Sunday, January 3, 2010
ရွာတဲ့မိုးနဲ့ ခံတဲ့အိုး
ကွယ်လွန်သူ ကဗျာဆရာ မောင်ချောနွယ်က “မောင်ချောနွယ်အတု” ဆိုပြီး ကဗျာစာအုပ် တအုပ် ထုတ်ခဲ့ပါတယ်။ မောင်ချောနွယ်အစစ်က မောင်ချောနွယ်အတုတယောက် ဖန်တီးပြီး ကဗျာဖတ်သူကို စကားပြောတဲ့ သဘောပဲပေါ့။ ဟုတ်ပါတယ်။
ကဗျာဆိုတာက အစစ်ကိုတုပရတဲ့ အနုပညာပစ္စည်းပါ။ လူ့ဘဝ အစစ်အမှန်ကနေပြီး ရောင်ပြန်ဟပ်ထားတဲ့ ဘဝရဲ့ အရိပ်၊ ကိုယ်ပွားတခုပါပဲ။ ဒါကို ကဗျာဆရာက အတုကို အတုမှန်းမသိရအောင် အစစ်လိုပဲ ခံစားလက်ခံလာရအောင်၊ ကဗျာဖတ်သူရဲ့ရင်ထဲ အနက်ရှိုင်းဆုံးအထိ ရောက်အောင် ဥပမာ၊ ဥပမေယျတွေသုံးပြီး တင်စားချက်တွေသုံးပြီး ပြောတဲ့နည်းပါ။ ဒီနေရာမှာ ကဗျာဆရာက အစွန်းတွေကို လွတ်အောင်ရှောင်နိုင်လေ ကဗျာက ပိုပြီး ရသမြောက်၊ ထိချက်ပြင်းလေလေပါပဲ။
အစွန်းတွေကို ပြောပါဆိုရင် အလွန်အကျူး ထိန်ဝှက်လွန်းတာမျိုးနဲ့ အလွန်ရိုးအလွန်းတာမျိုးတွေကို ပြောတာပါ။ ဒါတွေကို ကဗျာဆရာက အပိုအလိုမရှိ၊ တနည်းအားဖြင့် မဇ္ဈိမ ပဋိပဋာကျအောင်ဖွဲ့ရင် အဲဒီကဗျာဟာ ထိရောက်အောင်မြင်လာရမှာပါပဲ။
ကျနော်တို့နိုင်ငံမှာ ခေတ်ပေါ်ကဗျာရယ်လို့ ပေါ်ပေါက်လာတာ ၁၉၇ဝ ခုနှစ်လောက်ကစပြီး ရေတွက်မယ်ဆိုရင် နှစ် ၃ဝ ကျော်ပါပြီ။ အခုဆိုရင် ခေတ်ပေါ်လွန်ဆိုတာတွေလည်း ရှိနေပါပြီ။ ဒါပေမဲ့ ကြုံကြိုက်လို့ ပြောစရာလေးတခုတော့ ပြောလိုက်ချင်ပါသေးတယ်။ စာရေးဆရာအောင်သင်းနဲ့ လွတ်လပ်သော အာရှအသံ (RFA) တို့ တွေ့ဆုံမေးမြန်းခန်းလုပ်တဲ့အခါ ဆရာအောင်သင်းက ခေတ်ပေါ်ကဗျာနဲ့ ပတ်သက်တဲ့ စကား ပြောခဲ့တာ ရှိပါတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူက ခေတ်ပေါ်ကဗျာဆိုတာ အခြေအမြစ်မခိုင်တဲ့ စာပေရေပွက်ကလေးတခုသာ ဖြစ်တယ်ဆိုတဲ့သဘော သွယ်ဝိုက်ပြီး ပြောပါတယ်။
ဒါကြောင့်မို့ ခေတ်ပေါ်ကဗျာဆိုတာ ရေပွက်ကလေး တပွက်မျှသာ ဖြစ်တာမို့ မကြာခင် ပျောက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒီကိစ္စ အလောင်းအစား လုပ်မလားဆိုတဲ့အထိ ပြောပါတယ်။ ဒါကိုကြားတော့ ကျနော် ပြုံးမိတယ်။ သူက ဒီလိုပြောနေတဲ့အချိန်မှာ မြန်မာပြည်က ထွက်သမျှ မဂ္ဂဇင်းတိုင်းလိုလိုမှာ ခေတ်ပေါ်ကဗျာတွေချည်း တမိုးလုံးဖျောက်ဆိတ်ဖြစ်နေတာ သူမသိဘူးနဲ့ တူပါရဲ့။ ပြီးတော့ ခေတ်ပေါ်ကဗျာက အသက်ဝင်လှုပ်ရှားလာတာ တော်တော်လေးတောင် လူလားမြောက်နေပြီပဲ။ ကျနော်က သူ့ရဲ့အမြင်ကို မပြောဖို့ ကန့်ကွက်တဲ့သဘော မဟုတ်ပါဘူး။ သူ့အမြင်ကိုပဲ သဘောမတူတာပါ။ အေးလေ ဒါကတော့ လွတ်လပ်စွာ သဘောကွဲလွဲကြတဲ့ သဘောပေါ့။ ကျနော်တို့ လှပစွာ ငြင်းခုန်ကြရမှာပေါ့။
အခုဆိုရင် ခေတ်ပေါ်ကဗျာနဲ့ပတ်သက်ပြီး ခေတ်ပေါ်ကဗျာဆိုင်ရာ လက္ခဏာရပ်တွေလည်း အတော်အတန် ပြည့်စုံသလောက် ပြည့်စုံအောင် ပြောခဲ့ကြပြီးပါပြီ။ ဒီအထဲက ကျနော် စိတ်ဝင်စားတဲ့ လက္ခဏာတခု ရှိပါတယ်။ အဲဒါကတော့ ခေတ်ပြိုင်ရင်ခုန်သံကို ဖော်ပြတဲ့ လက္ခဏာပါပဲ။ ''ခေတ်ပြိုင်ရင်ခုန်သံ'' ဆိုတဲ့ စကားလုံးကို ဆရာဒဂုန်တာရာက စတင်သုံးစွဲလိုက်တာပါ။ ဒီလက္ခဏာကို ထင်ထင်ရှားရှား သက်သေပြနိုင်တဲ့ ကဗျာတပုဒ်ကို ကျနော် ဖော်ပြလိုက်ပါတယ်။ အမှတ်အသားမွဲကြံလို့ ဒီကဗျာဟာ ဘယ်မှာ ဖော်ပြခဲ့တာလဲဆိုတာတော့ ကျနော် မသိပါဘူး။ ရေးတဲ့သူက ကဗျာဆရာ ကွန်စစ်ကောင်း ဆိုတာကိုတော့ ကျနော် အသေအချာ ပြောနိုင်ပါတယ်။
ဖဲဝိုင်း
အပြင်ဘက်မှာ
ကလေးတွေ ဆော့ကစားနေကြတာလား
ရန်ဖြစ်နေကြတာလား
သူတို့ စိတ်မဝင်စားကြဘူး။
ကုလားဖန်ထိုးတယ်၊ ဖဲချပ်ဝေတယ်
တချပ်ချင်း ပွတ်ကြည့်ကြတယ်
အလိုရမ္မက်
တဏှာ
မနာလိုမှု။
ဆက်ပြီး ပွတ်ကြည့်ကြတယ်
မုသာဝါဒ
အဆိပ်
ဓားမြောင်။
အိမ်မြှောင်စုတ်ထိုးသံတွေ ကြားတယ်
သူတို့ ကောက်ချင်သလို
အတိတ်နိမိတ် ကောက်ယူတယ်။
ဘုရားရှိခိုးသံ ဂါထာရွတ်သံတွေ ကြားတယ်
သူတို့ ကောက်ချင်သလို
အဓိပ္ပာယ်ကောက်ယူတယ်။
သီချင်းဆိုတဲ့လူက ဆိုတယ်
ဒူးနှံ့တဲ့လူက နှံ့တယ်
ဖဲချပ်ကို ဆက်ပြီး ပွတ်ကြည့်ကြတယ်
လောဘ၊ မောဟ
မောဟ၊ လောဘ။
ဂျိုကာများ ပါလာလို့ကတော့
ပြုံးလို့ပျော်လို့
သူတို့ ကိုယ်ကျင့်တရားတွေ အားလုံးကို
အဲဒီ ဂျိုကာချပ်ထဲ အတင်းထိုးထည့်
လိုသလို အသုံးပြုနိုင်ဖို့
နံဘေးလူ မသိအောင် ကြံလို့စည်လို့။
ကလေးတွေ စာအော်ကျက်သံကြားတယ်
သူတို့ စိတ်မဝင်စားကြဘူး၊
ငှက်ဆိုးထိုးသံကြားတယ်
သူတို့ စိတ်မဝင်စားကြဘူး။
လေချွန်တဲ့သူက ချွန်တယ်
ရွဲ့ပြုံး ပြုံးတဲ့သူက ပြုံးတယ်
တောက်ခေါက်တဲ့လူက ခေါက်တယ်၊
တယောက်က
အောက်ဖဲတချပ် ဆွဲယူတယ်
ဖြန်းကနဲ ရိုက်ကြည့်တယ်
အတ္တ။
နောက်တယောက်က
အောက်ဖဲတချပ် ဆွဲယူတယ်
ဖြန်းကနဲ ရိုက်ကြည့်တယ်
ဒေါသ။
ညဥ့်နက်သထက် နက်လာပြီ
ကြည့်ပြီးသား ဖဲချပ်တွေကိုပဲ
အရသာခံပြီး
ပြန်ပွတ်ကြည့်နေကြပြန်တယ်
အတ္တ၊ ဒေါသ၊ မစ္ဆေရ
မစ္ဆေရ၊ ဒေါသ၊ အတ္တ။ ။
ကွန်စစ်ကောင်း
ကျနော်တို့ရဲ့ ချစ်ခင်လေးစားရတဲ့ ကွယ်လွန်သူ စာဆိုကြီး ဆရာတင်မိုးကလည်း ၁၉၉၉ ခုနှစ်ထဲမှာ ''ဖဲသုံးချပ်'' ဆိုတဲ့ ကဗျာတပုဒ် ရေးခဲ့ပါသေးတယ်။ အခု ကွန်စစ်ကောင်း ရေးတဲ့ကဗျာနဲ့ ဦးတည်ချက်ချင်း တူပါတယ်။ စေတနာလည်း ဒါပါပဲ။ ဒါပေမဲ့ မတူတဲ့အချက်က ဆရာတင်မိုးက “ခေတ်စမ်းလွန်ဟန်” နဲ့ ရေးပြီး ဆရာကွန်စစ်ကောင်းကတော့ “ခေတ်ပေါ်ကဗျာဟန်” နဲ့ ရေးတဲ့ အချက်ပါပဲ။
''ဖဲဝိုင်း'' ကဗျာမှာ ဖဲထိုင်ရိုက်နေကြတဲ့ ဖဲသမားတွေရဲ့ အပြုအမူ စိတ်နေစိတ်ထားကို ရေးထားပါတယ်။ ဒါတွေကို အလိုရမ္မက်၊ တဏှာ၊ မနာလိုမှု၊ မုသာဝါဒ၊ အဆိပ်၊ ဓားမြောင်၊ လောဘ၊ မောဟ၊ အတ္တ၊ ဒေါသ၊ မစ္ဆေရ ဆိုတဲ့ စကားလုံးတွေနဲ့ ချုပ်ပြီး ဖော်ပြထားတာ တွေ့ကြရမှာပါ။ တခုမှ ကောင်းတာ မပါပါဘူး။
ဒီလို မကောင်းတဲ့စိတ်တွေ မိုးမွှန်နေကြတာဆိုတော့ အပြင်ဘက်က ကလေးတွေရဲ့ အပြုအမူ၊ ဓလေ့စရိုက်၊ သဘောသဘာဝ၊ လိုအပ်ချက် .. ဒါတွေကို သူတို့ ဂရုမပြုအားတော့ပါဘူး။ လက်ခံခံစား နားလည်နိုင်စွမ်း မရှိနိုင်တော့ပါဘူး။ ဘုရားရှိခိုးသံ၊ ဂါထာရွတ်သံ၊ အိမ်မြှောင်စုတ်ထိုးသံတွေကိုလည်း သူတို့ ကောက်ချင်တဲ့ အဓိပ္ပာယ်နဲ့ ကောက်ယူပြီး သံဝေဂမရ၊ တရားမရနိုင်ကြပါဘူး။ ယုတ်စွအဆုံး ငှက်ဆိုးထိုးသံ ကြားရတာကိုတောင်မှ သူတို့အတွက် အန္တရာယ် တစုံတရာ ကျရောက်တော့မယ့် လက္ခဏာအဖြစ် သူတို့ သတိပြုနိုင်စွမ်း မရှိတော့ပါဘူး။ ဝှက်ဖဲ၊ အောက်ဖဲ၊ ဂျိုကာဖဲ အစရှိတဲ့ လျှို့ဝှက်ကောက်ကျစ်တဲ့နည်းနဲ့ တဦးအပေါ်တဦး လက်ဦးမှုရယူပြီး ပြိုင်ဘက်တွေ၊ ဇာတ်တူသားတွေကို နင်းဖို့ချေဖို့ တခုထဲကိုပဲ သဲသဲမဲမဲ စဉ်းစားနေကြသူတွေ ဖြစ်တယ်ဆိုတဲ့အကြောင်း ''ဖဲဝိုင်း'' ကဗျာမှာ တွေ့ကြရမှာပါ။
ဒီတော့ ကျနော်တို့က ''ဖဲဝိုင်း'' ကဗျာကို ဖတ်နေရင်းမှာပဲ ကျနော်တို့ရဲ့ ခေတ်ပြိုင်ဘဝထဲမှာ ''ဖဲဝိုင်း'' ထဲက ဖဲထိုင်ရိုက်နေကြတဲ့ ဖဲသမားတွေရဲ့ အပြုအမူ စိတ်နေစိတ်ထားအတိုင်း တသွေမတိမ်းရှိတဲ့၊ တထပ်ထဲကျတဲ့ လူတွေကို ပြေးမြင်ရတော့တာပေါ့။ ပညာရေး၊ ဘာသာရေး၊ ငြိမ်းချမ်းရေး၊ ဖြူစင်မျှတရေး အစရှိတဲ့ လောကပါလတရား ဟူသမျှကို ဘေးချိပ်ပြီး တခြားလူမပြောနဲ့ ဇာတ်တူသားစားဖို့ကိုတောင် ဝန်မလေးတတ်ကြတဲ့ သူတွေဟာ ဘယ်သူတွေလဲဆိုတဲ့အသိ ကျနော်တို့ခေါင်းထဲ ချက်ချင်းဆိုသလို ရောက်လာရတော့တာပေါ့။
ဆရာကွန်စစ်ကောင်းကတော့ ကျနော်တို့အပေါ် ကဗျာမိုးရေတွေ ရွာချပေးလိုက်တာပါပဲ။ ခေတ်ပြိုင်ရင်ခုန်သံတချို့ကို ကဗျာနဲ့ပေးလိုက်တာပါပဲ။ ကျနော်တို့ကသာ ကျနော်တို့ရဲ့ တွေးခေါ်ခံစားနိုင်မှု ရေအိုးနဲ့ ခံယူပြီး ကဗျာမိုးရေ ကဗျာရသကို ဖော်ယူခပ်သုံးနိုင်ကြရမှာပါ။
ဒါပါပဲ။ ခေတ်ပေါ်ကဗျာတပုဒ်ရဲ့ အတိမ်အနက်၊ အထိမ်အဝှက်ကို ကျနော်တို့ရဲ့ ခေတ်ပြိုင်အခြေအနေများနဲ့ နှိုင်းယှဉ်ခံစားပြီး ကျနော်တို့ရဲ့ အတွေးလက်တံ ရှည်ရင်ရှည်သလောက် ကဗျာ့ရသကို ခံစားနိုင်ကြမှာပဲ ဖြစ်ပါတယ်။
ကဗျာဝါသနာအိုးများအဖို့ ''ရွာတဲ့မိုးနဲ့ ခံတဲ့အိုး'' အပေါ် မူတည်ပြီး ခေတ်ပေါ်ကဗျာများရဲ့ ရာဝဇင်ရေး အခန်းကဏ္ဍကို မှန်ကန်စွာ နားလည်နိုင်ကြလိမ့်မယ်လို့တော့ ကျနော် ယူဆမိပါတယ်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment