Wednesday, January 5, 2011

အဖြေရှာလို့ မရသေးတဲ့ ပုဒ်စာ

ဒီမင်း

ဆောင်းရာသီ ရောက်တိုင်းမှာ မော်တော် (စက်လှေ) သံတွေနဲ့ တစ်နေ့လုံး ဆူညံခဲ့ဖူးတဲ့ ဟွေ့ပူကဲ ရွာလေးဟာ အခုတော့ စက်လေသံတွေ တနေ့ထက်တနေ့ ကျဲလာပါတယ်။

စက်လှေသံတွေ ပျောက်ရှလာတယ် ဆိုတဲ့ အဓိပ္ပါယ်က ဟွေ့ပူကဲ ကျေးရွာဆီသို့ အလည်အပတ် လာကြတဲ့ နိုင်ငံခြားသားတွေ အလာနည်းသွားခြင်းဘဲ ဖြစ်ပါတယ်။

ဟွေ့ပူကဲ ကျေးရွာဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်အတွင်းမှာ ရှိပြီး ထိုင်း-ကရင်နီ နယ်စပ်အမှတ် (၁ဝ) မှာ တည်ရှိနေပါတယ်။

နိုင်ငံခြား ဧည့်သည်တွေ နည်းလာတဲ့ ဂယက်ဟာ ဟွေ့ပူကဲ ရွာသားတွေရဲ့ စားဝတ်နေရေး ပြဿနာကို ထိပါးလာတဲ့အပြင် ကလေးတွေရဲ့ ပညာရေး အထိပါ အကြပ်အတည်းတွေ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ရေရှည် အနာဂါတ်ဟာလည်း အဖြေ ရှာရခက်တဲ့ ပုဒ်စာ တပုဒ်လိုပါဘဲ။


သူတို့ရဲ့ စားဝတ်နေရေး

ဟွေ့ပူကဲရွာစတည်ကတည်းက ရွာသူရွာသားတွေဟာ ထိုင်းတောင်ပေါ်သားတွေလို တောင်ယာ၊ လယ်ယာတွေ လုပ်ကိုင်စားသောက်ခွင့် မရှိပါဘူး။ စစ်ပြေးဒုက္ခတွေအဖြစ် အသိအမှတ် ပြုထားခြင်း ခံရတဲ့အတွက် ဟွေ့ပူကဲ ကျေးရွာမှာ ယာယီနေထိုင်ခွင့်ဘဲ ရကြပါတယ်။ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့် မရှိပေမဲ့လို့ စားဝတ်နေရေးအတွက် အပူအပင် မရှိကြပါဘူး။

ကိုယ်တိုင် ယက်လုပ်တဲ့ တဘက်၊ လွယ်အိတ်တွေနဲ့ တခြား လက်လုပ်ပစ္စည်း အနည်းငယ်တို့ကို နိုင်ငံခြား ဧည့်သည်တွေဆီ ရောင်းချခြင်းဖြင့် ရရှိတဲ့ ဝင်ငွေတွေနဲ့ အသက်မွေးကြပါတယ်။

ဒုက္ခသည် စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည်တွေထက် စာရင် မိသားစု ဝင်ငွေတွေ ပိုမိုရရှိနိုင်တဲ့ အခွင့်အလမ်း ရှိတယ် ဆိုနိုင်ပေမဲ့လို့ ဒုက္ခသည် စခန်းမှာ ထုတ်ပေးတဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ဂျုံမှုန့်နဲ့ ကုလားပဲ စတဲ့ စားနပ်ရိက္ခာတွေ မရရှိကြပါဘူး။ နိုင်ငံခြား ဧည့်သည်တွေ ပိုအလာများတဲ့ ဆောင်းရာသီ အတောအတွင်းလောက်မှာပဲ အပိုဝင်ငွေ ဆိုတာ ရရှိကြတာပါ။

တခြားရာသီမှာ ဟွေ့ပူကဲ ရွာသားတွေရဲ့ အခြေအနေကတော့ “အင်ဥတွေကို ကြိုးစားပြီး ကောက်တာ တောင်ဆန် တစ်ပုံးမှ မဝယ်နိုင်သေးဘူးလေ။ ဆန်ကို အကြွေးနဲ့ ဝယ်စားတာ (၂) အိတ် ရှိသွားပြီ” လို့ မိုးရာသီတုန်းက အင်ဥများ ကောက်ရောင်းခဲ့တဲ့ ဟွေ့ပူကဲ ရွာသား တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝဝ၅ ခုနှစ် နောက်ပိုင်းက စပြီး နိုင်ငံခြား ဧည့်သည်တွေ လာရောက်လည်ပတ်ဖို့ စိတ်ဝင်စားမှု နည်းလာပါတယ်။ ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး ပဋိပက္ခတွေကြောင့်လည်း နိုင်ငံခြား ဧည့်သည်တွေ လာရောက်လည်ပတ်မှု နည်းလာတာလဲ ဖြစ်နိုင်တယ်လို့ ဟွေ့ပူကဲ ရွာသားတွေက ဆိုပါတယ်။

“ထိုင်းတွေ ဆန္ဒပြကတည်းက နိုင်ငံခြား ဧည့်သည်တွေ ဆိုတာ မတွေ့ရတော့ဘူး” လို့ အသက် ၃ဝ အရွယ်ရှိ ဟွေ့ပူကဲ ရွာသား တစ်ဦးက ပြောပါတယ်။

ပညာရေး

ကျောင်းသူ၊သား ၆ဝ ခန့် ရှိတဲ့ ဟွေ့ပူးကဲ ကျေးရွာ မူလတန်းကျောင်းကို ဆရာ၊မ လေးဦးနဲ့ မနိုင်မနင်း သင်ကြားပို့ချနေတာကို တွေ့ရပါတယ်။ ကျောင်းထောက်ပံ့ကြေးနဲ့ ဆရာ၊မ ထောက်ပံ့ကြေးတို့ကိုလည်း ကိုယ်ထူကိုယ်ထ ဝင်ငွေကနေ ဖြေရှင်းပေးနေရပါတယ်။

၂ဝဝ၃ ခုနှစ် Karenni Student Development Program (KSDP) မှ မထောက်ပံ့ခင် နှစ်အတောအတွင်းတွေမှာ ကျောင်းဆရာ၊မတွေရဲ့ ကျောင်းလစာကို နိုင်ငံခြား ဧည့်သည်တွေမှ ရရှိတဲ့ ကျောင်း ရန်ပုံငွေနဲ့ ရွာက ရန်ပုံငွေတွေနဲ့သာ ပံ့ပိုးပေးလျက်ရှိပါတယ်။

၂ဝဝ၈ ခုနှစ်နောက်ပိုင်း KSDP ထောက်ပံ့မှုမှ ရပ်တန့်သွားတဲ့ နောက်တစ်နှစ်အထိသာ ကျောင်းနဲ့ ရပ်ရွာ ရန်ပုံငွေကို ပေါင်းပြီး ကျောင်းဆရာ၊မတို့ရဲ့ လစာကို ပံ့ပိုးခဲ့ပြီး စာအုပ်၊ ဘောလ်ပင်၊ ခဲတံ စတဲ့ တခြား ကျောင်းသုံးပစ္စည်း တချို့ကိုလည်း နိုင်ငံခြား ဧည့်သည်တွေကို အကူအညီ တောင်းခြင်းဖြင့် ကျောင်းကို လည်ပတ်နေရပါတယ်။

ကျောင်းထောက်ပံ့ကြေးတွေ မရှိလာတာနဲ့အမျှ ဆရာ၊မ လုပ်မယ့် လူတွေလည်း မရှိတော့ပါဘူး။

“ကျောင်းဆရာ၊မတွေ တစ်ယောက်မှ မဖျားမနာရင် နည်းနည်းသက်သာပါသေးတယ်။ မနေ့ကလို ကျောင်းဆရာ တစ်ယောက်က နေမကောင်းလို့ ကျောင်းမလာနိုင်ဘူး။ နောက်ထပ်ကျောင်းဆရာမက သူ့ကိုယ်ဝန်အတွက် ဆေးရုံ ချိန်းကို သွားတဲ့ အချိန်၊ လေးယောက်ထဲမှ နှစ်ယောက်ပဲ ကျန်တဲ့ အဖြစ်က အရမ်းဆိုးတယ်။ ကလေးတွေကို ဘယ်လိုထိန်းရမှန်းတောင် မသိတော့ဘူး” လို့ ဟွေ့ပူးကဲ ကျေးရွာ မူလတန်းကျောင်းအုပ် မူပန်းက သူ့ရဲ့ အတွေ့အကြုံတွေကို စိတ်ဓါတ်ကျတဲ့ လေသံနဲ့ ပြောပြပါတယ်။

ဒီနှစ်မှာတော့ ကျောင်းဆရာ၊မ လေးယောက်ထဲမှ နှစ်ယောက်ရဲ့ ထောက်ပံ့ကြေးကိုတော့ ကရင်နီပညာရေးဌာနက ကူညီပေးနေတယ်လို့ ဆိုပါတယ်။

“Karenni Education Department (KnED) ကရင်နီပညာရေးဌာနတွေက Non-Government Organization (NGO) အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ရတယ်လေ။ project (စီမံကိန်း) တွေကို ၁ နှစ်စာတို့ ၃ နှစ်စာတို့ တင်ရတယ်လေ။ ဒီတော့ အခုမှ သူတို့က လာပြောတယ်၊ ပညာသင်နှစ်ကလည်း စပြီးပြီ။ သူတို့လဲ ကိုယ့်အမျိုးသားပဲ ဆိုပြီး KnED အနေနဲ့ မဟုတ်ဘူး။ ကရင်နီ အစိုးရကနေပဲ ပေးတာပေါ့” လို့ ကရင်နီပညာရေးဌာနမှ ဒု-ဝန်ကြီး အောင်ဆန်းမြင့်က ပြောပါတယ်။

လာမယ့် အနာဂါတ်မှာ ဟွေ့ပူကဲကျေးရွာ မူလတန်းကျောင်းအတွက် ထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး အောင်ဆန်းမြင့်က “သူတို့တွေ ထောက်ပံ့မှုတွေ၊ ကူညီပံ့ပိုးမှုတွေ ရ၊မရ ဆိုတာကိုတော့ NGO တွေနဲ့ ညှိရတာပေါ့”

ကရင်နီကျောင်းအဖြစ် ဆက်လက်မတည်ရှိနိုင်ရင် ထိုင်းအကျောင်းအဖြစ် ဖွင့်လှစ်ပေးဖို့ ကျောင်းကော်မတီတွေက တောင်းဆိုထားကြပေမယ့် ထိုင်းဘက်က မလိုက်လျောဘူးလို့ သိရပါတယ်။ ကျေးရွာကနေ ခြေလျင်နဲ့ နာရီဝက် ခရီးလောက် သွားရတဲ့ ထောက်ပူကျိုင်ရွာရှိ ထိုင်းကျောင်းကို တက်ရောက်ဖို့ ထိုင်းဘက်က တုန့််ပြန်ထားပါတယ်။

ခြေလျှင် ခရီးနဲ့ နာရီဝက်လောက် သွားရတယ် ဆိုပေမယ့် နမ့်ပန်ချောင်း နံဘေးမှာ တည်ရှိတဲ့ ရွာတွေ ဖြစ်တဲ့အတွက် ရေကြီးတဲ့ အချိန်ဆိုရင် ကုန်းလမ်းတွေမှာ ရေလွမ်းမိုးခြင်းနဲ့ စက်လှေတွေနဲ့ သွားရင်လည်း အမိုက်တွေ၊ တခါတလေ သစ်ကိုင်းကြီးတွေနဲ့ သစ်လုံးကြီးတွေ မျောပါလာတတ်တဲ့အတွက် အန္တရာယ် ရှိနိုင်လို့ သွားရေးလာရေး အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။

အခက်အခဲတွေကြားက မိမိသားသမီးတွေကို ပညာတတ်စေလိုတဲ့ ဟွေ့ပူကဲက မိဘတစ်ဦးက “လာမယ့် နှစ်တွေမှာ ကျောင်းဆက်မဖွင့်နိုင်ဘူးဆိုရင် သူတို့တွေကို ဒုက္ခသည် စခန်းထဲမှာပဲ ကျောင်းထားရမှာပေါ့။ သူတို့က ငယ်သေးတော့ သူတို့ရဲ့ နေရေးထိုင်ရေးအတွက် အခက်အခဲ ရှိတာပေါ့။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ။”

သူတို့အတွက် ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် အခွင့်အရေး တခု

၂ဝဝ၈ ခုနှစ်က တတိယနိုင်ငံကို လျောက်လိုတဲ့ ဟွေ့ပူကဲကျေးရွာမှ အိမ်ခြေ တစ်ဝက်ခန့်ကို ထိုင်းဒေသခံအာဏာပိုင်တို့က ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းသို့ ရွေ့ပြောင်းနေထိုင်ကြဖို့ အခွင့်အလမ်း ပေးခဲ့ပါတယ်။

ဟွေ့ပူကဲရွာက တတိယနိုင်ငံ လျောက်လိုသူတွေအတွက် ၂ဝဝ၈ ခုနှစ်မှာ ထိုင်းအာဏာပိုင်တွေဆီမှ ရတဲ့ ခွင့်ပြုချက်ဟာ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်ပဲလို့ ဆိုရမှာပါ။

“ကိုယ်က ဟိုမှာရောက်လည်း ဘာလုပ်နိုင်မလဲ သူများ ဘာသာစကားလည်း မတတ်၊ သူများလို ပညာလည်း မတတ်၊ ပန်ကန်ပဲ သွားဆေးရမယ် ထင်တယ်၊ သူများ ဘာသာစကား တတ်မယ်၊ သူများလို ပညာတတ်မယ်ဆိုရင် သွားချင်တာပေါ့၊ ဒါပေမယ့် ကိုယ့်က ဘာမှ မတတ်တော့ မသွားဘူးလို့ပဲ ဆုံးဖြတ်ထားတယ်” လို့ အခုလက်ရှိ ဟွေ့ပူကဲမှာ နေထိုင်နေတဲ့ ကြေးကွင်းပတ် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အသက် ၃၅ နှစ်ခန့် ရှိတဲ့ ဟွေ့ပူကဲက ရွာသား တစ်ဦးကတော့ “ဒီထိုင်းနိုင်ငံမှာ နေထိုင်ရတာလည်း ကိုယ့်မှာ အားနည်းချက်တွေ အများကြီး ရှိတယ်။ သူများ စာတွေလည်း မတတ် လက်မှတ် အပြည့်အစုံလည်း မရတဲ့အတွက် နေထိုင်ရတာ မပျော်ပါဘူး”

ယခုလက်ရှိ တတိယ နိုင်ငံကို အခြေချနေထိုင်တဲ့ ကယန်းကြေးကွင်းပတ် မိသားစုမှာ လက်ချိုးရေတွက်လို့ ရတဲ့ အရေအတွက်သာ ရှိပါသေးတယ်။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ဒေသဘက်မှာ ဟွေ့ပူကဲလို ကျေးရွာပေါင်း သုံးရွာ ရှိပါတယ်။ မိသားစုဝင်ပေါင်း ၆ဝဝ ခန့် နေထိုင်ကြပါတယ်။ မိသားစု အများစုကတော့ လက်ရှိ ကျေးရွာမှာဘဲ ဆက်လက်နေထိုင်ကြပါတယ်။

အသက် ၄ဝ အရွယ်ရှိ ရွာသား တစ်ဦးက “ကျနော်တို့ နေထိုင်ရာ ဒီနေရာဟာ ကျနော်တို့အတွက် ဇဝေဇဝါပဲလေ ဟိုမရောက် ဒီမရောက်ပဲပေါ့” လို့ ပြောပါတယ်။

မယ်ဟောင်ဆောင် ခရိုင်အတွင်းမှာ ရှိတဲ့ ကယန်းကျေးရွာတွေ အနေနဲ့ တတိယနိုင်ငံကို အခြေချနေထိုင်နိုင်ဖို့ကလည်း လွယ်လွယ်ကူကူ သွားချင်တိုင်း ထွက်သွားလို့ မရပါဘူး။ အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ ဒုက္ခသည်စခန်းမှာ သွားရောက်နေထိုင်ပြီး လျောက်ထားရပါတယ်။ လျောက်ထားသူတိုင်းလည်း အားလုံးမရနိုင်ကြပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တို့နဲ့ ယူအဲန်တို့မှ အဆင့်ဆင့် စစ်ဆေးပြီးမှ စစ်ယူနေတာပါ။

ရွေးကောက်ပွဲ ပြီးသွားပေမဲ့လဲ အယုံအကြည် မရှိ ဖြစ်နေဆဲ

ဟွေ့ပူကဲက ရွာသူ၊သားတွေဟာ နအဖ စစ်သားတို့ရဲ့ ဖိနှိပ်ညှင်းပန်းမှုကို တိမ်းရှောင်ရင်း ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။

နှစ်ပေါင်း ၃ဝ နီးပါး ကြေးကွင်းပတ် လည်ပင်းရှည် ရွာအဖြစ် တည်ထားတဲ့ ဟွေ့ပူကဲက ရွာသူရွာသား တစ်ချို့ဟာ ကိုယ့်ပြည်ကိုယ့်ရွာကို ပြန်လည်အခြေချနေထိုင်နိုင်မယ့် အချိန်အခါတွေကို တမျော်မျော်နဲ့ ရှိနေကြပါတယ်။

ဒါပေမယ့် နိုဝင်ဘာလ (၇) ရက်နေ့က စစ်အစိုးရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ သူတို့ရဲ့ မျော်လင့်ချက်တွေကို အကောင်အထည် မဖော်ပေးနိုင်ပါဘူး။ အဆန်မပါတဲ့ ရွေးကောက်ပွဲကြောင့်လို့ ဆိုရမှာပါ။ စစ်အစိုးရ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ မျှတမှု မရှိတဲ့ ၂ဝဝ၈ အခြေခံ ဥပဒေတွေ၊ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသား ပါတီတွေကို နည်းမျိုးစုံ အနှောက်အယှက် ပေးပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်မယှဉ်ပြိုင်နိုင်အောင် ပြုလုပ်ခြင်းတွေနဲ့ ရွေးကောက်ပွဲမှာ မသမာတဲ့ နည်းလမ်းတွေနဲ့ စစ်အစိုးရရဲ့ ကျောထောက်နောက်ခံ ဖြစ်တဲ့ ကြံ့ဖွံအဖွဲ့က မဲတွေကို ရယူခဲ့ပါတယ်။

“ဒီရွေးကောက်ပွဲမှာ ကြံ့ဖွံ့အဖွဲ့ကပဲ အနိုင်ရမယ်ဆိုရင် မထူးပါဘူး။ ခက်ခဲလို့ပဲ ထွက်ပြေးလာပါတယ်ဆိုမှ” လို့ ဟွေ့ပူကဲ ကျေးရွာရွာသူကြီး မောင်ပိန်က ပြောပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင် ကာလပတ်လုံး မယ်ဟောင်ဆောင် ခရိုင်အတွင်းမှာ ရှိတဲ့ ဟွေ့ပူကဲ ကျေးရွာ၊ ဟွေ့စူထောက် ကျေးရွာနဲ့ ကယန်းသာယာရွာတို့မှ မိသားစုတွေကို ဌာနေဟောင်းသို့ ပြန်လှည်အခြေချနေထိုင်ရန် မြန်မာစစ်အစိုးရဘက်က အပစ်ရပ် ကရင်နီအဖွဲ့အစည်းတို့မှတဆင့် ကန်းလှမ်းမှုတွေ လုပ်ခဲ့ပါတယ်။

စစ်အစိုးရအပေါ် ရွာသားတွေက အယုံအကြည် မရှိတဲ့အတွက် ပြန်လှည်အခြေချနေထိုင်ရေး အစီအစဉ် မအောင်မြင်ခဲ့ကြပါဘူး။ ယခု ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသွားပြီ ဖြစ်မေမဲ့လည်း အခြေအနေတွေက ပြောင်းလဲတိုးတက်မှု မရှိလာပါဘူး။

ထိုင်းနိုင်ငံမှာ စားဝတ်နေရေး အကြပ်အတည်းတွေ ဘယ်လောက်ဘဲ ရှိနေရှိနေ မြန်မာပြည်မှာ နေထိုင်တာထက် စာရင် အများကြီး သက်သာပါသေးတယ်လို့ ဆိုကြပါတယ်။

ဟွေ့ပူကဲကျေးရွာမှာ နှစ်ပေါင်း ၂ဝ နီးပါး နေထိုင်လာခဲ့တဲ့ ကျေးရွာသား တဦးက “ဒီနအဖစစ်အစိုးရတွေပဲ အာဏာ ဆက်ရမယ်ဆိုရင် လုံးဝပြန်လည်မနေထိုင်ချင်တော့ပါဘူး။ ဖက်ဒရက် ပြည်ထောင်စုတို့သာ ရမယ်ဆိုရင် အစိုးရသာ ကောင်းမယ်ဆိုရင် နည်းနည်း ပြန်ချင်စိတ် ရှိသေးတယ်။ နည်းနည်းပဲ မဟုတ်ပါဘူး။ အများကြီး ပြန်ချင်စိတ် ရှိတာပေါ့။ အစိုးရသာ မကောင်းဘူးဆိုရင် ဒီထိုင်းနိုင်ငံမှာပဲ ခက်ခက်ခဲခဲနဲ့ ဆက်နေထိုင်သွားမှာပဲ” လို့ ပြောပါတယ်။

ရွေးကောက်ပွဲအပြီး အစိုးရ အသစ်ကိုလည်း အယုံအကြည် မရှိတဲ့ ဦးတာရီကလည်း “အစိုးရအသစ်တော့ အစိုးရအသစ်ပေါ့။ ဒါပေမယ့် မပြောတတ်ဘူးလေ။ လျှာမှာ အရိုး မရှိဘူးဆိုတော့ ဒီလိုပြန်သွားလို့ နောက်နောင် သူများတွေ သဘောထား ပြောင်းလဲသွားရင် ပြန်လည်ထွက်ပြေးလာရအုံးမယ်လေ” လို့ ပြောပါတယ်။

No comments: