Tuesday, January 5, 2010

စုတ်ချက်ကြမ်းပေမယ့် ရုပ်ထွက်ဆန်းပါတယ် - ၂

မေရနံ့

ကရင့်ရိုးရာ နှစ်သစ်ကူးနေ့ အခမ်းအနားကိုတော့ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ နို့ဖိုးဒုက္ခသည် စခန်းတွင်းမှာရှိတဲ့ ကရင် ခေါင်းဆောင်ကြီးတွေက ဦးဆောင် ကျင်းပခဲ့ကြပါတယ်။ အဲဒီနေ့ဟာ ကရင့်သက္ကရာဇ်အားဖြင့် ၂၇၄၉ ခုနှစ် သလေ-လဆန်း ၁ ရက်နေ့လည်း ဖြစ်ပါတယ်။

ဒီသလေ - လဆိုတာနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ကိုတော့ လက်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင်းက အထက်တန်း ကျောင်းတခုမှာ ကျောင်းအုပ်ကြီးတာဝန် ယူထားရတဲ့ ဆရာကြီးက “ကျနော် နားလည်သလောက် လက်တန်းပြောရရင်ဗျာ .. ကောက်သစ်စားရပြီး နေရာသစ်ရှာတဲ့ အချိန်လို့ ပြောရမယ်ပေါ့။ ကျနော်တို့ တောင်ယာတွေခုတ်ပြီး၊ ရိတ်သိမ်းပြီး အဲဒီစပါးကျီထဲမှာ ထည့်ပြီးနောက်ပိုင်း နေရာလှည့်ရှာတာပဲ။ လာမယ့်နှစ် ကျနော် ဘယ်နေရာမှာ ခုတ်ရမလဲ၊ ဘယ်နေရာမှာကောင်းလဲလို့ အဲလို တောင်ယာလိုက်ရှာတယ်။ အဲဒါ သလေလို့ ခေါ်တာပဲ” ဆိုပြီး သူ နားလည်သလောက်ကို ရှင်းပြပါတယ်။

ဒီအခမ်းအနားကိုတော့ နို့ဖိုးစခန်းအတွင်းမှာ အကျယ်ဆုံးနဲ့ သွားလာရအကောင်းဆုံး နေရာဖြစ်တဲ့ ဘောလုံးကွင်းကြီးမှာပဲ နို့ဖိုးစခန်းရဲ့ တောင်ကုန်းကြီးကို နောက်ခံထားပြီး ကျင်းပခဲ့ကြပါတယ်။ နို့ဖိုးဒုက္ခသည်စခန်း အနီးအနား ရွာတွေဖြစ်ကြတဲ့ ကွိလထော၊ ကလော်ထော၊ ကွိတ၊ ပန်ခရိုင် စတဲ့ ကျေးရွာတွေက ကရင်တွေအပြင် NGO အဖွဲ့အစည်းတွေက နိုင်ငံခြားဧည်သည်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒီကရင်တွေဟာ တကယ်တော့ မြန်မာပြည်ဖွား ကရင်တိုင်းရင်းသားတွေ ဖြစ်ပါတယ်။

သူတို့တွေက ပြည်တွင်း စစ်ဘေးစစ်ဒဏ်တွေကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ် ကာလတွေတွေကတည်းက ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ကြရင်း ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံထားကြသူတွေ များပါတယ်။

သူတို့အခြေအနေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားကြီး စောကွယ်ထူးက “သူတို့က ဒီမှာ ကရင်နှစ်သစ်ကူးကို မကျင်းပနိုင်ကြဘူး။ တချို့လည်း မသိကြဘူး။ ဒါပေမဲ့ ကျနော်တို့ ကရင်တွေပဲ၊ အရင်တုန်းက နှစ်သစ်ကူးဆိုတဲ့ အဓိပ္ပာယ်ကိုတောင် သိတဲ့သူ ဒီဘက်မှာ တော်တော်ရှားတယ်။ သူတို့က ထိုင်းကရင်၊ ကျနော်တို့က ဗမာကရင်ဆိုတဲ့ အယူအဆမျိုးလည်း ရှိကြတယ်ပေါ့။ အဲလိုဖြစ်မယ်ထင်တယ်။ အခုနောက်ပိုင်းတော့ အဲဒီအယူတွေ သိပ်မရှိကြတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်က ကရင်အဖွဲ့အစည်းတွေ ဒီဘက်ရောက်လာတဲ့ ကရင်တွေက စည်းရုံးကြလို့ပေါ့။ ဒါကြောင့် အခု ကျနော်တို့ဆီကို စုလာကြတာပဲ။ တခြား ဘယ်မှာမှ သိပ်ပြီး ကျင်းပနိုင်ကြတာ မရှိကြဘူးလေ” ဆိုပြီး ပြောပြပါတယ်။

ကရင့်နှစ်သစ်ကူး အခမ်းအနားမှာတော့ (ပိုးကရင်စကား၊ စကောကရင်စကား၊ ဗမာစကား) ဘာသာစကား ၃ မျိုးနဲ့ အခမ်းအနားမှူးက ကြေညာပေးပြီး ကရင်တော်လှန်ရေး ခေါင်းဆောင်ကြီးတွေက အသီးသီး သြဝါဒစကားတွေ မိန့်ကြားခဲ့ပါတယ်။ ဒီအထဲမှာမှ ဗမာလို သြဝါဒစကား အပြည့်အစုံ ပြောကြားသွားတဲ့ ဧည့်သည်တော် (ကေအန်ယူ ဗဟိုကော်မတီဝင်) ဦးမန်းငြိမ်းမောင်က -

‘‘၂၇၄၉ ခုနှစ် ကရင့်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို တက်ရောက်လာကြတဲ့ ကရင်တမျိုးသားလုံးနဲ့တကွ ဗမာပြည်ဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးများဖြစ်ကြတဲ့၊ ဗမာပြည်ဖိနှိပ်ခံ ဘဝတူညီအကိုတော် တိုင်းရင်းသားများ ဖြစ်ကြတဲ့ ကချင်အမျိုးသာများ၊ ချင်းအမျိုးသားများ၊ မွန်အမျိုးသားများ၊ ဗမာအမျိုးသားများ၊ ရခိုင်အမျိုးသားများ၊ ရှမ်းအမျိုးသားများနဲ့ ဝ၊ ပအိုဝ်၊ ပလောင်၊ လားဟူ အစရှိတဲ့ ဘဝတူ တိုင်းရင်းသားညီအကိုတွေ ကျနော်တို့ ကရင့်နှစ်သစ်ကူး ပွဲတော်ကို ကြွရောက်ချီးမြှင့်အားပေးတဲ့အတွက် ကျနော်တို့ ကရင်တမျိုးသားလုံးရဲ့ ကိုယ်စား၊ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးရဲ့ ကိုယ်စား အထူးဥပကာရ ကျေးဇူးတင်ရှိကြောင်း ဦးစွာ ပြောကြားလိုပါတယ်''

''ကျနော်တို့ ဒီနေ့ ကရင်နှစ်သစ်ကူး ပွဲတော်မှာ နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဖူးကြည်ရွှေ၊ နို့ဖိုးစခန်း ဥက္ကဋ္ဌ ဦးလှချယ်၊ ဒီခေါင်းဆောင်ကြီး နှစ်ဦး ပြောကြားသွားတာ ရှိပါတယ်။ ကျနော်တို့ ဒီကနေ့ ကရင်နှစ်သစ်ကူး ပွဲတော်ကို ကျင်းပရတာ ကိုယ့်တိုင်း၊ ကိုယ့်ပြည်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ တခြားတိုင်း၊ တခြားနိုင်ငံမှာ ကျင်းပရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဘဝတူ တိုင်းရင်းသားအားလုံး ဒါကို မမေ့ကြဖို့ လိုတယ်။ ကျနော်တို့ဟာ ကျနော်တို့တိုင်း၊ ကျနော်တို့ပြည်မှာ ကိုယ့်အမျိုးသားပွဲတော်၊ ကိုယ့်ယဉ်ကျေးမှု ပွဲတော်ကို ဘာဖြစ်လို့ မကျင်းပနိုင်သလဲ၊ ဒါကို ဒီကနေ့ ကျနော်တို့ သတိထားမိဖို့ ကျနော် အနည်းငယ် ပြောကြားလိုပါတယ်''

''ကျနော်တို့ တိုင်းပြည်မှာ၊ ကျနော်တို့ ဗမာပြည်လို့ ခေါ်တဲ့ ကျနော်တို့ တိုင်းပြည်မှာ ဒီနေ့ ကျနော်တို့ တိုင်းရင်းသား လူမျိုးတွေ အားလုံးဟာ ဒီထိုင်းနိုင်ငံကို တရားမဝင်တဲ့ နည်းနဲ့ ထွက်ပြေးတိမ်းရှောင် ခိုလှုံပြီးတော့ ရောက်ရှိလာတာ လူဦးရေ ၁ သန်းကျော်ပါတယ်။ ဗမာပြည်မှာ ရှိကြတဲ့ တိုင်းရင်းသားလူမျိုး ၁ သန်းကျော်ကို ခိုလှုံနေထိုင်ခွင့်ပြုတဲ့ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်နှင့်တကွ ထိုင်းနိုင်အစိုးရရဲ့ ဒီကျေးဇူးတရားကို ဘယ်တော့မှ မမေ့ဖို့ ကျနော် တိုက်တွန်း ပြောကြားလိုပါတယ်''

''ဒါကြောင့်မလို့ တိုင်းပြည်တပြည် ဒီတိုင်းပြည်မှာ အုပ်ချုပ်တဲ့မင်း အဲဒီ မင်းတို့မည်သည်မှာ ရှေးအစဉ်အဆက် အတီတေဘဝကတည်းက မင်းကောင်းမင်းမြတ်တွေရဲ့ ကျင့်စဉ်နဲ့ ပတ်သက်ပြီးကျနော်တို့ ဗုဒ္ဒဘာသာ တရားတော်မှာ မင်းကျင့်တရား ၁ဝ ပါးဆိုတာ ရှိပါတယ်။ မင်းကျင့်တရား ၁ဝ ပါးဟာ ကျနော် ဟိုး ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်ပွဲရပြီးတော့ ကျနော်တို့ တိုင်းနိုင်ငံမှာ တရားစောင့်တဲ့ မင်းများ ပေါ်မလားဆိုပြီးတော့ မျှော်လင့်တဲ့အချိန်မှာ ကျနော်တို့ မရရှိခဲ့ပါဘူး။ အဲဒါကြောင့်မလို့ အဲဒီတုန်းက ကျနော်တို့ဟာ တပ်ပေါင်းစုအနေနဲ့ ဒီအေဘီ စစ်ကြောင်းကို ဖွဲ့စည်းပြီးတော့ ရှေ့တန်းမှာ စစ်ရေးအရ လှုပ်ရှားခဲ့တယ်''

''ကျနော်က အဲဒီ ဒီအေဘီ စစ်ကြောင်းတခုမှာ စစ်ကြောင်းမှူးတာဝန်နဲ့ ကျနော် ယူခဲ့ရတယ်။ စစ်ကြောင်းမှူးဘဝနဲ့ တပ်မဟာ ၆ မှာ၊ သပြေကုန်းဆရာတော်ဆီ ကျနော်ရောက်တော့ ကျနော်က မင်းကျင့်တရား ၁ဝ ပါးကို အင်မတန် သိချင်တယ်။ သိချင်တဲ့အတွက် သပြေကုန်း ဆရာတော်ကြီးဆီမှာ ကျနော် လျှောက်ထားတော့ သပြေကုန်း ဆရာတော်ကြီးက မင်းကျင့်တရား ၁ဝ ပါးကို ချီးမြှင့်ပါတယ်။ ကျနော် ဒါကို အင်မတန်မှ ကြည်ညိုတဲ့အတွက် အိတ်ထဲမှာ အမြဲဆောင်ထားပါတယ်။ ဒါကို ဒီပွဲတော်မှာ တက်ရောက်လာတဲ့ ကျနော်တို့ တိုင်းရင်းသားလူမျိုးစုံ ပြည်သူတွေကို ကျနော် မျှဝေပြီးတော့ ပြောကြားလိုတယ်''

''ပါဠိလိုကတော့ - ဒါနံ၊ သီလံ၊ ပရိစ္စာဂံ၊ အဇ္ဇဝံ၊ မဒ္ဒဝံ၊ တပံ၊ အက္ကောဓံ၊ အဝိဟိသဉ္စ၊ ခန္တီစ၊ အဝိရောဓနံ၊ မင်းကျင့်တရား ၁ဝ ပါး''

''ဒါနံ၊ သီလံ - ဒါ ကျနော်တို့ လူတိုင်းသိကြတယ်။ မင်းကောင်းမင်းမြတ်တို့ မည်သည်မှာ၊ တရားစောင့်တဲ့ မင်းတို့ မည်သည်မှာ ဒါနအလှူပေးကမ်းရမယ်။ သီလံ - သီလစောင့်ထိန်းရမယ်။ ပရိစ္စာဂံ - စွန့်ကြဲပေးကမ်းရမယ်၊ လစာရိက္ခာလုံလောက်အောင် ပေးရမယ်။ အဇ္ဇဝံ - ဖြောင့်မတ်ရိုးသားစွာ ကျင့်ရမယ်၊ မဒ္ဒဝံ - မင်းတို့မည်သည်မှာ စိတ်နှလုံး နူးညံ့သိမ်မွေ့အောင် ကျင့်ရမယ်။ တပံ - ခြိုးခြံချွေတာခြင်း ရှိရမယ်။ အက္ကော
ဓံ - အမျက် စောင်းမာန် မကြီးရဘူး။ အဝိဟိံသ - မင်းတို့မည်သည်မှာ တိုင်းသူပြည်သားတွေကို မညဉ်းဆဲရဘူး၊ ခန္တီစ - သီးခံခြင်းတရားနဲ့လည်း ပြည့်စုံရမယ်၊ အဝိရောဓနံ - တိုင်းသူပြည်သားတွေရဲ့ အလိုဆန္ဒတွေ ဆန့်ကျင်ပြီးတော့ မအုပ်ချုပ်ရဘူးတဲ့''

''အဲတော့ ကျနော်တို့ ဗမာပြည်မှာ အုပ်ချုပ်နေတဲ့ မင်းဟာ အဲဒီမင်းကျင့်တရား ၁ဝ ပါးနဲ့ မညီလို့၊ ကျနော်တို့ တိုင်းသူပြည်သားတွေဟာ အဲဒီ မင်းဆိုးမင်းညစ်တွေရဲ့ ဘေးရန်တွေကို ကြောက်လို့ ကျနော်တို့ ထွက်ပြေးခဲ့ကြရတယ်။ ဒါပေမယ်လို့ ကျနော်တို့ဟာ ရောက်တဲ့အရပ်၊ ရောက်တဲ့တိုင်းပြည်မှာ၊ ကျနော်တို့ ဒီနေ့ ထိုင်းနိုင်ငံမှာ ရောက်တဲ့အခါကျတော့ ထိုင်းနိုင်ငံက ဘုရင်မင်းမြတ်ကို ကျမ်းမာချမ်းသာစေကြောင်း ကျနော်တို့ အမြဲတမ်း မေတ္တာပို့ရမယ်။ သူရဲ့ ဘုန်းကံ၊ အရိပ်အာဝါသမှာ ထိုင်းဘုရင်၊ ထိုင်းအစိုးရရဲ့ ကျေးဇူးကြောင့် ကျနော်တို့ဒီမှာ နေထိုင်နေကြရတယ်။ ဒါကြောင့် တရားစောင့်တဲ့ မင်းနဲ့ တရားမစောင့်တဲ့ မင်းကို ကျနော်တို့ ဘဝအရ နှိုင်းယှဉ်ပြီးတော့ ကျနော် ပြောကြားလိုတယ်''

''နောက်တခုကတော့ ကျနော်တို့ ကရင်အမျိုးသားတွေဟာ ကျနော်တို့ရဲ့ အမျိုးသား အခွင့်အရေးအတွက် ဒီနေ့ ရုန်းကန်လှုပ်ရှားခဲ့တာ နှစ်ပေါင်း ၆ဝ ကျော်ပြီ။ ကျနော်တို့က ကိုယ့်အမျိုးသား အခွင့်အရေးအတွက် နှစ်ပေါင်း ၆ဝ ကျော်။ ဒီရှည်ကြာတဲ့ ခရီးမှာ ကျနော်တို့ဟာ မဆုတ်မနစ်နဲ့ တိုက်ပွဲဝင်နေတယ်။ ကျနော်တို့ ဘဝတူဖြစ်ကြတဲ့ ကချင်၊ ချင်း၊ ကရင်၊ ရှမ်း၊ မွန်၊ ရခိုင်၊ ဗမာ အစရှိတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ကျနော်တို့ သွေးစည်းညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်နေတယ်။ ဒါကြောင့်မလို့ ကျနော်တို့ ဒီကနေ့ ကျနော်တို့ဟာ ရှည်ကြာတဲ့ အမျိုးသားရေး တိုက်ပွဲမှာ ကျနော်တို့က နောက်မဆုတ်ပါဘူး။ ကျနော်တို့ ရှေ့ကို တလှမ်းချင်း ချီတက်နေတယ်''

''ဒီလို ရှေ့ကို တလှမ်းချင်း ချီတက်နေတဲ့ ကျနော်တို့ရဲ့ ခြေလှမ်းတွေဟာ တိုင်းရင်းသား လူမျိုးစုံ ပြည်သူတွေနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ သွေးစည်းညီညွတ်ရေးကို တည်ဆောက်နေတယ်။ ဒီလိုရှည်ကြာတဲ့ တိုက်ပွဲမှာ ကျနော်တို့ တိုင်းသူပြည်သားတရပ်လုံး၊ ကျနော်တို့ တိုင်းရင်းသားလူမျိုးစုံ ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ တိုင်းရင်းသားလူမျိုးတွေ တောင့်တနေတဲ့ အမျိုးသားရေး အခွင့်အရေးတွေကို တနေ့ မုချရမယ်ဆိုတာ ကျနော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတယ်။ ဒါကြောင့်မလို့ ကျနော်တို့ ဒီနှစ်သစ်ကူးမှာ ကျနော့်အနေနဲ့ ကျနော်တို့ ကရင်အမျိုးသားတွေရဲ့ သံဓိဋ္ဌာန်ကို ကျနော် ပြောကြားလိုတယ်''

''ကျနော်တို့ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးက ကျနော်တို့ ကရင်တမျိုးသားလုံးကို သြဝါဒ ပြောကြားခဲ့တယ်။ အဲဒီသြဝါဒစကားကို ဒီနှစ်သစ်ကူးမှာ ကျနော်တို့ တော်လှန်ရေးစကား လက်ဆောင်၊ နှစ်သစ်ကူးစကား လက်ဆောင်အဖြစ်နဲ့ ကျနော် ပြောကြားလိုတယ်''

''ပဒိုစောဘဦးကြီးရဲ့ သြဝါဒက ဘယ်လိုပြောကြားခဲ့သလဲ ဆိုလို့ရှိရင် ကျနော်တို့ ကရင်လူမျိုးတွေဟာ တော်လှန်ရေး တခါမှ မလုပ်ခဲ့ဖူးတဲ့။ အခု ကျနော်တို့ ကရင်လူမျိုးတွေဟာ တော်လှန်နေကြတယ်။ ဒီတော်လှန်ရေးဟာ ပထမဦးဆုံးနဲ့ နောက်ဆုံး ဖြစ်တယ်တဲ့။ ဒါ စောဘဦးကြီး ပြောကြားခဲ့တဲ့ သြဝါဒစကား ဖြစ်တယ်''

''ကျနော်တို့ ကရင်အမျိုးသားတွေက နှစ်ရှည်ကြာတဲ့ သမိုင်းကာလ တလျှောက်လုံးမှာ အုပ်ချုပ်တဲ့ လူတန်းစား တခါမှ မဖြစ်ခဲ့ဘူး။ ကျနော်တို့ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌကြီးရဲ့ မိန်းခွန်းမှာ ပါရှိပါတယ်။ ကျနော်တို့ ဗမာပဒေသရာဇ်တွေ၊ မွန်ပဒေသရာဇ်တွေရဲ့ လက်အောက်မှာ ကျနော်တို့က အဖိနှိပ်ခံ လူမျိုးတမျိုးအနေနဲ့ ပင်ပင်ပန်းပန်း နေထိုင်ခဲ့ရတယ်၊ အသက်ရှင်ခဲ့ရတယ်၊ ရပ်တည်ခဲ့ရတယ်''

''ဒါကြောင့်မလို့ စောဘဦးကြီးက ကရင်လူမျိုးတွေဟာ တခါမှ တော်လှန်ရေးမလုပ်ဖူးဘူး။ ဒီတော်လှန်ရေးဟာ ပထမဦးဆုံးနဲ့ နောက်ဆုံးဖြစ်တယ်။ ဒါ ကျနော်ပြောကြားလိုတယ်''

''ဒုတိယ - စောဘဦးကြီးပြောခဲ့တဲ့ သြဝါဒစကားမှာ ကျနော်တို့ ကရင့်တော်လှန်ရေးဟာ ဘယ်တော့မှ မရှုံးနိုင်ဘူးတဲ့။ ကရင်တမျိုးသားလုံးဟာ၊ ကရင်တွေဟာ တယောက်မကျန် ရန်ကုန်ကို ဆင်းပြီးတော့ လည်စင်းပြီးတော့ မပေးသမျှ ကရင့်တော်လှန်ရေးဟာ ဘယ်တော့မှ မရှုံးနိုင်ဘူးတဲ့။ ကရင့်တော်လှန်ရေးဟာ မုချအောင်ပွဲခံရမယ်လို့ ပြောကြားသွားခဲ့တယ်။ ဒါကြောင့်မလို့ ပဒိုစောဘဦးကြီးရဲ့ မိန့်ခွန်းနဲ့ ကရင့်တော်လှန်ရေးဟာ မုချအောင်ပွဲခံရမယ်။ ဘဝတူ တိုင်းရင်းသား လူမျိုးစုံပြည်သူတွေနဲ့ စည်းလုံးညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီးတော့ ကျနော်တို့ ရှေ့ကို တလှမ်းချင်း၊ တလှမ်းချင်း ညီညာတဲ့ တိုက်ပွဲဝင် ခြေလှမ်းတွေနဲ့ ချီတက်သွားမယ်ဆိုလို့ရှိရင်၊ ကျဆုံးသွားတဲ့ ကျနော်တို့ တိုင်းပြည်မှာ သူရဲကောင်း အာဇာနည်တွေရဲ့ ခြေလှမ်းတွေကို ထပ်ချပ်မကွာ လိုက်ပါချီတက်ပြီးတော့ ဒီနေ့ ဖက်ဆစ် စစ်အာဏာရှင်အစိုးရကို တိုက်ပွဲဝင်သွားကြမယ်ဆိုလို့ရှိရင် ကျနော်တို့ မျှော်မှန်းနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ၊ ကျနော်တို့ တိုင်းရင်းသားတွေအားလုံး မျှော်မှန်းနေတဲ့ တိုင်းရင်းသား၊ အမျိုးသား အခွင့်အရေးတွေကို တနေ့ မုချရရှိမယ်ဆိုတာကို ကျနော် ပြောကြားလိုပါတယ်” ဆိုပြီး သြဝါဒစကား ပြောကြားခဲ့ပါတယ်''

''ကရင်နှစ်သစ်ကူးကို ကရင့်အမျိုးသားအလံကြီး တလူလူလွှင့်ထူပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ လွတ်လပ်မှု အတိုင်းအတာတခုအရ စည်စည်ကားကား ကျင်းပနိုင်ခဲ့တာဟာ တကယ့်တော့ လွယ်လှတာ မဟုတ်ပါဘူး။ နိုင်ငံရပ်ခြား တနေရာက လူမျိုးခြားတွေရဲ့ အုပ်ချုပ်မှုအောက်မှာ ဒီလို ခမ်းခမ်းနားနားနဲ့ ကျင်းပနိုင်တာဟာ အစဉ်အဆက်က ခေါင်းဆောင်ကြီးတွေရဲ့ ကြိုးစားမှု ရလဒ်တခုပဲ ဖြစ်ပါတယ်''

ဦးစောလားလေးကတော့ ‘‘ကျနော်တို့ ရောက်ခါစက ကျနော်တို့ အမျိုးသားအလံကို ထောင်လို့ မရဘူး။ ကျနော်တို့က လူသစ်ဆိုတော့ ဒီနယ်သားတွေက ကျနော်တို့ကို ဘယ်လိုလူစားလဲ၊ ဘယ်လိုလူတွေလဲ ဆိုတာသူတို့ မသိကြဘူး။ ဒီတော့ ယုံကြည်မှု သိပ်မရှိလှဘူး။ ဒါကြောင့် နှစ်သစ်ကူးပွဲ ကျင်းပတဲ့ နေရာမှာ အခက်အခဲတွေ၊ ကန့်သတ်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်။ နောက်ပိုင်း ကျနော်တို့ နေပုံထိုင်ပုံ၊ လုပ်ပုံကိုင်ပုံ ပြီးတော့ ကျနော်တို့ ကရင်တွေက ပူးပေါင်းဆောင်ရွက်တာတွေလည်း ရှိလာတော့ သူတို့ သိလာတယ်''

''ဒါ ငါတို့ကို ဒုက္ခပေးမယ့် လူတွေမဟုတ်ဘူး။ ဒီအလံက နိုင်ငံရေးအလံ မဟုတ်ဘူး၊ အမျိုးသားရေးအလံ ဆိုတာကို သူတို့ သိလာတော့ နောက်ပိုင်း ထောင်ခွင့်ပြုလာတယ်။ ဒါပေမဲ့ ကျနော်တို့ ပြည်မဟုတ်တဲ့အပေါ်မှာ၊ သူတို့ ပိုင်ရှင်လို့ ပြောရမှာပေါ့။ အဲ သူတို့ ထိုင်းအလံထက်တော့ မမြင့်ရဘူးပေါ့။ သူတို့ အလံအောက်မှာပဲ ရှိရမယ်ပေါ့။ ဒါကို ကျနော် လက်ခံနိုင်တယ်။ ကျနော်တို့အနေနဲ့ကတော့ ကရင်နှစ်သစ်ကူးကို ကရင်ပြည်မှာပဲ ပြန်ကျင်းပချင်တာပေါ့။ ဒါပေမဲ့ ကျင်းပလို့ မဖြစ်နိုင်တဲ့ အပေါ်မှာ နည်းနည်းပါးပါးရတဲ့ အခွင့်အရေးကို အရယူပြီး ကျင်းပနေရတယ်။ ရိုးရာယဉ်ကျေးမှုလေး မပျောက်ရအောင်ပေါ့” ဆိုပြီး ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် ကျမတို့ အပါအဝင် တိုင်းရင်းသားပေါင်းစုံဟာ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာ မဟုတ်တဲ့ အပေါ်မှာ လွတ်လပ်မှု အတိုင်းအတာတခုအရ ပျော်ရွှင်မှု တစုံတရာရှိကြတယ်လို့ ဆိုနိုင်ပေမယ့် နောက်ဆုံး မျှော်လင့်ကြတာတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အဝရှိတဲ့ ကိုယ့်ပြည်ထောင်စုကြီး အတွင်းမှာပဲ ကိုယ့်ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာတွေနဲ့ အေးအေးချမ်းချမ်း နေထိုင်ချင်ကြတာပဲ ဖြစ်ပါတယ်။

ဒီလို နေထိုင်နိုင်ဖို့အတွက်ပဲ အများစုသော တိုင်းရင်းသားတွေက ကြိုးစားနေကြတာပါ။ နောင်လာမယ့် နှစ်တွေမှာ တိုင်းရင်းသားပေါင်းစုံနဲ့ ရိုးရာယဉ်ကျေးမှု ပေါင်းစုံဟာ ကိုယ့်ပြည်၊ ကိုယ့်ရွာမှာပဲ တိုင်းရင်းသား ညီအကိုပေါင်းစုံနဲ့ ချစ်ချစ်ခင်ခင် အတူယှဉ်တွဲပြီး အခုလို ကျင်းပခွင့် ရရှိနိုင်မယ့် နေ့တနေ့ကို ကျမ မျှော်လင့်မိပါတော့တယ်။

No comments: