Saturday, January 15, 2011

ရွှေဝါရောင်အလွန်မှာ အပိုင်း - ၈


အောက်တိုဘာလ ၁၅ ရက်၊ ၁၆ ရက် ဝန်းကျင်မှာတော့ ထနောင်းကန်ရွာမှာရှိတဲ့ ကျမတို့အဖေနဲ့ ဆွေမျိုးတော်စပ် သူတွေကို စစ်ဆေးမေးမြန်းတာတွေ၊ စီးနင်းရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ကြားရပါတယ်။ ဦးဇင်းနဲ့ အဖေတို့က ဒီရွာဝန်းကျင်မှာပဲ ခိုအောင်းနေလိမ့်မယ်လို့ သူတို့ ယူဆထားကြပုံပါပဲ။ ဒါကြောင့် ရွာနီးဝန်းကျင်တဝိုက်မှာ ဦးဇင်းရဲ့ သတင်းပေးနိုင်သူကို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဆုငွေချီးမြှင့်မယ်ဆိုပြီး ကြော်ငြာစာတွေ ကပ်တယ်။ သတင်းတွေလည်း ပြန့်နေတယ်လို့ ရွာဆော်ကြီးတဦးရဲ့ သတင်းစကားအရ ကျမတို့ သိရပါတယ်။

‘‘ဆုငွေချီးမြှင့်မယ်သာ ပြောတာပါဟာ..။ လိုချင်တဲ့ တို့ရွာသားက ခပ်ရှားရှားရယ်။ ဒါပေမဲ့ လိုချင်သူတွေလည်း ရှိတာပေါ့။ သစ္စာဖောက်ဆိုတာ ခေတ်တိုင်းမှာ ရှိတတ်တာ သဘာဝမဟုတ်လား’’ လို့ ရွာဆော်ကြီးက ထပ်ပြောပါသေးတယ်။

ရွာဆော်ကြီးရဲ့ ပြောပြချက်အရ ရွာသူရွာသား အတော်များများက အာဏာပိုင်တွေနဲ့ အဆင်ပြေအောင်သာ ပြောဆိုဆက်ဆံပြီး ဦးဇင်းနဲ့ အဖေတို့ကို ကာကွယ်ပေးတဲ့ သဘောရှိပေမယ့် တချို့ကျတော့လည်း မျက်နှာလိုမျက်နှာရ ပြောပြချင်ကြတာ ရှိပါတယ်။ ဦးဇင်းရဲ့ပုံစံ အသေးစိတ်ကို အတိအကျ ပြောပြပြီး ပူးပေါင်းဆောင်ရွက်ပေးတဲ့ လူတောင် ရှိခဲ့တယ်လို့ ကျမတို့ သိရပါတယ်။ တကယ်ဆို အဲဒီလူကို အဖေ့ဘက်ကနေ ဆွေမျိုးစပ်ကြည့်ရင် ကျမတို့နဲ့ မောင်နှမသားချင်းတောင် တော်စပ်နေပါသေးတယ်။ ဒါပေမဲ့ တဘို့တည်းသာ ကြည့်တတ်သူ ဖြစ်နေတာမို့ ဆွေမျိုးတွေရဲ့ ဖယ်ကြဉ်တာကို ခံထားရသူပါ။

ဒီသတင်းကိုကြားတော့ ကျမတို့မောင်နှမတွေက အရမ်း ဒေါသဖြစ်ကြရတယ်။ ကိုယ်နဲ့ ဆွေမျိုးမကင်းသူကို ကာကွယ်မပေးချင်ရင်တောင်မှ မသိချင်ယောင်တော့ ဆောင်ပေးနေဖို့ သင့်တယ်။ အခုတော့ ဦးဇင်းရဲ့ အချက်အလက် အတိအကျကို မျက်နှာလိုမျက်နှာရ သွားပြောနေတယ်၊ လူ့ငနွားဟဲ့၊ ဘာဟဲ့ ဆိုပြီး ကျမတို့မောင်နှမတွေက ခပ်ကြမ်းကြမ်းလေး တုံ့ပြန်ပေးလိုက်တယ်။

ဒါပေမဲ့ အမေကတော့ ဖျောင်းဖျတယ်။ ‘‘သူ့အကျိုးစီးပွားပဲ သူကြည့်မှာပေါ့အေ။ လူတိုင်းကို ကိုယ့်လိုတူအောင်မှ လိုက်ညှိလို့ မရနိုင်ဘဲ၊ မတူတာတွေ စုနေလို့လည်း လောကဖြစ်နေတာပေါ့’’ လို့ အမေက ပြောပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ တူတာတွေ စုနေရင်တော့ လောကမဟုတ်တော့ဘူးလေ၊ လောကုတ္တရာပဲ ဖြစ်နေမှာပေါ့။ လောကမှာ မတူတာတွေ စုနေကြတာကိုက သဘာဝလို ဖြစ်နေပေမယ့် အဲလိုမတူညီတာတွေနဲ့ စုပေါင်းထားတဲ့ အင်အားထုကြီးအနေနဲ့ ဓမ္မဘက်ကို ဦးတည်နိုင်ရင်တော့ လောကကြီး ငြိမ်းချမ်းသာယာလာမှာပါပဲ။

တကယ်တမ်း သီလတူ၊ သမာဓိတူ ပညာတူဆိုတာတွေက အရိယာတွေမှာသာ ရှိကြတာ၊ လောကလူသားတိုင်းမှာ ရှိနိုင်ကြတာမှ မဟုတ်ဘဲ။ ဒါကြောင့် အရိယာတို့ရဲ့ လမ်းစဉ်ကို တိတိကျကျ လိုက်နာကျင့်သုံးတော်မူနေကြတဲ့ ထေရဝါဒ သံဃာ့အဖွဲ့အစည်းဟာ နှစ်ပေါင်း ၂၅ဝဝ ကျော်လာတာတောင်မှ မပျက်စီးနိုင်ဘဲ ခိုင်မြဲနေတာလို့ ဆရာတော်ကြီးတွေက ပြောကြတာ ဖြစ်မှာပါ။

မိတ်ကောင်းဆွေကောင်းကို သိချင်ရင် ဒုက္ခဖြစ်ကြည့်လို့ တချို့ ပြောသံကြားဖူးတယ်။ အခု တကယ်ပဲ ဘယ်သူက မိတ်ဆွေကောင်း၊ ဘယ်သူက မိတ်ဆွေဆိုးဆိုတာ ဒီအချိန်မှာ ပေါ်တော့တာပဲ။ ကိုယ့်နဲ့ ဆွေမျိုးရင်းခြာထဲကတောင် မိတ်ဆွေဆိုးတွေ ထွက်ပေါ်လာတာ သိရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။

တကယ်တမ်းပြောရရင် ကျမတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဒုက္ခဖြစ်နေတယ်လို့တော့ မခံစားမိပါဘူး။ သုခရယ်လို့လည်း မဟုတ်ဘူးပေါ့။ အမှန်တရားကို ချစ်မြတ်နိုးသူတွေ တနည်းပြောရရင် ဓမ္မဝါဒီတွေ အားနည်းနေချိန်မှာ ဓမ္မကို ချစ်ခင်မြတ်နိုးသူတွေ နှိပ်ကွပ်ခံရလေ့ရှိတာ သဘောသဘာဝပဲလို့ ကျမတို့ မှတ်ယူထားတယ်။ ဒီလိုနှိပ်ကွပ်မခံချင်ရင် အမှန်တရားကို ရဲရဲဝံ့ဝံ့ ချစ်မြတ်နိုးတတ်သူတွေ ပေါများလာအောင်၊ ဓမ္မဝါဒီတွေ အားကောင်းလာအောင် လုပ်ဖို့ပဲ ရှိတယ်လေ။ ဒါကြောင့် လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်လို့ ရင်ဆိုင်လာရမယ့် အခက်အခဲတွေ၊ ပြဿနာတွေကို ကြံ့ကြံ့ခံပြီး ဖြေရှင်းဖို့၊ လုပ်သင့်လုပ်ထိုက်တာတွေကို ရဲရဲဝံ့ဝံ့ ဆက်လုပ်နိုင်ဖို့ကိုပဲ အားမွေးနေမိတော့တယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ နေ့လည်ဘက်မှာပဲ ဦးဂမ္ဘီရကိစ္စနဲ့ ပတ်သက်ပြီး မေးစရာ နည်းနည်းရှိလို့ပါဆိုပြီး မန္တလေးကနေ ဆင်းလာတဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က တာဝန်ရှိသူတွေပါလို့ (နာမည်ကို ကျမ မေ့နေလို့) မိတ်ဆက်တဲ့ လူနှစ်ဦး ရောက်လာပြန်တယ်။ ကျမတို့ကတော့ မေးလည်းမေးနိုင်တဲ့ သူတွေပဲလို့သာ ငြီးနေမိတော့တယ်။ သူတို့ကိုကြည့်ရတာ စရဖ အဖွဲ့မှာ သိပ်တော့ ရင့်ကျက်သေးပုံ မရဘူး။ ရှင်းရှင်းပြောရရင် စစ်ပါးဝပုံ သိပ်မပေါ်သေးဘူးလို့ ကျမက သုံးသပ်မိတယ်။ သူတို့လက်ထဲမှာတော့ ရေးဖို့မှတ်ဖို့အတွက် စာအုပ်လေးတွေ ကိုင်ထားတာကလွဲရင် ထွေထွေထူးထူးတော့ မတွေ့မိဘူး။ ဟိတ်ကြီးဟန်ကြီးလည်း သိပ်မရှိကြပါဘူး။ သူတို့က ဦးဇင်းရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီစက်မှုဇုန်ထဲကို ရောက်နေတာ ကြာပါပြီလို့ စပြောပြီး ကျမတို့ကို မိတ်ဆက်တယ်။

ကျမတို့ကတော့ သြော် … ဟုတ်ကဲ့ ဆိုတဲ့ စကားနဲ့ပဲ ဧည့်ခံပြောဖြစ်ကြတယ်။

အသက်အရွယ်အားဖြင့် သိပ်ရှိကြပုံ မပေါ်ဘူး။ ၂ဝ ကျော်၊ ၃ဝ ဝန်းကျင်ပဲ ဖြစ်မယ်ထင်တယ်။ ပြေပြေပြစ်ပြစ်နဲ့ ဆက်ဆံရေး ကောင်းတော့ ကျမတို့လည်း အဆင်ပြေအောင် ပြောဆိုဆက်ဆံကြရပါတယ်။ ပြီးတော့မှ အဖေနဲ့အမေနဲ့ အိမ်ထောင်ကျခဲ့ကြတဲ့ သက်တမ်း၊ အိမ်ထောင်ကျခဲ့တဲ့ နှစ်၊ အိမ်ထောင်ကျပြီးနောက် အလုပ်အကိုင်၊ ပေါင်းသင်းလာတဲ့ အိမ်ထောင်သက်တမ်း တလျှောက်လုံးမှာ အမေမြင်တဲ့ အဖေ့ရဲ့ စရိုက်လက္ခဏာ၊ ဦးဇင်းကို မွေးခဲ့တဲ့ သက္ကရာဇ် (အင်္ဂလိပ်-မြန်မာ)၊ ဦးဇင်းနဲ့ ဆက်စပ်ပတ်သက်ခဲ့သူတွေ၊ ဦးဇင်းရဲ့ သူငယ်ချင်းတွေ၊ ဦးဇင်းရဲ့ စရိုက်လက္ခဏာ၊ လေ့လာလိုက်စားဖူးတဲ့ ပညာရပ်တွေအပြင် ဦးဇင်းဆီက ထူးခြားချက် တခုခုဆိုပြီး အသေးစိတ် မေးပါတယ်။

အမေကပဲ ချင့်ချင့်ချိန်ချိန်နဲ့ အဆင်ပြေအောင် ဖြေပေးနေတယ်။

နောက်တော့ အဖေ့အကြောင်းကို ပြန်ရောက်သွားပြီး အဖေနဲ့ အမေ အိမ်ထောင်မကျခင်က အဖေက ဘာအလုပ် လုပ်နေခဲ့လဲ၊ ဘယ်လိုလူစားမျိုးလဲ၊ ဘယ်တွေကို သွားတတ်လဲ စတဲ့ အချက်တွေ ထပ်မေးလာပြန်တော့ အမေလည်း နည်းနည်းတော့ စိတ်တိုလာဟန်ရှိတယ်။

‘‘အေး… မင်းတို့ အဲဒါကို သိချင်ရင်တော့ ဦးမင်းလွင်နဲ့တွေ့မှ မေးတော့ကွာ’’ လို့ အမေက အငေါ်တူးလိုက်တယ်။

ဒီတော့ ကျမတို့ဘက်ကို လှည့်လာတယ်။ ဦးမင်းလွင် လမ်းလျှောက်ရင် ဘယ်လိုပုံစံရှိလဲ၊ ခါးကိုင်းလား ဒါမှမဟုတ် ခပ်ဖြောင့်ဖြောင့် ခပ်တောင်တောင့်လား၊ ဘာတွေ ဝါသနာပါလဲ စတဲ့ အသေးစိတ်တွေကို ထပ်မေးပြန်တယ်။ ကျမတို့လည်း တလွဲတွေပဲ ဖြေပေးလိုက်တယ်။ အဲလောက်ကြီး အသေးစိတ်လာတော့ စိတ်က ဘယ်ရှည်ချင်တော့မလဲနော်။ သူတို့ကတော့ ရသလောက် အချက်အလက်တွေကို တတ်နိုင်သမျှတော့ နှိုက်ယူရမယ်ဆိုပြီးများ တွက်ထားသလား မသိဘူး။ ကျမတို့က စိတ်တိုလာပြီး ကောင်းကောင်းမဖြေကြတော့ သူတို့လည်း နှုတ်ဆက်ပြီး ပြန်သွားကြတာပါပဲ။

သူတို့ပြန်သွားတော့မှ ‘‘ဘယ်လိုလူတွေမှန်းမသိဘူး။ အူကြောင်ကြောင်နဲ့’’ လို့ပဲ ကျမတို့ မောင်နှမတတွေ ပြောမိကြတယ်။ လူစုံတက်စုံနဲ့ အဖွဲ့စုံက လာလာမေးနေကြလို့ ဖြေရပေါင်းလည်း များနေတော့ ကျမတို့မှာ ငြီးငွေ့နေတာလည်း ပါတာပေါ့။ ပြီးတော့ သူတို့အာဏာပိုင်အဖွဲ့တွေကို မြင်ရတိုင်း ဦးဇင်းနဲ့ အဖေ့ကို ဖမ်းမယ့် သူတွေပဲလို့ အတွေးထဲ တန်းဝင်လာတော့ သူတို့တွေရဲ့ မျက်နှာကို မမြင်ချင်လောက်အောင် ဖြစ်နေတယ်။ ဒါကြောင့် သူတို့သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်က လူတွေလာရင် ကျမတို့မှာ လူရောစိတ်ပါ ပင်ပန်းရတယ်။ သူတို့ပြန်မှသာ အနားရတော့တာကိုး။ ဒါပေမဲ့ ဘယ်အချိန်မှာ ဘယ်သူတွေ လာပြီး ဘယ်လိုမေးကြဦးမှာလဲ၊ ဦးဇင်းနဲ့ အဖေတို့ ဖမ်းခံရပြီဆိုတဲ့ သတင်းများ ကြားရတော့မှာလားဆိုတဲ့ အတွေးတွေနဲ့ စိတ်ထဲတော့ အမြဲစိုးရိမ်သောက ရောက်နေရတာပေါ့။

ကျမတို့ထင်တဲ့အတိုင်းပဲ နောက်တနေ့ (၁၇ ရက်နေ့) ည ၈ နာရီလောက်မှာ ရဲကားတစီး ရောက်လာပြီး အမေကို လာခေါ်တယ်။ ကျမတို့မောင်နှမတွေကို ခေါ်တဲ့အထဲမှာ မပါတော့ အမေ့ကိုတော့ ဓားစာခံအဖြစ် ဖမ်းပြီထင်တယ်လို့ ကျမတို့ တွေးမိကြတယ်။ ဒါကြောင့် ‘‘အမေတယောက်တည်း စိတ်မချဘူး။ ကျမတို့ မောင်နှမတွေပါ လိုက်မယ်’’ လို့ ပြောလိုက်တယ်။ ‘‘မလိုက်နဲ့ စိတ်အေးအေးသာထား’’ လို့ အမေကပဲ ဦးအောင် ကြားဖြတ်ပြီး တားလိုက်တယ်။ ဒီ့နောက် ကျမတို့တွေချည်း အိမ်မှာကျန်နေခဲ့တော့တယ်။ သူတို့ကတော့ နည်းနည်း မေးစရာရှိသေးလို့ပါဆိုပြီး ခေါ်သွားတာပဲ။ ဘယ်ကိုခေါ်သွားမှန်း မသိတော့ ကျမတို့လည်း စိတ်ပူတာကလွဲရင် ဘာမှ မတတ်နိုင်ဖြစ်နေတယ်။ ကျမတို့အနားမှာ အမေမရှိတော့ စိတ်ထဲမှာ ပိုပြီး အားငယ်နေသလိုလည်း ခံစားလာရတယ်လေ။ ဒါကြောင့် ဘုရားပဲ တိုင်တည်နေရတော့တယ်။

ကျမတို့ ဗုဒ္ဓဘာသာဝင်အများစုမှာက သာယာမှုတွေနဲ့ ယစ်မူးနေတဲ့ အချိန်ဆိုရင် ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ သရဏဂုဏ်ကို နှလုံးသွင်းဖို့၊ ဂုဏ်တော်တွေ ရွတ်ဖတ်ပွားများဖို့၊ သင်္ခါရတရားကို စဉ်းစားဆင်ခြင်မိကြဖို့ဆိုတာ အင်မတန် နည်းတယ်လို့ ကျမ ခံစားမိတယ်။ တကယ်လည်း ဒုက္ခတွေ၊ သောကတွေနဲ့ ကြုံလာရရော တလိုက်တဲ့ ‘‘ဘုရား ဘုရား’’ ဆိုတာ ပါးစပ်ကကို မချတော့ဘူး။ အခု ကျမလည်း အဲလိုဖြစ်နေတယ်လေ။ တခြားအားကိုးရာ မရှိတော့မှ ဘုရားဘုရားဆိုတာ ပါးစပ်ထဲမှာ တရစပ် ရွတ်ဖတ်မိနေတော့တယ်။ တကယ်က အာစိဏ္ဏကံဖြစ်အောင် ဗုဒ္ဓရဲ့ အဆုံးအမတွေ၊ ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို အမြဲ နှလုံးသွင်းဆင်ခြင်နေရမှာ။ ဒါမှလည်း အကျိုးကျေးဇူး အထူးရတာလို့ ဆရာတော်ကြီးတွေက ဆုံးမခဲ့ဖူးတယ်။

ည ၁၂ နာရီကျော်မှ အမေပြန်ရောက်လာတော့ ကျမတို့လည်း မအိပ်နိုင်ဖြစ်နေတာနဲ့ အတော်ဖြစ်သွားတယ်။ အမေကတော့ အေးအေးဆေးဆေးနဲ့ သိပ်တုန်လှုပ်ပုံမရဘူး။ ဒါပေမဲ့ ကျမတို့ကတော့ မအေးဆေးနိုင်ဘူးလေ။ အမေ့ကို ဘာတွေမေးလဲ၊ အမေကကော ဘာတွေဖြေလိုက်လဲ စသဖြင့် ခရီးရောက်မဆိုက်မှာ အမောဖြေဖို့ အချိန်မရနိုင်အောင်ကို ဝိုင်းမေးလိုက်တော့တာ။

‘‘အမေ့ကို မိတ္ထီလာရဲစခန်းကို ခေါ်သွားပြီး အရာရှိတယောက်နဲ့ တွေ့ပေးတယ်။ မန္တလေး စရဖ က ဗိုလ်ကြီးအောင်ကို ဆိုလားပါပဲ။ အသက်ကတော့ ငယ်သေးတယ်အေ့။ ၃ဝ ကျော်လောက်ပဲ။ ဆက်ဆံရေးကတော့ ပြေပြစ်ပါတယ်။ သူက အသစ်ထပ်ရောက်လာတာတဲ့။ အဲဒါ မနက်ဖြန် အိမ်ကိုလာလည်ချင်တယ်ဆိုပြီး ခွင့်တောင်းလို့ အမေလည်း နေ့လည်ထမင်း စားအမီ ကြွခဲ့ပါ၊ ဖိတ်ပါတယ်လို့ ပြောခဲ့တယ်’’။

ဒီတော့ ကျမတို့မောင်နှမတွေက ‘‘ဟာ … ထမင်းမကျွေးချင်ပါဘူး’’ လို့ ဝိုင်းပြောကြတယ်။

“သြော် .. အဲလိုလဲ ဘယ်ဟုတ်ပါ့မလဲအေ။ သူမကောင်းတာက သူ့အကြောင်း။ အဓိကအရေးကြီးတာက ကိုယ်ကောင်းနေဖို့ပဲအေ့’’ လို့ အမေက ဖျောင့်ဖျတော့ ကျမတို့တွေလည်း လက်လျှော့လိုက်ရတော့တယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကျမတို့မောင်နှမတွေက ထမင်းကျွေးဖို့ မပြောနဲ့၊ ဒီလိုလူတွေနဲ့ စကားတောင် ကောင်းကောင်း မပြောချင်ကြဘူး။ ကျမတို့က အဓိက ချက်ပြုတ်ကျွေးမွေးရမှာကိုး။ ဒီလိုကျွေးမွေးဧည့်ခံတာက အဆိပ်ပင်ကို ရေလောင်းပေးနေသလိုပဲလို့ ကျမတို့က မြင်ထားကြတယ်လေ။ ဒါပေမဲ့ အမေကတော့ ကိုယ့်ယောက်ျားနဲ့ ကိုယ့်သားကို လိုက်ဖမ်းနေသူကိုတောင် စေတနာထားပြီး ဆက်ဆံနေတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အမေစိတ်ချမ်းသာဖို့က အဓိကဆိုပြီးသာ မနက်ဖြန် ထမင်းကျွေးဖို့ကိစ္စ လက်ခံခဲ့ရတော့တာပေါ့။

မန္တလေး စရဖ က ဗိုလ်ကြီးအောင်ကိုက အတော်တော့ လုပ်ပိုင်ခွင့်အာဏာ ပိုကြီးတယ် ထင်တယ်။ မန္တလေးတိုင်း စရဖ အဖွဲ့မှာ ရာထူးအကြီးဆုံးပဲလို့ ပြောကြတယ်။ အမေ့ကို ပြောဆိုဆက်ဆံပုံကတော့ အတော့်ကို ပြေပြေပြစ်ပြစ် ရှိလှတယ်လို့ အမေက ပြောပြလို့ ကျမတို့ သိရပေမယ့် မယုံရဲဘူး။ မာယာများတယ်လို့ပဲ ကျမတို့ တွက်ထားလိုက်တယ်။

၁၈ ရက်နေ့ နေ့လည် ၁၂ နာရီ ထိုးခါနီးတော့ ကျမတို့ အိမ်ရှေ့ကနေ လူတယောက် ဖြတ်သွားတာကို သတိထားမိလိုက်တယ်။ ‘‘ဒီလူကို တခါမှလည်း မမြင်ဘူးပါဘူး။ ဘယ်ကပါလိ့မ်’’ လို့ စိတ်ထဲတွေးနေမိတယ်။ သူက နှီးဦးထုပ်အစုတ်လေးကို ဆောင်းပြီး အင်္ကျီက အပြာရောင် အကွက်စိပ်စိပ်ကလေးနဲ့ ပုဆိုးကိုလည်း ကျကျနန ဝတ်တတ်ပုံ မပေါ်တဲ့အပြင် လမ်းသွားပုံကလည်း ကုပ်ချောင်းချောင်းဖြစ်အောင် တနည်းပြောရရင် သာမန်ရွာသား ပုံစံမျိုးကျအောင် တမင်လုပ်သွားနေရပုံပဲ။ ဝတ်ထားတာက ခပ်နွမ်းနွမ်းနဲ့ အရပ်သားဆန်ပေမယ့် သူ့ရုပ်အင်္ဂါနဲ့ မလိုက်ဖက် ဖြစ်နေတယ်။ ပြီးတော့ သူ့ပုံစံက နယ်သူနယ်သားပုံ မပေါ်ဘူးလေ။ သူက လမ်းဆုံးအောင် ပတ်ပြီး စက်မှုဇုန် ၅ လမ်းထိပ်ကို ပြန်လျှောက်တော့ ကျမ နည်းနည်းတော့ သံသယဝင်မိသွားတယ်။

‘‘ဗိုလ်ကြီးအောင်ကိုဆိုတဲ့ လူရဲ့ ပုံစံက ဘယ်လိုလဲ အမေ’’ လို့ မေးလိုက်တော့ အမေက ‘‘အသားဖြူဖြူ အဲ.. ခန္ဓာကိုယ် အချိုးကျကျ လှလှပဲအေ့။ သူက မြို့ကြီးသားဆိုဒ်ပေါ့အေ’’။

အင်း… သေချာပြီ ဒီငနဲပဲ ဆိုပြီး ကျမမောင်လေး လွင်မောင်မောင်ကို လိုက်ခိုင်းလိုက်တယ်။ ‘‘ကိုအောင်ကိုလို့ နှုတ်ဆက်ပြီး။ အမေက လိုက်ခေါ်ခိုင်းလို့ပါလို့ပြော။ ပြီးရင် ဆိုင်ကယ်ပေါ် တင်လာခဲ့ဟာ’’ လို့ ကျမ မှာလိုက်တယ်။ လွင်မောင်မောင်ကလည်း ကျမ မှာလိုက်တဲ့အတိုင်းပဲ ဆိုင်ကယ်နဲ့ အဲဒီလူနောက်ကို လိုက်တယ်။

‘‘ကိုအောင်ကို ကျနော့်အိမ်က အဲဒီဘက်မှာ မဟုတ်ဘူးအကို။ ဒီဘက်မှာဗျ’’ လို့ လွင်မောင်မောင်က ပြောလိုက်တော့ ဗိုလ်ကြီးအောင်ကို နည်းနည်းတော့ အံ့သြသွားတယ် ထင်တယ်။

စပ်ဖြီးဖြီးလုပ်ပြီး ‘‘ကျနော်မှန်း ဘယ်လိုသိလဲဗျ’’ တဲ့။

‘‘အကို အိမ်လိုက်ရှာနေပုံပေါက်လို့ ခေါ်ကြည့်တာပါ’’ လို့ လွင်မောင်မောင်က ပြောပြီး ဆိုင်ကယ်ပေါ် တင်ခေါ်လာခဲ့တယ်။ အိမ်ရောက်တော့ ဗိုလ်ကြီးအောင်ကိုက ရှက်ပြုံးပဲ ပြောရမလား၊ ရှက်ရီရီတယ်ပဲ ပြောရမလား မသိဘူး။ မလုံမလဲနဲ့ ရီနေတော့တယ်။ ပြီးမှ ‘‘ကျနော်က ရုပ်ဖျက်လာတာ အတော်ပီပြင်ပြီ ထင်နေတာဗျ၊ ဟားဟား လိုသေးတာပဲ’’ ဆိုပြီး ပြောတယ်။ အမေကတော့ ဘာမှမပြောဘဲ ရယ်နေတယ်။ ကျမတို့ မောင်နှမတွေကတော့ ခပ်တည်တည်နဲ့ ‘‘လူတွေကို အချဉ်များ မှတ်နေလား မသိဘူး။ ဒါမျိုးတွေ ရိုးနေပြီ’’ လို့ စိတ်ထဲကနေ ပြောနေမိတယ်။

ဒါက ကျမတို့နဲ့ တမင်ရင်းနှီးမှုရအောင် ကြံဆောင်ချက်လား ဒါမှမဟုတ် တကယ်ပဲ ရုပ်ဖျက်ပြီး အိမ်အခြေအနေတွေကို အကဲခတ်ချင်တာလားဆိုတာတော့ သူကိုယ်တိုင်ပဲ သိမယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့မောင်နှမတွေကတော့ အောင်ပွဲတခုလိုပဲ ထင်နေကြတယ်။

အဖေတို့နဲ့ အကိုကြီးတို့ ပါဝင်လှုပ်ရှားခဲ့တဲ့ ၈၈ လူထုအရေးတော်ပုံ နောက်ပိုင်းကာလ တလျှောက်လုံးမှာ အဲလိုမျက်နှာစိမ်း လူတယောက် ကိုယ့်အိမ်နားရောက်လာရင် ‘‘ထောက်လှမ်းရေးများ ဖြစ်နေမလားဟဲ့’’၊ ‘‘အဖေတို့ အကိုကြီးတို့ကိုများ ဖမ်းဖို့ရှိနေလား မသိဘူး’’ စတဲ့ စိုးရိမ်စိတ်တွေနဲ့ ယှဉ်ခဲ့ရတဲ့ နေ့တွေက များပြီကိုး။ ဒါကြောင့် အချဉ်မဟုတ်ဘူးဟေ့၊ ဒါမျိုးတွေ ရိုးနေပြီလို့ ကျမတို့က ဗိုလ်ကြီးအောင်ကိုကို ပြောချင်နေကြတာ။ ဒါပေမဲ့ မပြောလိုက်ပါဘူး။ တော်ကြာ သူက လေကြောရှည်နေရင် စကားလက်ခံပြောနေရမှာစိုးလို့ ခပ်တည်တည်ပဲ နေလိုက်တယ်။

ခဏကြာတော့ ကျမတို့ကို ကျောင်းပြီးပြီလား၊ ဘာအလုပ်လုပ်လဲ စသဖြင့် မေးတယ်။ အမေ့ကျန်းမာရေး အခြေအနေတွေကော မေးတယ်။ အမေ .. အမေ ဆိုပြီး တရင်းတနှီးပုံစံနဲ့ မေးနေတော့တာပဲ။ အဖေနဲ့ ဦးဇင်းအကြောင်းတော့ တခွန်းမှ မဟသေးဘူး။

ကျမတို့ မောင်နှမတွေကတော့ သူဘယ်လောက်ပဲ အဆင်ပြေပြေအောင် ဆက်ဆံနေပါစေ၊ သူ့ရဲ့ အဓိက ပစ်မှတ်က အဖေနဲ့ ဦးဇင်းကို ဖမ်းနိုင်ဖို့ပဲဆိုတော့ စကားကို လက်ခံပြောချင်စိတ် မရှိဘူး။ အမေကတော့ လူကြီးဖြစ်နေတော့ ဗိုလ်ကြီးအောင်ကို မေးတာတွေကို ဒိုင်ခံဖြေပေးတယ်။ တခြားလူတွေနဲ့ မတူတဲ့ အချက်က ဗိုလ်ကြီးအောင်ကိုက ကျမတို့နဲ့ တရင်းတနှီး ဖြစ်အောင်ကို တမင်ဆက်ဆံနေရပုံပါပဲ။

No comments: