တက်လူ / ၀၅ ဇူလိုင် ၂၀၁၀
ရခိုင်ပါတီများ ရခိုင်ပြည်နယ်တွင် စည်းရုံးရေးအတွက် အခက်အခဲရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဇွန် (၁၁) ရက် နံနက်တွင် စစ်တွေမြို့ လမ်းမတော် (တောင်) ရပ်ကွက် ခေါင်းလောင်းကျောင်းလမ်း၌ ပြုလုပ်ရာတွင်ပါဝင်ခဲ့သည့် ယင်းပါတီမှ တာဝန်ရှိသူက ပြောကြားခြင်းဖြစ်သည်။
“ဘူးသီးတောင်ကတော့ အဆိုးဆုံးပဲ။ ရေကြီးတဲ့အတွက် လူတွေ အတော်လေး အခက်အခဲ ဖြစ်သွားရတယ်။ သူတို့ကို မဲပေးဖို့ အတွက် မဲဆွယ်စည်းရုံးရမှာ အခက်အခဲရှိတယ်။ အလားတူ အခြားမောင်တော၊ စစ်တွေ၊ ရသေ့တောင် စတဲ့ မြို့တွေမှာလည်း အခက်ရှိတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေမြို့နယ်အတွင်း သဲချောင်းကျေးရွာ၌ ပြီးခဲ့သည့် ဇွန် (၁၄) ရက်ညပိုင်းတွင် လေဆင်နှာမောင်း တိုက်သည့်အတွက် ဘုန်းကြီးကျောင်းနှင့် အိမ်ခြေ (၃၆) လုံး ပျက်စီးသွားပြီး မိသားစု (၁၇) စု အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့သည်။
ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမူကြောင့် ဘူးသီးတောင်- မောင်တော ကားလမ်းများ အပိုင်းပိုင်းကျိုးပြတ် ပျက်စီးခဲ့ပြီး နဂိုပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ အာဏာပိုင်များ၏ လမ်းပြုပြင်မှု နှေးကွေးသည့်အတွက် ယနေ့တိုင် မပြီးစီးသေးကြောင်း ဒေသခံများက ပြောသည်။
ထိုသို့သောအခြေအနေမျိုးတွင် ဒေသခံများက မဲဆွယ်စည်းရုံးသည့် မည်သည့်ပါတီကိုမှ စိတ်မ၀င်စားကြကြောင်း ဘူးသီးတောင်မြို့ခံတဦးက ပြောသည်။
“အခု ကျနော်တို့ဒေသက ပိုဆိုးသွားပြီ။ လမ်းလည်းမကောင်းဘူး၊ လူတွေလည်း စားဝတ်နေရေး အခက်အခဲတွေရှိတယ်။ ဒါကို မတွေးတောဘဲ မဲအတွက်ပဲ ပြင်ဆင်နေကြတဲ့ ရခိုင်တွေကိုလည်း ကျနော်တို့အနေနဲ့ အပြစ်တင်ချင်တယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်တို့တွင် လူပေါင်း ရာနှင့်ချီသေဆုံး၍ အိမ်ထောင်စုပေါင်းများစွာ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ကားလမ်းများ၊ တံတားများ ပျက်စီးကျိုးပျက်ခဲ့သဖြင့် ဒေသခံများ သွားလာရေး နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသည်။
ဘူးသီးတောင်မြို့ရှိ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း အဆောက်အဦ အများအပြား၏ ပျက်စီးမှုတန်ဖိုး သိန်း (၅၀၀) ကျော်ရှိကြောင်း ထိုကျောင်းမှ ဂေါပကအဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “အမှန်ပြောရရင်တော့ အခုအချိန်မှာ ရခိုင်ပြည်နယ်ဟာ ရာသီဥတုဒဏ်ကို ခံနေရတဲ့ ပြည်နယ်တခုပါ။ ဒါကြောင့် ရွေးကောက်ပွဲအတွက် လာပြီး မဲဆွယ်သူတွေကို ကျနော်တို့မလိုလားဘူး။ ကိုယ့်ဒေသ ကောင်းစားရေးကို ဘယ်လိုလုပ်ရမလဲ ဆိုတာကပဲ အရေးကြီးတာပါ” ဟု ပြောသည်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်လည်း ဇွန်လအတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် (၂၅) လုံးနှင့် စာသင်ကျောင်း (၁) ကျောင်း လုံးဝပျက်စီးသွားခဲ့သည်။
ထိုသို့ ရခိုင်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နေသည့်ကြားမှ နအဖစစ်အစိုးရက မောင်တောမြို့ရှိ ကျေးရွာရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်သင်တန်းကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သင်တန်းကို မောင်တောမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာပေါင်း (၁၂၀) ကျော်မှ သင်တန်းသား (၃၀၀) ခန့် တက်ရောက်ခဲ့ကြကြောင်း မောင်တောမြို့ခံ ပြည်သူများထံမှ သိရသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီမှ တာဝန်ရှိသူတဦးကမူ နိုင်ငံရေးပါတီများအနေဖြင့် ရခိုင်ပြည်နယ်တွင် မဲဆွယ်စည်းရုံးခွင့်ကို လူမှုရေးလုပ်ငန်းများ ပြုလုပ်၍ ၀င်ရောက်သင့်သည်ဟု ပြောဆိုသည်။
၎င်းက “ကျနော်တို့ပါတီက ရခိုင်ပြည်နယ်မှာတော့ မြို့တိုင်းမှာ မဲဆန္ဒနယ် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်တော့ အခြေအနေကို စောင့်နေဆဲပါ။ စည်းရုံးရေးကို စောင့်ကြည့်နေရသေးတဲ့ အချိန်ပါ” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီများမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မြို ခေါ် ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ပါတီ၊ ကမန် အမျိုးသားတိုးတက်ရေးပါတီ၊ ခမိ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့ ဖြစ်ကြသည်။
No comments:
Post a Comment