် ရှိသည်။ မဲရုံနှင့် ကိုက် ၁ဝဝ အတွင်း မဲဆွယ်စည်းရုံးခြင်း မပြုရဟူသည့် ရွေးကောက်ပွဲဥပဒေအရ ကျနော်တို့က မဲရုံနှင့် ကိုက် ၁၅ဝ ခန့်အကွာ ဥပဒေနှင့်လွတ်ကင်းသည့် နေရာတွင် မဲဆွယ်စည်းရုံးရေး ယာယီတဲထိုးရန် ဆုံးဖြတ်ခဲ့ကြ၏။ တဲရှေ့လက်ခုပ်တဖောင်အမြင့်တွင် “ပိတောက်တွေလှိုင်တဲ့ နှစ်၊ ခမောက်တွေနိုင်တဲ့ ခေတ်” ဟု ရေးထားသည့် ပိုစတာကြီးကို တဲ၏ နဖူးစီးအဖြစ် ထောင်ထားလိုက်၏။ ကျနော်တို့က တဲရှေ့နှင့် တဲအောက်တွင် ခုံတွေချကာ ထိုင်ကြသည်။ တဲရှေ့မှ ဖြတ်ကျော်ကာ မဲရုံသို့ သွားကြသော မဲလာပေးသူများကို နှုတ်ဆက်ကြ၊ မျက်နှာပြကြရသည်။ သို့သော် ယခင်နေ့များလိုတော့ အဖွဲ့ချုပ် စည်းရုံးရေးစကားများကို ဓာတ်စက်နှင့် မပြောမဟောကြတော့ဘဲ တဲအောက်တွင် ရေနွေးကြမ်းသောက်ရင်း အေးဆေးစွာ ထိုင်ကြ၏။ မဲထည့်မည့် နေ့တွင် မည်သည့်ပြဿနာမျှ မပေါ်ပေါက်စေရန် ဆူဆူညံညံ ပြောဟောစည်းရုံးသည့် အလုပ်ကို ရပ်ထားလိုက်ကြ၏။
“ကျနော်တို့ နိုင်မှာကတော့ သေချာသလောက်ပဲ။ ဒါပေမဲ့ ရှေ့မှာ ဘာတွေဖြစ်လာအုံးမလဲဆိုတာ ကျနော် တွေးလို့ မရဘူး။ ကျနော်ကတော့ ရွေးကောက်ပွဲဟာ ပြဿနာအားလုံးကို ပြေလည်သွားစေမယ့် ကိစ္စလို့တော့ ကျနော် မယုံကြည်မိဘူး”
ဦးခင်မောင်ဝင်းက မည်သူ့ကိုမျှ မကြည့်ဘဲ မြေကြီးပေါ်ကို ခေါင်းငုံ့ပြီး စိုက်ကြည့်နေသည်။ ကျနော် ပြောလိုက်သည့် စကားကိုမူ ခေါင်းငုံ့ပြီး နားထောင်သည်မှအပ မည်သို့မျှ ရုတ်တရက် ပြန်မပြောဘဲ နေခဲ့၏။
ဤ ၄-၅-၁ဝ ရက်အတွင်း ဦးခင်မောင်ဝင်း၏ မျက်နှာမှာ သိသိသာသာ ချောင်ကျသွား၏။ နေ့စဉ်ရက်ဆက် နယ်လှည့်ပြီး စည်းရုံးရေး ဆင်းခဲ့ရသဖြင့် သူ့မှာ အစားမှန်၊ အအိပ်မှန် မရှိခဲ့။ နေလောင်ထားသည့် သူ့နဖူးပြင်မှာ အညိုရောင်သန်းနေလေသည်။ အမြဲတန်းလိုလို သန့်ပြန့်သပ်ရပ်စွာ ဝတ်စားနေထိုင်တတ်သူ ဖြစ်သည့်တိုင် ဤရက်များအတွင်း၌ သူသည် ဘိုသီဘတ်သီ ဝတ်စားသွားလာနေသည်ကို တွေ့ခဲ့ရ၏။
“ဆရာပြောတာ ကျနော် နားလည်ပါတယ်။ ကျနော်လည်း အချိန်တိုင်းလိုလို ဒါကိုပဲ စဉ်းစားနေရတာပဲ။ စည်းရုံးရေး ဆင်းနေတဲ့ တချိန်ထဲမှာ ငါတို့ နိုင်မှာကတော့ သေချာသလောက်ပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲ ပြီးတဲ့အခါ ဆိုပြီး ဆက်တွေးမိရင် ကျနော့်ရင်ထဲ တကယ် မရှင်းဘူး”
ကျောင်းဆရာဟောင်းဖြစ်သူ ကျနော့်ကို ဦးခင်မောင်ဝင်းက ဆရာဟူသော နာမ်စားဖြင့်သာ ခေါ်ဝေါ် ပြောဆိုတတ်၏။ သူနှင့် ကျနော်က အသက်ချင်း မတိမ်းမယိမ်း။ သူက ရဲဝန်ထမ်းဟောင်းတဦး။ ကျွဲပွဲမြို့ ရဲစခန်းတွင် စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ။ အလုပ်မှ ဆေးပင်စင်နှင့် ထွက်ပြီးနောက် သစ်အရောင်းအဝယ် လုပ်ငန်းလုပ်ရင်း နိုင်ငံရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်လာခဲ့သူ။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးဖြစ်တော့ သူက ကျွဲပွဲမြို့ သပိတ်ခေါင်းဆောင်။ ကျနော်က စစ်တောင်းမြစ်ကမ်းဘေး ကျေးရွာသပိတ်စခန်း အမာခံတဦး။ အရေးတော်ပုံကာလနောက်ပိုင်း အုတ်တွင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် အချိန်တိုင်းလိုလို သူနှင့် ကျနော် အတူတွဲပြီး အလုပ်လုပ်ခဲ့၏။ သူက မြို့နယ် စည်းရုံးရေးကော်မီတီ ဥက္ကဋ္ဌ။ ကျနော်က မြို့နယ် ပြန်ကြားရေးနှင့် သုတေသနဌာန တာဝန်ခံ။ သူက ရဲဝံ့ပြတ်သားစွာ အလုပ်လုပ်တတ်သူ။ ကျနော်က ရှင်းလင်းဆွေးနွေး ဝါဒဖြန့်ချိရေးကို စိတ်အားထက်သန်သူ။ သူနှင့် ကျနော် ကျေးရွာတွေ ဆင်းခဲ့ကြသည်။ အခမ်းအနားတွေ လုပ်ခဲ့ကြသည်။ စာရွက်တွေ ဝေခဲ့ကြသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ အလုပ်တွေ ဆက်လုပ်ကြရမှာပဲ။ ကျနော့်စိတ်ထဲ ဆရာ့လိုပဲ မတင်မကျ သဘော၊ မဝေခွဲတတ်တဲ့သဘော၊ မရှင်းလင်းတဲ့သဘောတွေ ရှိနေပေမယ့် ပါတီလုပ်ငန်းတွေကိုတော့ မဖြစ်မနေ ဆက်လုပ်ကြရမှာပဲမို့လားဆရာ။ ပြီးတော့ ရွေးကောက်ပွဲ ရှိသည်ဖြစ်ပါစေ၊ မရှိသည်ဖြစ်ပါစေ ပါတီကတော့ ရှိကိုရှိနေရမှာပဲမို့လား။ ဒါဆိုရင် သံသယတွေ နောက်တန်းမှာထား၊ လုပ်စရာရှိတာ လုပ်ကိုလုပ်ကြရတော့မှာပဲပေါ့။ ဒီလိုတွေးလိုက်မှပဲ ရင်ထဲမှာ ပေါ့သွားတယ်လို့ ကျနော် ထင်မိတယ်”
မဲရုံက မဲပေးပြီးပြန်လာကြသည့် အမျိုးသမီးကြီးတအုပ်က ခမောက်တဲကြီးရှေ့ ရောက်ကာမှ “ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော်ရှည်ပါစေ” ဟု သံပြိုင်အော်ဟစ်လိုက်ကြ၏။ ကျနော်တို့က လမ်းပေါ်က သူတို့လူအုပ်ကို ညာသံပေးကာ တုံ့ပြန်နှုတ်ဆက်လိုက်ကြသည်။
နေ့တဝက်ကျော်လာခဲ့ပြီ။ မဲရုံရှေ့တွင် မဲပေးသူ ပိုများလာသည်ဟု ထင်မိသည်။ မဲပေးလာသူ အားလုံး လိုလိုက ကျနော်တို့ကို နှုတ်ဆက်သွားကြသည်။ တချို့က ကျနော်တို့နှင့် ခဏတဖြုတ် အတူတွဲပြီး ထိုင်သွားကြ၏။ တချို့က ခမောက်တဲကြီး နောက်ခံထားကာ အမှတ်တရ ဓာတ်ပုံများပင် ရိုက်ကြ၏။
“ဟော … ဦးခင်မောင်ဝင်းတော့ ရောက်လာပြီဗျို့”
ခမောက်တဲကြီးဆီ လွယ်အိပ်တလုံးလွယ်ကာ လျှောက်လာနေသည့် ဦးခင်မောင်ဝင်းကို ကျနော်တို့ အားလုံးက ဝမ်းသာတက်ကြွစွာ ကြိုဆိုလိုက်ကြသည်။
“ဘယ်လိုလဲ၊ အခြေအနေကောင်းရဲ့လား။ ဟိုမှာတော့ အားလုံး ကောင်းပါတယ်။ ခမောက်နဲ့ နှဲ အတူတူပဲ ဆိုပြီး အပင်ပန်းခံ လိုက်ရှင်းထားတာ တော်တော်ထိရောက်သွားတယ်”
ဦးခင်မောင်ဝင်းက ခမောက်တဲကြီးကို သဘောကျသလို မော့ကြည့်ရင်း တဲရှေ့တွင် လာပြီးရပ်လိုက်သည်။ ကျနော်က အခြေအနေကောင်းသည်ဟု ယူဆရကြောင်း မည်သည့်ပြဿနာမျှမရှိကြောင်း ပြန်ပြောပြလိုက်၏။
ဒီကနေ့ မနက်ပိုင်းက ကျနော်တို့ မဲဆွယ်စည်းရုံးရာ ခမောက်တဲကြီးဆီ ဦးခင်မောင်ဝင်း ရောက်မလာနိုင်ခဲ့ပါ။ သူက အုတ်တွင်းမြို့ မဲရုံဆီ အစောကြီး ထသွားရ၏။ အုတ်တွင်းမြို့ အမှတ် (၁) မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဝင်မပြိုင်ခဲ့ပါ။ ဗဟိုမှ ညှိနှိုင်းချက်အရ အဖွဲ့ချုပ်၏ အသက်ကယ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဝင်းက ဝင်ရောက်ယှဉ်ပြိုင်၏။ ထို့ကြောင့် နယ်ခံဖြစ်သူ ဦးခင်မောင်ဝင်းက ယင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်ဝင်းအတွက် ကူညီဆောင်ရွက်ပေးရန် မြို့နယ်အဖွဲ့ချုပ်ရုံးသို့ အစောကြီး သွားနေခဲ့ရခြင်း ဖြစ်သည်။
အမှန်တကယ်အားဖြင့်မူ သူသည် သူ့အတွက် မဲဆွယ်စည်းရုံးသည့် အလုပ်ထက် ဗဟိုမှ ချပေးသည့် အသက်ကယ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် မဲဆွယ်စည်းရုံးသည့်အလုပ်ကို ပိုပြီး အချိန်ပေးခဲ့၏။ အဖွဲ့ချုပ် အသက်ကယ်ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းဝင်းမှာ နယ်မြေခံမဟုတ်။ လူသိနည်းသူလည်း ဖြစ်သည်။ အဖွဲ့ချုပ် အသက်ကယ်ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ သင်္ကေတမှာ “နှဲ” ဖြစ်သည်။ ထို့ကြောင့် ခမောက်ကလွဲ၊ မည်သူ့ကိုမှ မဲမပေးဟု ဆန္ဒပိုင်းဖြတ်ထားသည့် မြို့နယ်လူထုကို “ခမောက်နှင့် နှဲ အတူတူပဲ” ဟု ရှင်းလင်းလှုံ့ဆော်ကာ ဦးခင်မောင်ဝင်းက ဦးဆောင်လျက် နေ့မအား ညမအား စည်းရုံးရေးဆင်းခဲ့ရ၏။ (မှတ်ချက်။ ။ ယင်းအသက်ကယ်ပါတီ၏ ဥက္ကဋ္ဌမှာ ယခုအခါ အဝေးရောက် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဖြစ်လာသူ ဒေါက်တာစိန်ဝင်း ဖြစ်ပါသည်။) ယခုလည်း သူ ဝင်ရောက် ယှဉ်ပြိုင်ရသည့် မဲဆန္ဒနယ် မဲပေးသည့်နေ့ ဖြစ်သည့်တိုင် သူက မြို့နယ်ရုံးသို့သွားကာ အသက်ကယ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ဝိုင်းဝန်းကူညီနေခဲ့ရ၏။ နေ့လည်ပိုင်းကျမှသာ ကျွဲပွဲသို့ ပြန်ရောက်လာခြင်း ဖြစ်သည်။
ထိုနေ့က အုတ်တွင်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးခင်မောင်ဝင်းက ၈ဝ ရာခိုင်နှုန်းကျော် မဲအပြတ်ရရှိကာ အနိုင်ရရှိခဲ့၏။ ဤမဲဆန္ဒနယ်တွင် ဦးခင်မောင်ဝင်းနှင့် အဓိက ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပုဂ္ဂိုလ်မှာ တချိန်က မဆလပါတီ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်ခဲ့သူ ဗိုလ်ချုပ်ထွန်းရီ ဖြစ်သည်။ သူက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
မဲပေးသည့်နေ့က မဲရုံပိတ်ကာနီး အချိန်တွင် ဗိုလ်ချုပ်ထွန်းရီနှင့် အဖွဲ့ မဲရုံသို့ ကား ၄ စီးဖြင့် ရောက်လာခဲ့၏။ အခြွေအရံများ ခြံရံလျက် မဲရုံအတွင်းသို့ ဝင်လာခဲ့၏။ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများက တရိုတသေ ကြိုဆို ကြရ၏။ ဗိုလ်ချုပ်ထွန်းရီနှင့် အဖွဲ့ မဲရုံအတွင်း ၁ဝ မိနစ်ခန့် နေသွားသည်ကို မဲလာပေးသူအားလုံး မြင်၏။ မဲပုံးများထားရာ အခန်းထဲအထိ ဝင်သည်ကိုလည်း အားလုံးသိ၏။ ပထမတော့ ဤသတင်းကို ကြားကြားချင်း ဦးခင်မောင်ဝင်းနှင့် ကျနော်တို့အားလုံး ဒေါသဖြစ်ကြရ၏။ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ထွန်းရီ၏ အပြုအမူကို ရွေးကောက်ပွဲကော်မရှင်ထံ စာရေးပြီးတိုင်ရန် တိုင်ပင်ကြသေး၏။ သို့သော် မဲများရေတွက်ပြီးသောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းက မဲအပြတ်အသတ်နှင့် အနိုင်ရရှိသည့်အဖြေကို ကြားရသဖြင့် ဗိုလ်ချုပ်ထွန်းရီကို တိုင်ကြားရန် စဉ်းစားထားသည်ကို ကျနော်တို့အားလုံး နောက်ဆုတ်ထားလိုက်ကြ၏။ ကျနော်တို့ အောင်ပွဲခံခဲ့ပြီ။ ရထားသည့် အောင်ပွဲနှင့်နွယ်ပြီး နောက်ထပ် မည်သည့်ပြဿနာမျှ မဖြစ်ချင်ကြတော့။
မဲရုံမှ မဲများရေတွက်သည်ကို ဦးခင်မောင်ဝင်းအပါအဝင် လူအတော်များများ ဝိုင်းဝန်းကြည့်ကြ၏။ မဲစာရင်းများ ရေတွက်နေစဉ် လူတွေအားလုံး ငြိမ်သက်စွာ စောင့်ပြီး နားထောင်နေခဲ့ရာက မဲအရေအတွက် နောက်ဆုံး သတင်းထွက်လာသောအခါ လူတွေအားလုံး ဆူညံစွာ အော်ဟစ်လိုက်ကြသည်။ လက်ခုပ် လက်ဝါးတီးကာ ကကြခုန်ကြ၏။ တချို့က ဦးထုပ်များ၊ ထီးများ၊ ဖိနပ်များကိုပင် အပေါ်သို့ ပစ်မြှောက်ကာ တက်ကြွနေခဲ့ကြ၏။
ဦးခင်မောင်ဝင်း၏ မျက်နှာကို ကျနော် အကဲခတ်သည်။ သူ ဘယ်လိုခံစားနေရသည်ကို ကျနော်သိချင်သည်။ ဦးခင်မောင်ဝင်းက ခပ်ပြုံးပြုံးမျက်နှာနှင့် လူအုပ်၏ဘေးမှ လျှောက်လာနေ၏။ ကျနော့်ကိုတွေ့တော့ သူက မျက်နှာကို အားယူပြီး ပိုပြီးပြုံးပြသည်။ ကျနော်က သူ မကြာခဏ ပြောတတ်သည့် စကားတချို့ကိုသာ နားထဲတွင် ကြားနေခဲ့၏။
“ဘယ်လိုပဲဖြစ်ဖြစ်၊ ကျနော်တို့ အလုပ်တွေ ဆက်လုပ်ကြရမှာပဲ။ ကျနော့်စိတ်ထဲ မတင်မကျသဘော၊ မဝေခွဲတတ်တဲ့သဘော၊ မရှင်းလင်းတဲ့သဘောတွေ ရှိနေပေမယ့် ပါတီလုပ်ငန်းတွေကိုတော့ မဖြစ်မနေ ဆက်လုပ်ကြရမှာပဲမို့လား...”
အမှန်တကယ်အားဖြင့်မူ သူက နိုင်ငံရေး မိုးကောင်ကင်တခုလုံး ညစ်ထေးအုံ့ဆိုင်းနေသည်ကို ထိုစဉ်ကတည်းက သံသယဖြစ်နေခဲ့သည်ဟု ကျနော် ခန့်မှန်းမိသည်။
ခပ်ပြုံးပြုံးမျက်နှာနှင့် လမ်းလျှောက်လာနေသည့် ဦးခင်မောင်ဝင်း၏ ဟန်ပန်မှာ အိပ်မက်ထဲတွင် လမ်းလျှောက်လာနေသူနှင့် တူနေသည်ဟု ကျနော်ထင်ခဲ့၏။
(၂)
“ကံကောင်းလို့ မိုးက တပေါက်နှစ်ပေါက်ပဲ ရွာလိုက်လို့ပေါ့။ နို့မို့ဆိုရင် ဒီခမောက်ကြီး ဘယ်လိုမှ သယ်လို့ရမှာ မဟုတ်ဘူး”
“ရွာတော့လည်း ဘာဖြစ်လဲကွာ။ အဲဒါလည်း ရွှေမိုးငွေမိုး သဘောပဲပေါ့။ ဟ … မနက်ဖြန်ကျရင် တမြို့လုံး ပိတောက်တွေ လှိုင်နေတော့မှာ သေချာတယ်။ ဟား … ပိတောက်တွေလှိုင်တဲ့ နှစ်၊ ခမောက်တွေနိုင်တဲ့ ခေတ်၊ ဟုတ်ပါ့ကွာ။ သိပ်ဟုတ်၊ တကယ့်ကို ဟုတ်တာပဲဟေ့”
လူ ၂ဝ ခန့်က ခမောက်ကြီးကို ဝိုင်းဝန်း မ,ယူလာခဲ့ကြသည်။ တလမ်းလုံး တယောက်တပေါက် စကားတွေ ဆူဆူညံညံနှင့် ပြောလာခဲ့ကြ၏။ နေရာလပ်မရှိသဖြင့် ဝင် မ,မဘဲ ဘေးမှ လမ်းလျှောက်လိုက်ပါလာသူတွေက တွေ့သမျှလူကို နှုတ်ဆက်ကြ၏။ ခမောက်ကြီး လမ်းအပြည့် ဝိုင်းမလာကြသည့် ကျနော်တို့ကို လူတိုင်းကလည်း ဝိုင်းဝန်းအားပေးနှုတ်ဆက်သွားကြ၏။
ကားလမ်းနှင့် ရထားလမ်းဖြတ်ရာ နေရာအနီးကို ရောက်လာခဲ့ကြသည်။ ရထားတစင်းက ကျနော်တို့ လူအုပ်ကို တွေ့ဟန်တူ၏။ ကားလမ်းဖြတ်မည့်သဘော ရထားဥသြသံပေးပြီးမှ တဖြည်းဖြည်း နီးလာနေ၏။ ကျနော်တို့ လူသိုက်က ခမောက်ကြီး ခေါင်းပေါ် ရွက် မ,ထားလျက်နှင့်ပင် ရထားလမ်းအောက် ကားလမ်းပေါ် ရပ်နေခဲ့ကြ၏။ ရထားတစင်းလုံးလိုလို ပြတင်းပေါက်များမှ ခရီးသည်တွေ ခေါင်းပြူပြီး ထွက်ကြည့်ကြ၏။ တချို့က ချက်ချင်း သဘောပေါက်ကာ လက်သီးလက်မောင်းတန်း နှုတ်ဆက်လိုက်ကြ၏။ ကျနော်တို့ကလည်း ပြန်လည်နှုတ်ဆက်လိုက်ကြ၏။
ရန်ကုန်-မန္တလေး လမ်းမကြီးပေါ် ရောက်လာခဲ့ကြသည်။ ကျနော်တို့က လမ်းဘေးသို့ကပ်ပြီးမှ ခမောက်ကြီးကို သယ်လာကြသည့်တိုင် မောင်းလာသည့် ကားတချို့က လမ်းဘေးသို့ ဆင်းရပ်ပေးလိုက်ကြ၏။ ကျနော်တို့ကို ပြုံးပြနှုတ်ဆက်လိုက်ကြ၏။ ထိုစဉ်မှာပင် စစ်သားများ အပြည့် တင်ဆောင်လာသည့် စစ်ကားတစီးက ကျနော်တို့ ဘေးမှ ခပ်ဖြည်းဖြည်း ဖြတ်မောင်း၏။ ကားပေါ်က စစ်သားများကို ကျနော်တို့ထဲက လူတယောက်က ရုတ်တရက် လက်တဖက် မြှောက်ပြီးမှ အော်ဟစ် နှုတ်ဆက်လိုက်၏။
“ပြည်သူ့စစ်သား တို့စစ်သား … ကျန်းမာပါစေ”
ကားပေါ်က စစ်သားများမှာ ပထမတော့ ဘာပြန်ပြောရမှန်းမသိဘဲ ကြောင်စီစီ ဖြစ်နေကြသေး၏။ ပြီးမှ ကျနော်တို့ကို ပြန်လည် ပြုံးပြနှုတ်ဆက်ကာ 'အောင်မြင်ကြပါစေ' ဟု ဆုတောင်းပေးလိုက်ကြ၏။
ကျွဲပွဲမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဘေး အဆင်သင့်ပြင်ထားသည့် နေရာတွင် ခမောက်ကြီးကို ထောင်ထားလိုက်ကြသည်။ ရုံး၏ မျက်နှာစာနှင့် ထောင်ထားသည့် ခမောက်ကြီးကို ကားလမ်းပေါ်မှ ထင်ထင်ရှားရှားကြီး မြင်နေရ၏။ အောင်ပွဲခံခဲ့ရသည်ရှိသော် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်လာစေရန် အောင်ပွဲခံ အခမ်းအနားကို နေ့ချင်း မလုပ်ဘဲထားရန် ဆုံးဖြတ်ခဲ့ကြသဖြင့် ထိုနေ့က ရုံးရှေ့တွင် တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် အောင်ပွဲခံခဲ့ကြရ၏။ အထူးသဖြင့် ဦးခင်မောင်ဝင်းက လုံခြုံရေးကို ပိုမိုဂရုစိုက်ရန် အကြံပြုထားသဖြင့် တညနေလုံး၊ တညလုံး ကင်းချပြီးမှ အောင်ပွဲခံကြရ၏။
ညနေ ၆ နာရီခန့် ကားလမ်းပေါ်တွင် လူအသွားအလာ ရှင်းနေစဉ် မဲရုံမှ ပြန်လာကြသည့် လူအုပ်တအုပ်ကို တွေ့ရသည်။ သူတို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ စည်းရုံးရေးမှူးများ ဖြစ်ကြ၏။ သူတို့ရုံးက ကျနော်တို့ အဖွဲ့ချုပ် ရုံးရှေ့မှ သွားမှသာ ရောက်နိုင်၏။ တခြားရွေးစရာလမ်း မရှိ။ ထို့ကြောင့် သူတို့လည်း မျက်နှာငယ်ငယ်နှင့်ပင် ကျနော်တို့ရုံးရှေ့မှ လျှောက်လာကြ၏။ ရုံးရှေ့ကိုရောက်တော့ သူတို့ လူအုပ်ကို ကျနော်တို့အားလုံး လှမ်းကြည့်နေမိကြသည်။ သူတို့အထဲက လူတချို့ကလည်း ကျနော်တို့ဘက်ကို လှမ်းပြီး အကဲခတ်သလို ကြည့်၏။ အမှန်တကယ်အားဖြင့်မူ သူတို့က ကျနော်တို့၏ အဓိက နိုင်ငံရေးပြိုင်ဘက်များ ဖြစ်သည်ဆိုသော်လည်း ကျဉ်းမြောင်းလှသည့် ကျွဲပွဲမြို့လေးထဲတွင် နေ့စဉ် ထိတွေ့ဆက်ဆံနေကြရသော အသိမိတ်ဆွေများပင် ဖြစ်ခဲ့၏။ ထို့ကြောင့် ကျနော်တို့ကလည်း သူတို့ကို အားနာနေမိသည်။
ထိုစဉ်မှာပင် ဦးခင်မောင်ဝင်းက ရှေ့ကို ခြေတလှမ်းတိုးရပ်ကာ ထိုလူအုပ်ကို လက်ပြ နှုတ်ဆက် လိုက်လေသည်။
“မင်္ဂလာပါ ရဲဘော်တို့”
လမ်းပေါ်က တစည စည်းရုံးရေးမှူးများမှာ ရုတ်တရက် လမ်းသွားရပ်လိုက်ကြ၏။ ကျနော်တို့ဘက်သို့ ပြိုင်တူလိုပင် လှည့်ကြည့်ကြသည်။ ပြီးတော့ ဇာတ်တိုက်ထားသလိုပင် သူတို့အားလုံး ပြန်လည် နှုတ်ဆက် လိုက်ကြလေသည်။
“မင်္ဂလာပါ ဦးခင်မောင်ဝင်း”
ပင်ပန်းနွမ်းနယ်နေသော မျက်နှာနှင့် ဦးခင်မောင်ဝင်းက လမ်းပေါ်က လူအုပ်ကို ပြန်ကြည့်နေသည်။ ပြီးတော့ အမှတ်မထင် မိုးကောင်းကင်ကို မော့ကြည့်၏။ ထို့နောက် ကျနော့်ဘက်သို့လှည့်ကာ စကားတခွန်း ပြောလိုက်လေသည်။
“မိုးသားတွေ မဲနေပါလား ဆရာရေ။ နိုင်ငံရေး ရာသီဥတုကတော့ တကယ့်ကို မှုံမှိုင်းနေတာပဲဗျနော”
ကျနော်က သူ့ စကားကို သဘောတူကြောင်း ခေါင်းညိမ့်ပြီး ပြလိုက်မိလေသည်။ ။
(ဦးခင်မောင်ဝင်းမှာ အုတ်တွင်းမြို့ အမှတ် (၂) မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်တုန်းက သူ့ကို စစ်အစိုးရက ချဲမှုနဲ့ မတရား အမှုဆင်ပြီး ထောင်ချခဲ့လို့ ထောင်ထဲမှာ ၁ဝ နှစ်နဲ့ ၁၅ ရက်နေပြီးမှ ပြန်လွှတ်ခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ သူ့ကို စစ်အစိုးရက ထပ်မံဖမ်းဆီးပြီး နှစ် ၂ဝ ထောင်ဒဏ်ချပြန်ပါတယ်။ အခုဆိုရင် ဦးခင်မောင်ဝင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထဲမှာ ထောင်ဒဏ်အများဆုံး ချမှတ်ခံရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ အကျဉ်းချခံနေရတဲ့ အဲဒီပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးတဲ့ ဆောင်းပါးဖြစ်ပါတယ်။)
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment