Wednesday, January 20, 2010

စစ်အာဏာရှင်ကြီးတွေရဲ့ အနာဂတ်

မမခင်

မြန်မာပြည်မှာ စစ်တပ် အာဏာကို ချုပ်ကိုင်ခဲ့တာ နှစ်ပေါင်း ၅၀ ဆိုကြပါစို့။ နောက်ဆုံး ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး စစ်အာဏာရှင်ရယ်လို့ ပြောင်ကျကျ အုပ်ချုပ်ခဲ့တာက နှစ် ၂၀ ကျော်ခဲ့ပါပြီ။ ဒီနှစ်ပေါင်း နှစ်ဆယ်ကျော်ကာလမှာ စစ်အာဏာရှင်တွေဟာ ပြုတ်ကျမသွားသည့်တိုင် သေချာတာကတော့ လူထုရဲ့ ထောက်ခံမှု အစစ်အမှန်ကို မရခဲ့ကြတာပါပဲ။ ၁၉၈၈ ခု လူထုအုံကြွမှုတွေ ဖြစ်ပွားနေတဲ့ကာလ (၉ - ၈ - ၈၈) နေ့ စစ်တပ်က ရန်ကုန်ဆေးရုံကြီးကို အကြမ်းဖက် ပစ်ခတ်ခဲ့ပြီးနောက် မြန်မာပြည်မှာ တပ်မတော် ဂုဏ်ရှိတယ်ဆိုတဲ့ နေ့တွေကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့ပါဘူး။ ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေးမှာ မေတ္တာပို့ လမ်းလျှောက်ကြတဲ့ သံဃာတော်မထေရ်မြတ်တွေကို ပစ်ခတ်ခဲ့တာ၊ ရဟန်းသံဃာတော်တွေ သီတင်းသုံးနေထိုင်တဲ့ ကျောင်းတိုက်ပေါင်း လေးဆယ်ကျော်ကို စစ်စခန်းဝင်စီးသလို စီးနင်းဝင်ရောက်ပြီးချိန်မှာတော့ မြန်မာပြည်သူတွေရဲ့ စစ်တပ်ပေါ် ထားရှိတဲ့ သဘောထားဟာ အတော်လေးကို စက်ဆုတ်တဲ့ အနေအထားကို ရောက်ရှိသွားခဲ့တာ လူတိုင်းအသိပါ။ ဒီနေ့ ဒီအချိန်မှာ စစ်တပ်ရဲ့ ဒီလိုကြမ်းတမ်းတဲ့ အပြုအမူတွေရဲ့ အကျိုးဆက်ကတော့ လူထုထဲမှာ စစ်တပ်ရဲ့ ရေပမ်းစားမှု၊ လူထုထောက်ခံမှုဟာ သုညအောက်ရေခဲမှတ်ကို ကျရောက်သွားပြီ ဆိုတာပါပဲ။


၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ဘီလူးရုပ်ကို ဗိုလ်ခင်ညွန့်ဟာ မင်းသားခေါင်းဆောင်းပြီး ဖုံးကွယ်နိုင်ဖို့ အမျိုးမျိုး ကြိုးစားခဲ့ပါတယ်။ သူဟာ အာဏာရှင် ဦးနေဝင်းရဲ့ လက်ကျဖြစ်လို့လဲ တိုင်းပြည်ကို အုပ်ချုပ်ချင်ရင် အနည်းဆုံး တိုင်းသူပြည်သားရဲ့ ထောက်ခံမှုကို လိုအပ်တယ်ဆိုတာ သဘောပေါက်ပုံ ပေါ်ပါတယ်။ ဒါကြောင့် ဗိုလ်ခင်ညွန့်ဟာ စစ်တပ်ကို ရှေ့တန်းက ကာကွယ်ပြီး လူထုဆီက အစစ်အမှန်ထောက်ခံမှု မရရင်တောင် အတုအယောင် ထောက်ခံမှုတွေရဖို့ လူထုနဲ့ နီးနီးကပ်ကပ်နေဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။

လက်ရှိ စစ်တပ်ကို ဦးဆောင်နေသူ ဗိုလ်သန်းရွှေကတော့ ၁၉၆၂ ခုနှစ်ကတည်းက ဦးဆောင်ခဲ့တဲ့ စစ်အာဏာရှင်တွေထဲမှာ အညံ့တကာ့ အညံ့ဆုံး စစ်တပ်ခေါင်းဆောင်တယောက် ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။ သူဟာ နိုင်ငံရေးသဘောတရားမပါ စစ်ရေးသက်သက်ကို အတော်အားကိုးပုံရပါတယ်။ သူ့ရဲ့ ထုံထုံထိုင်းထိုင်း ကြမ်းတမ်းတဲ့ ရုပ်သွင်နဲ့ လိုက်ဖက်လှစွာ နိုင်ငံအုပ်ချုပ်ပုံတွေကလည်း ရက်စက်ခြင်း၊ ကြမ်းတမ်းခြင်းများနဲ့ ပြည့်စုံလှတာမို့ သူကို ရုပ်ကြမ်း စိတ်ကြမ်း အာဏာရှင်တယောက်အဖြစ် နိုင်ငံတကာကပါ စိတ်ဝင်စားခံရသူ ဖြစ်ပါတယ်။ ဒါကို သူ့အနေနဲ့ အောင်မြင်မှုလို့ ယူဆကောင်းယူဆမှာဖြစ်ပေမဲ့ တကယ်တော့ သူရဲ့ နိုင်ငံအုပ်ချုပ်ပုံဟာ မြန်မာပြည်မှာ စစ်တပ်က အာဏာယူနိုင်မှုကို အဆုံးသတ်သွားစေမဲ့ အုပ်ချုပ်ပုံသာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ စစ်တပ်ရဲ့ အခြေအနေဟာ အကောင်းဘက်မှာ မရှိပါဘူး။ ၁၉၈၈ ခုနှစ်နောက်ပိုင်း လူထုထောက်ခံမှု ကျဆင်းခဲ့ရတဲ့ စစ်တပ်ထဲကို လူထုထဲက အခြေခံတပ်သားအဖြစ် ဝင်ရောက်သူ လုံးဝနီးပါး မရှိတော့လို့ နောက်ပိုင်းမှာ စစ်တပ်ဟာ တြိဂံကြီးပက်လက်လှန်ထားတဲ့ အခြေခံစစ်သားက နဲနဲ၊ ဗိုလ်တွေက များများဖြစ်နေလို့ ဗိုလ်တရာ ငယ်သားတစ် တပ်ဟာ မြန်မာ နအဖစစ်တပ်ပါ။ ရှိတဲ့ တပ်သားတစ်ကလည်း ကလေးစစ်သား၊ ဒါမှမဟုတ် တပ်ပြေးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ယခင်က တရင်းတရင်းမှာ တပ်သားဦးရေ ၇၀၀ မှ ၈၀၀ အထိ ရှိခဲ့တဲ့ မြန်မာစစ်တပ် တပ်ရင်းတရင်းဟာ ယခုဆိုရင် တပ်သားဦးရေ ၂၀၀ ကျော်ကျော် ၃၀၀ တောင်မပြည့်တော့လို့ ကလေးစစ်သားရရှိရေးကို အဓိကအားထားပြီး စစ်သားစုဆောင်း နေရပါတယ်။ ဒီအချက်ကလည်း နိုင်ငံတကာအလုပ်သမားဥပဒေနဲ့ ငြိစွန်းနေလို့ ILO လို အဖွဲ့အစည်းတွေက ထောက်ပြဝေဖန်လာတဲ့အခါ စစ်တပ်ဟာ စစ်သားရရှိဖို့ ဝယ်ယူနေရတဲ့ အနေအထားပါ။ ဝယ်ယူထားရတဲ့ ကလေးစစ်သားဘဝက ဇွတ်တရွတ်ဆွဲခေါ်ထားရတဲ့ စစ်သားဆိုတာ စစ်တပ်အတွက် စစ်သားကောင်း မဖြစ်နိုင်ပါဘူး။ ယခုအချိန်မှာ စစ်တပ်ထဲက တပွင့် နှစ်ပွင့် သုံးပွင့် ဗိုလ်ကလေး၊ ဗိုလ်ကြီးတွေရဲ့ အလုပ်ဟာ စစ်သားသစ်ရရှိရေးမှတပါး အခြားမရှိပါဘူး။ ဗိုလ်တယောက်က တလကို စစ်သားသစ် ၃ ယောက် စုဆောင်းပေးရပါတယ်။ မရတဲ့အခါ ဝယ်ယူပေးရတယ်လို့ သိရပါတယ်။

စစ်သားသစ်တယောက်ရဲ့ ဈေးနှုန်းဟာ ယခင်က ကျပ်ငွေ သုံးသောင်းမှ ငါးသောင်းဖြစ်ပေမဲ့ ယခု ၂၀၀၉ ခုနှစ်ထဲမှာ တယောက်ကို တသိန်းပေါက်ဈေး ဖြစ်နေပါပြီ။ စစ်သားဝယ်ယူမှု ကုန်ကျစရိတ်ကို စစ်ဗိုလ်ကလေးများဟာ မိမိအိပ်ထဲက စိုက်ထုတ်ဝယ်ယူပေးရတာမို့ ယခုဆိုရင် စစ်ဗိုလ်ကလေးများအတွက် သူတို့ရဲ့ ဝင်ငွေလစာနဲ့ မလောက်ငလို့ မိဘများထံ ပြန်တောင်းနေရတဲ့ အခြေအနေပါ။ ဒါကြောင့် မြန်မာပြည်ထဲမှာ သားစစ်ဗိုလ်တယောက်ရှိရင် အိမ်က မိဘ ထမင်းငတ်မဲ့ကိန်း ဆိုက်နေလို့ စစ်ဗိုလ်ကလေးတွေရဲ့ မိဘတွေဟာ သားအရာရှိဖြစ်လို့ ဝမ်သာရမှာလား။ အိမ်ကရှိသမျှလေး ခြစ်ချုပ်ပြီး သားအလုပ်မပြုတ်ရေး စစ်သားဝယ်ကြေး ထောက်ပံ့နေရလို့ ငိုရမှာလားနဲ့ ငို၍ ရီ၍ မရသော မျက်နှာပိုင်ရှင်တွေ ဖြစ်နေပါပြီ။

ဒါ့အပြင် မြန်မာပြည်သူလူထုထဲမှာ ကြေးပိုင်ကျွန်ပိုင်ရှင်စနစ် မထွန်းကားပေမဲ့ စစ်တပ်ထဲမှာ ထွန်းကားနေတဲ့ ကြေးပိုင် ကျွန်ပိုင်စနစ်ကလည်း အောက်ခြေအရာရှိ အရာခံ အကြပ်တပ်သားတွေအဖို့ ကြီးလေးတဲ့ ဝန်ထုတ်ဝန်ပိုး ဖြစ်နေကြပါပြီ။ သာမာန်အဆင့် စစ်ဗိုလ်ကလေးတွေရဲ့ အလုပ်ဟာ တပ်ရင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူးတွေနဲ့ သူတို့ရဲ့ ကတော်တွေ မိသားစုဝင်တွေရဲ့ ကိုယ်ရေးကိုယ်တာ၊ တောက်တိုမယ်ရ ကိစ္စအဝဝကို ဆောင်ရွက်ပေးရတာဟာ တာဝန်တွေထဲက တာဝန်ပါပဲ။ တခါ တပ်မှူး၊ တပ်မမှူး၊ ဗျူဟာမှူးတွေက သူ့ထက်မြင့်တဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ အငေါက်ခံ၊ အဆူခံ။ ဘယ်လောက်တောင် အခြေအနေဆိုးနေသလဲဆိုရင် စစ်တိုင်းတတိုင်းရဲ့ တိုင်းမှူးဆိုတာ နေပြည်တော် ကြပ်ပြေး (ခေါ်) အလွန်ဆိုးတဲ့ ဆိုးမြို့တော်ကို ရောက်ရင် တပ်သားအဆင့်ပဲ ရှိတော့တယ်လို့တောင် လူတွေက ပြောနေကြပါပြီ။ နေပြည်တော်ဆိုတဲ့ နေရာမှာ ရာထူးအရေးမကြီး၊ နေရာသာအဓိကလို့ ဆိုကြပါတယ်။ စစ်အာဏာရှင်ကြီးများရဲ့ လက်သင့်ရာ စားတော်ခေါ် ကိုယ်ရေးအရာရှိ ဗိုလ်မှူး ဗိုလ်ကြီးလောက်ကို စစ်တိုင်းတွေကလလာတဲ့ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်တွေက ကြောက်နေရတယ်လို့ ဆိုကြပါတယ်။ ဒီလို ကြေးပိုင်ကျွန်ပိုင်စနစ်ဆန်ဆန် စစ်တပ်ရဲ့ အထက်အောက် ဆက်ဆံရေး ရှုပ်ထွေးမှုတွေက စစ်တပ်ကို ပြည်သူလူထုက နှစ်သက်ဖို့ မပြောနဲ့။ စစ်တပ်ကို စစ်တပ်က နှစ်သက်ဖို့ မလွယ်တော့တာ သေချာပါတယ်။ အထက်ကပြောခဲ့တဲ့ အချက်တွေရဲ့ သက်သေကို ရှာချင်ရင် မင်္ဂလာဒုံ စစ်ဆေးရုံက စစ်တပ်က စိတ်ဖောက်သွားတဲ့သူတွေ ထားတဲ့ နေရာကို သွားရောက်လေ့လာကြည့်ပါ။ ခြံခတ်ထားတဲ့ စိတ္တဇဝေဒနာသည် စစ်ဗိုလ်တွေကို တွေ့ရပါလိမ့်မယ်။

ရှေ့လျှောက်လည်း စစ်စိတ္တဇဆေးရုံမှာ စစ်တပ်က လူတွေ တိုးရောက်လာဖို့သာ ရှိပါတယ်။ လျှော့သွားဖို့ လမ်းမမြင်ပါဘူး။ တနှစ် တနှစ်တိုးလာတဲ့ စစ်ဗိုလ်အရေအတွက်က ထောင်ဂဏန်း၊ နှစ်အလိုက် သက်တန်းပြည့်တိုင်း ရာထူးတိုးပေးရတဲ့ ထုံးတမ်းစဉ်လာကြောင့်လည်း စစ်တပ်ထိပ်ပိုင်းမှာ ဧရာမ ဗိုလ်ချုပ်၊ ဒုဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးဆိုတဲ့ ဗိုလ်ထုပ်ကြီးဟာ တပြုံတမကြီး ဖြစ်နေပါပြီ။ ဒီအထဲမှာ တသက်လုံး စစ်တပ်မပြိုကွဲဖို့ ငါတို့အမြဲလိုနေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က မသေမချင်း စစ်တပ်က မထွက်ဘဲ ပေခံနေကြမှာကတော့ စစ်တပ်အတွက် အဆိုးဆုံးပိတ်ဆို့မှုပါပဲ။ သူတို့ မထွက်နိုင်လို့ တခြားသူတွေကိုလည်း ဖြုတ်ဖို့ ခဲရင်း၊ စစ်တပ်ရဲ့ ရာထူးစီးဆင်းမှုလမ်းကြောင်းဟာ အဝင်သာရှိပြီး အထွက်မရှိတဲ့ ဝမ်းဗိုက်တခုလို အစာမကြေ ရင့်ပြည့်ရင်ကယ် ဆီးချုပ် ဝမ်းချုပ် စမြင်းခံနေရပြီဆိုတာ သေချာပါတယ်။

ဒါကြောင့် အခုတလော အသံထွက်လာတဲ့ ဗိုလ်မှူးကြီးအောက် စစ်တပ်အောက်ခြေ အမှုထမ်းတွေကို ကျပ်ငွေ နှစ်သောင်းလစာ ဆောင်းပေးမယ်ဆိုတာ ဖြစ်လာတာပါ။ ဒါဟာ အစာမကြေနေသူတွေကို အစာကြေဆေး လျက်ဆား ကြွေးလိုက်တာပါပဲ။ ဗိုလ်သန်းရွှေအနေနဲ့ အစာကြေနိုးနိုး အစာကြေလျက်ဆား ကြွေးကြည့်သော်လည်း ပြဿနာဟာ ဒီလောက်နဲ့ ဖြေရှင်းလို့ ရနိုင်မယ်မထင်ပါဘူး။

တိုင်းသူပြည်သားနဲ့ စစ်တပ်ရဲ့ အခွင့်အရေး အနေအထား ကွာခြားသလို စစ်တပ်အပေါ်ပိုင်းနဲ့ အောက်ခြေရဲ့ အခွင့်အရေး ကွာခြားမှုဟာလည်း တနေ့တခြား ထင်ရှားကြီးမားလာနေပြီမို့ ထိပ်ဆုံးမှာ အမာအခဲ အတုံးများအဖြစ် ပိတ်ဆို့နေသူ ထိပ်ဆုံးက စမြင်းတုံးကြီးတွေဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးတွေအဖို့ အတိုက်အခံတို့ တောင်းဆိုနေတဲ့ စေ့စပ်ဆွေးနွေးရေး ဝမ်းနှုတ်ဆေးနဲ့ ထွက်ရင်ထွက်၊ မထွက်ရင်တော့ ကိုယ့်လက်အောက်ငယ်သားတွေနဲ့ ရင်ဆိုင်ဖြေရှင်းရမဲ့ မရေရာ မသေချာတဲ့ အနာဂတ်သာ ရှိတော့ကြောင်း တင်ပြလိုက်ရပါတယ်။

No comments: