မင်းဟန်
(၁၆၆)
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့ပြီးသည့် နောက်တွင် … နိုင်ငံခြား သတင်းစာ အယ်ဒီတာများ၊ အခက်အခဲ များစွာကြားမှ ရန်ကုန်သို့ လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့၏။ ပထမဦးစွာ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ရောက်လာခဲ့သည့် သတင်းစာက …. ထိုင်းနိုင်ငံမှ The Nation သတင်းစာဖြစ်သည်။ အယ်ဒီတာချုပ် မစ္စတာ ဆူသီချိုင်းယွန် ကိုယ်တိုင်ပင် လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဒုတိယရောက်လာသည်က ….. ဂျပန်နိုင်ငံမှ Mainichi သတင်းစာ ဖြစ်သည်။ အယ်ဒီတာချုပ် Mr. Hiroshi Nagai ရန်ကုန်သို့ လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့၏။ Mainichi အတွက် အင်တာဗျူး လုပ်၏။ ပြီးလျှင် ….. Mr. Hiroshi Nagai က ဒေါ်အောင်ဆန်းစုကြည်ကို Mainichi သတင်းစာတွင် အပတ်စဉ် တနင်္လာနေ့တိုင်း မြန်မာပြည်အကြောင်း ဆောင်းပါးရေးပေးပါရန် ပန်ကြား၏။ ဒေါ်အောင်ဆန်းစုကြည်မှ … Letter From Burma အမည်နှင့် အခန်းဆက်ရေးပေးမည်ဟု ကတိပေးလိုက်သည်။
မအားမလပ်လောက်အောင် … များပြားလှသည့် နိုင်ငံရေးတာဝန်များ အကြားမှပင် …. Mainichi သတင်းစာအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ဆောင်းပါးရေးရန် ပြင်ဆင်ရ၏။ Letter From Burma ‘မြန်မာပြည်က လာသည့်စာ’ …။ ဤခေါင်းစဉ်နှင့် မည်သည့်စာမျိုး ဂျပန်ပြည်သို့ ရေးမည်နည်း….။ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရ၏။ အကြောင်းအရာများကမူ …. မြန်မာပြည်တွင် အပြည့်အသိပ်…။ သူမ ထိတွေ့ဖြတ်သန်းသွားလာနေရသည့် ဝန်းကျင်တွင်ပင် ရေးစရာများက များပြားစွာရှိ၏။
အကျဉ်းထောင်အတွင်း ကျဆုံးသွားခဲ့ကြရသည့် သူမ၏ လုပ်ဖော်ကိုင်ဘက် ရဲဘော်များအကြောင်း …..၊ တရားမဲ့ အဖမ်းအဆီးတွေအကြောင်း ….၊ ဖက်ဆစ်မြေမှ လူထု၏ ဘဝအထွေထွေ…၊ အကြောင်းအရာများက အတွေးတွင် စီကာစဉ်ကာနှင့် ပေါ်လာ၏။ ထိုထိုသော အကြောင်းအရာများအတွင်းမှ၊ စ၍ … ချရေးမည့် အကြောင်းအရာကို ရွေးချယ်ရသည်မှာက ခက်ခဲသလို ရှိနေ၏။
အကျဉ်းထောင်အတွင်း ကျဆုံးခဲ့ရသည့် NLD မှ ဦးလှသန်း၊ ဦးတင်မောင်ဝင်း၊ မောင်သော်က (ဦးဘသော်) တို့ အကြောင်း ရေးမည်လား…။ ဝေခွဲရခက်လာ၏။ နောက်ဆုံး …. လွန်ခဲ့သည့် ၂ ပတ်ကျော်ကျော်ခန့်က သွားရောက်ခဲ့သည့် ‘သာမည’ ခရီးကိုပင် ဦးစွာစ၍ ရေးမည်ဟု ဆုံးဖြတ်လိုက်တော့၏။ မြန်မာပြည်ကလာတဲ့စာ … အပိုင်းတစ်ကို ဒေါ်အောင်ဆန်းစုကြည် စ၍ … ချရေး၏။
“…. ကျမတို့အဖွဲ့ဟာ ကား ၃ စီးနဲ့ မနက် ၄ နာရီလောက်မှာ ပဲခူးမြို့ကို သွားတဲ့လမ်းအတိုင်း ထွက်လာခဲ့ပါတယ်။ သာမညတောင် ဆရာတော်ရဲ့ ဆုံးမတရားကို နာယူဖို့အတွက် သာမညတောင်ကို ဦးတည်ထွက်လာတာ ဖြစ်ပါတယ်။
ပူပြင်းတဲ့ဒေသရဲ့ မနက်အရုဏ်မတတ်ခင် ခရီးထွက်ရတာ အင်မတန် စိတ်ကြည်နူးစရာ ကောင်းလှပါတယ်။ ညအမှောင်မြူထုကြားထဲက နိုးထလာတဲ့ အရုဏ်သစ်ဝိုးတဝါးရှုခင်းနဲ့ လေနုအေးတွေဟာ စိတ်ကို လန်းဆန်းသွားစေခဲ့ပါတယ်။
ကျမတို့ကားဟာ ရန်ကုန်မြို့ပြင်ကို ရောက်ရှိလာပါတယ်။ ကျယ်ပြန့်တဲ့ လမ်းဘေးတလျှောက်မှာ သစ်ပင်တွေ၊ လယ်ကွင်းတွေက တမျှော်တခေါ်ကြီးပါပဲ။ ရေမှုန်သီးနေတဲ့ ကားပြတင်းပေါက်ကနေတဆင့် ရွှေရောင်ထီးတော်နဲ့ ထုံးစေတီတဆူကို ပြူထွက်စ နေရောင်နောက်ခံနဲ့ မြန်မာဘုရင်တဦးဖြစ်တဲ့ ဘုရင့်နောင်ထီးနန်းစိုက်ခဲ့တဲ့ တောင်ပိုင်းဒေသက ဒီမြို့ဟာ ကမ္ဘာက စိတ်ဝင်စားမှု နည်းလှပါတယ် …” ဟူ၍ ပထမအပိုဒ် စ၍ရေးသည်။ ရေးရင်းနှင့် စာက ရှည်သွား၏။ အပိုင်းတပိုင်းစာမျှ မကတော့…။ လေးပိုင်းစာမျှ ရှိသွား၏။ မတတ်နိုင်…။ ဤအတိုင်းပင် Mainichi သတင်းစာသို့ ပေးပို့လိုက်သည်။
(၁၆၇)
မြန်မာ့အမျိုးသား နိုင်ငံရေးပြဿနာများကို အမျိုးသားညီလာခံအတွင်း အဖြေရှာ၍မရ …. တွေ့ဆုံဆွေးနွေးရန် အဖွဲ့ချုပ်က တောင်းဆို၏။ စစ်အုပ်စုက လက်မခံ…။ ငြင်းဆန်၏။ နိုင်ငံတကာမှ …. စစ်အုပ်စုကို အဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးပါရန် တိုက်တွန်း၏။ စစ်အုပ်စုက နားမဝင်…။ ငြင်းပယ်၏။
၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့၊ နေ့စွဲဖြင့် ဗိုလ်မှူးအောင်၊ ဝိဓူရသခင်ချစ်မောင်၊ သခင်သိန်းဖေ စသည့် … လွတ်လပ်ရေးကြိုးပမ်းမှု တိုက်ပွဲအဆက်ဆက်တွင် ပါဝင်ခဲ့ကြသည့် နိုင်ငံရေး၊ စစ်ရေး၊ ခေါင်းဆောင်ကြီးများ ၂၃ ဦးက လက်ရှိဖြစ်ရှိနေသည့် နိုင်ငံရေးပြဿနာများကို (နအဖ) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေးကြပါရန် တိုက်တွန်းထားသည့် စာတစောင်ကို (နအဖ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ပေးပို့၏။ စစ်အုပ်စုက သဘောမတူ…။ ငြင်းဆန်ပြန်၏။ ပြီးလျှင် …. ဗိုလ်မှူးအောင်တို့ကို ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးရုံးခန်းသို့ ခေါ်ယူ၍ … စစ်လား၊ မေးလား၊ စွပ်စွဲလား … လုပ်၏။
ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်က … “ဘဘတို့ လိုလားချက်ဟာ အမေရိကန်ငပွကြီးနဲ့ တထပ်တည်း ဖြစ်နေပါတယ်။ အမေရိကန်သံရုံးက ဒေါ်အောင်ဆန်းစုကြည်အိမ် နေ့စဉ်အဝင်အထွက် ရှိနေတယ်။ အောဘရိုက်ကလည်း တင်းတင်းမားမား ပြောသွားတယ်။ အမေရိကန်ခိုင်းသမျှ လုပ်ပေးရမယ့်သဘော ဖြစ်နေတယ်။ အမေရိကန် လက်ကိုင်ဒုတ်အဖြစ် မခံနိုင်ဘူး ….” ဟူ၍ … စွပ်စွဲ၏။
ဗိုလ်မှူးအောင်က …. “ဘဘတို့ဟာ ဘယ်သူ့လက်ကိုင်ဒုတ်မှ မဟုတ်ဘူး။ ဘယ်သူမြှောက်ပေးလို့မှလည်း မဟုတ်ဘူး။ ဒီစာကို အရိုးသားဆုံးရေးတာ ဖြစ်တယ်။ တိုင်းပြည်အပေါ်မှာ တာဝန်ရှိနေသေးတယ်ထင်လို့ ပန်ကြားတာ ဖြစ်တယ်။ ဘာပယောဂမှ မပါဘူး။ ပယောဂကိုလည်း လက်မခံဘူး” …. ဟု ပြတ်ပြတ်ရှင်းရှင်းပင် ပြန်၍ပြောသည်။
အခြေအနေက … တင်းတင်းမာမာ ပြောဆို၍မရသည်ကို သဘောပေါက်သွား၍ ဖြစ်မည်။ ဗိုလ်မှူးကြီးတင်လှိုင်က လေပြေထိုးကာ ပန်ကြားသလိုနှင့် ချော့၍ ခြောက်ပြန်၏။
“လုပ်ဆောင်ချက်ဟာ အမေရိကန်ပြောတာနဲ့ တထပ်တည်းဖြစ်နေတယ်။ ပယောဂပါသယောင် ဖြစ်နေတယ်။ အန်အယ်ဒီက ဆွဲခေါ်သွားသလို ဖြစ်နေတယ်။ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်။ ဘယ်အစိုးရမှ မလုပ်ခဲ့တာတွေ လုပ်နေတယ်။ တိုင်းရင်းသားညီညွှတ်ရေးကို လုပ်နေတယ်။ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာရင် မပါအောင် ပြောတာပါ ….” ဟု … ဗိုလ်မှူးကြီးတင်လှိုင်က ပြော၍ တွေ့ဆုံပွဲကို အဆုံးသတ်လိုက်၏။
၁၉၉၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့တွင် … ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များကို ပြည်ထဲရေးဝန်ကြီးဌာနမှ ခေါ်ယူ၍ တွေ့ဆုံပြန်သည်။ အမေရိကန်နောက်လိုက် မလုပ်ဖို့ …. NLD နောက်လိုက်မလုပ်ဖို့ ခေါ်ပြီး ပန်ကြားသလိုနှင့် ချော့၍ ခြောက်ပြန်သည်။ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း NLD နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးကြပါရန် ပန်ကြားစာထုတ်ပြန်ခဲ့၏။
(၁၆၈)
အားလုံးမှ တွေ့ဆုံဆွေးနွေးကြပါရန် တိုက်တွန်းကြ၊ တောင်းဆိုကြ၊ ပန်ကြားကြ … ဖိအားပေးကြသော်လည်း စစ်အုပ်စုကမူ … တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းဆီသို့ မျက်နှာမပြု။ ဦးမလှည့်….။ အမျိုးသားနိုင်ငံရေး ပြဿနာများကို မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး၍ အဖြေရှာရန် စစ်အုပ်စုသည် စိုးစဉ်မျှ ဆန္ဒမရှိ…။ သဘောထား တင်းမာလွန်းလှ၏။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာမှ …
“နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အစုအဖွဲ့တွင် ပါဝင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ညီလာခံကိုယ်စားလှယ် ၅ ဦးနှင့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသော ကိုယ်စားလှယ်များ အစုအဖွဲ့တွင် ပါဝင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ညီလာခံကိုယ်စားလှယ် ၈၁ ဦးတို့သည် ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် ကျင်းပသော အမျိုးသားညီလာခံ အစည်းအဝေးသို့ သဘာပတိအဖွဲ့၏ ခွင့်ပြုချက်မယူဘဲ နှစ်ရက်ဆက်တိုက် တက်ရောက်ရန် ပျက်ကွက်သဖြင့် အဆိုပါ ညီလာခံကိုယ်စားလှယ် ၈၆ ဦးကို အမျိုးသားညီလာခံ ကိုယ်စားလှယ်များအဖြစ်မှ ရုပ်သိမ်းကြောင်း” ဖော်ပြခဲ့သည်။ ပြီးလျှင် …
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါဝင်တက်ရောက်ခြင်း မရှိတော့သည့် ညီလာခံကို စစ်အုပ်စုသည် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တော့၏။ စစ်အုပ်စုက …. တွေ့ဆုံဆွေးနွေးရေးလမ်းကို မဖွင့်…။ ပြီးလျှင် … သူ၏ အမျိုးသားညီလာခံ တံခါးကိုလည်း ပိတ်ပစ်လိုက်ပြန်၏။ စစ်အုပ်စုက မျက်မမြင်တဦးကဲ့သို့ …။ အာဏာကို လက်လွတ်ဆုံးရှုံးရမည်ကို စိုးရိမ်ကြောက်ရွံ့သည့် ဘယာ၏ ဖုံးလွှမ်းမှုကြောင့် စစ်အုပ်စု၏ အမြင်အာရုံဟူသည်က ပိတ်မှောင်၍နေသည်။
ခရစ်စမတ်ရက် နီးပြီဖြစ်၍ … ဓမ္မတေးသံများ ဟိုမှ၊ သည်မှ ကြားနေရ၏။ ငြိမ်းချမ်းရေးအတွက် ဆုတောင်းဝတ်ပြုသံတို့က စစ်ဖိနပ်သံများအောက်၌ တိုးတိတ်၍နေဆဲ ….။
ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ရှိစဉ်ကတည်းက နှစ်စဉ် ခရစ္စမတ်ရောက်သည့် အချိန်အခါတိုင်း ရန်ကုန်ရှိ မျက်မမြင် ဒုက္ခိတ ရိပ်သာတခုကို ထောက်ပံ့ကူညီနေသည့် ခရစ်ယာန်အသင်းအဖွဲ့တခုမှ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ လာရောက်ပြီး ဓမ္မတေးများအား သီဆိုကြ၏။ ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြ၏။ ဤအစဉ်အလာက … သူမ ထိန်းသိမ်းခံနေရစဉ် … ၆ နှစ်တာအတွင်းတွင်မူ … ရပ်ဆိုင်းခဲ့ရ၏။ ယခုနှစ် …. ခရစ္စမတ်တွင်မှ၊ မျက်မမြင်များ လာရောက်၍ သီဆိုကြပေလိမ့်မည်။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ … မွန်းလွဲပိုင်းတွင် အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ သူတို့အဖွဲ့ ရောက်လာကြ၏။ ခရစ္စမတ်တေး သီဆိုကြ၏။
ဓမ္မတေးများကို တီးခတ်ကြသည့်သူများ၊ သီဆိုကြသည့်သူများ အားလုံးက မျက်မမြင်များပင် …။ သူတို့အဖွဲ့တွင် မျက်စိမြင်သူက ၂ ဦး ၊ ၃ ဦးသာ ပါ၏။ သူတို့က လမ်းပြကြရန်အတွက် ဖြစ်သည်။ ဓမ္မတေးများ သီဆို၍ ပြီးသည်နှင့် သူတို့အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ကော်ဖီနှင့် မုန့်များ တိုက်ကြွေး၍ ဧည့်ခံ၏။ မျက်မမြင်များနှင့် စကားပြော၏။ သူတို့၏ မျက်မမြင်ဘဝများကို ဒေါ်အောင်ဆန်းစုကြည်မှ နားထောင်၏။ မျက်မမြင်များ စု၍နေထိုင်ကြသည့် ဘုံရိပ်သာက သူတို့၏ လူ့အဖွဲ့အစည်းလေးတခုပင် ….။ မျက်မမြင်များ၏ အဖိုး၊ အဖွားများကမူ မျက်မမြင်များ မဟုတ်ခဲ့ကြ…။ မိဘမျိုးဆက်တွင်သာ မျက်မမြင်များ ဖြစ်လာကြ၏။ မျက်မမြင်မိဘများမှ ပေါက်ဖွားလာသည့် သူတို့မျိုးဆက်သည်လည်း မိဘများကဲ့သို့ပင် မျက်စိမမြင်ကြ…။ ပြီးလျှင် …. မျက်မမြင်အချင်းချင်းပင် အိမ်ထောင်ပြုကြ၏။ သားသမီးများ ပွားစည်းကြ၏။ သူတို့၏ သားသမီးများကမူ … အမြင်အာရုံမချို့ယွင်း … ကောင်းမွန်ကြသည်ဟု ဆိုသည်။ မျိုးဆက်နှစ်ဆက်လွန်သော် တတိယမျိုးဆက်သစ်က … မမြင်မကန်းများ မဟုတ်တော့ …. အမြင်အာရုံကောင်းမွန်သူများ ဖြစ်ကြလေပြီ။
မျက်မမြင်များ ပြောပြသည့် သူတို့ဘဝအကြောင်းကို တွေးရင်း … ဒေါ်အောင်ဆန်းစုကြည်၏ အတွေးက မြန်မာ့တပ်မတော်ဆီသို့ ရောက်ပြန်လေသည်။ တပ်မတော်သည် မည်သည့်မျိုးဆက်တွင် ကန်းသွားခဲ့လေသနည်း … ဖခင်ဗိုလ်ချုပ်၏ လက်ထက်တွင်မူ မကန်းသေး …။ ပြီးလျှင် …. တပ်မတော်ကို မျိုးဆက်တွက်ကြည့်၏။ မျိုးဆက် မည်မျှကန်းခဲ့ပြီးလေပြီနည်း ….။
(၁၆၉)
၁၉၉၆ ခုနှစ် နှစ်ဦးသို့ … စစ်အုပ်စုသည် ဓား၊ မြား၊ လေးတို့ တပြင်ပြင်နှင့် ကူးဝင်ခဲ့၏။ ဓား၊ မြားတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်၌ တဝဲဝဲ…။ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၈ ကြိမ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ၏။ အခမ်းအနားတွင် မန္တလေးမှ လူရွှင်တော် ဦးပါပါလေးတို့ အငြိမ့်အဖွဲ့က ဂုဏ်ပြုဖျော်ဖြေ၏။ လူရွှင်တော်တို့၏ ပြက်လုံးများက ခေတ်ကို ဖော်ပြကြ၏။ ခေတ်က သရော်စရာများနှင့် … ခေတ်ပျက်။
လူရွှင်တော် ဦးပါပါလေးတို့ အဖွဲ့ချုပ်၏ လွတ်လပ်ရေးသဘင်ပြီး၍ မန္တလေးသို့ပြန်ရောက်သည်နှင့် ဦးပါပါလေး၊ ဦးလူဇော်၊ ဦးထွေး၊ ဦးအောင်စိုးတို့ကို စစ်အုပ်စုက ဖမ်းဆီး၏။ ရုံးတင်၍ တရားစွဲဆိုသည်။ လူရွှင်တော် ဦးပါပါလေးတို့၏ အမှုတွဲကို သက်သေအဖြစ် တရားရုံးတွင် ထွက်ဆိုရန် … အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးကြည်မောင်၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းထိန်တို့ ၄ ဦး မန္တလေးသို့ သွား၏။ ရန်ကုန်ဘူတာကြီးမှ မီးရထားနှင့်သွားရန် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့ စီးနင်းသည့်ရထားတွဲကို အာဏာပိုင်တို့က ဖြုတ်ချ၍ ချန်ထားခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်တို့ မန္တလေးသို့ မသွားနိုင်ရန် လုပ်ကြံခြင်းဖြစ်၏။ ပြီးလျှင် …. အာဏာပိုင်များက အတင်းအကျပ်ပင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်ပို့၏။
အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကို စစ်အုပ်စုမှ ဤသို့ ပြန်လည်၍ ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်း ဖြစ်၏။

No comments:
Post a Comment