Wednesday, January 5, 2011

နေပြည်တော် လေဆိပ် စီမံကိန်း တရုတ်လည်း ဝင်ရောက်လုပ်ကိုင်

ရန်ပိုင် Wednesday, 05 January 2011

နေပြည်တော်ရှိ အေလာ၌ နိုင်ငံတကာ အဆင့်မီဖြစ်အောင် တိုးချဲ့တည်ဆောက်နေသော လေဆိပ် စီမံကိန်းတွင် တရုတ်ကုမ္ပဏီ တခုက အမေရိကန် ဒေါ်လာ သန်း ၁၀၀ ဖြင့် ဝင်ရောက် လုပ်ကိုင်မည် ဟု သိရသည်။

ယမန်နှစ် နိုဝင်ဘာလအတွင်းက ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ပြုလုပ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံတို့ တက်ရောက်သည့် စီအယ်လ်အမ်ဗီနှင့် အက်မက်စ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြောင်း၊ ထို့နောက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တရုတ် ဆက်သွယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ (CCC) နှင့် စစ်အစိုးရတို့ နေပြည်တော် လေဆိပ်တိုးချဲ့ရေး စီမံကိန်းအတွက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဇန်နဝါရီလ ၃ ရက်နေ့ထုတ် ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာတွင် ရေးသားထားသည်။

နေပြည်တော် လေဆိပ် တိုးချဲ့တည်ဆောက်ရေးအတွက် အေးရှားဝေါလ် ကုမ္ပဏီကိုလည်း ဒေါ်လာ သန်း ၂၅၀ ဖြင့် တည်ဆောက်ခွင့် ပေးထားသေးကြောင်း ပြည်တွင်း စီးပွားရေးသမားတဦးက ပြောသည်။

နေပြည်တော် နိုင်ငံတကာ လေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေယာဉ်များ ဆိုက်ကပ်နိုင်မည့် အဆောက်အအုံ၊ လေယာဉ်ပြေးလမ်းများနှင့် ပြည်တွင်း ခရီးစဉ် အသုံးပြု အဆောက်အအုံသစ်များကို တပြိုင်နက်တည်း ဆောက်လုပ်လျက်ရှိပြီး ၂၀၁၁ ခုနှစ်အစောပိုင်းတွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်း Eleven မီဒီယာက ယမန်နှစ်ကုန်ပိုင်းတွင် သတင်းရေးသား ဖော်ပြခဲ့သည်။

စင်ကာပူအခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ သုတေသီ မစ္စတာ ပါဗင် ချာချာဗယ်ပုံပွန်က တရုတ်နှင့် မြန်မာ စီးပွားရေး ဆက်ဆံမှု တိုးမြင့်လာသော်လည်း သံသယနှင့် မယုံကြည်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍ “တရုတ်ကနေပြီး အကြီးအကျယ် လာရောက် ရင်းနှီးမြှုပ်နှံနေတာကို မြန်မာ အစိုးရက အမြဲ ကြိုဆိုနေသည့်တိုင် ဒီ ရင်းနှီးမြှုပ်နှံမှုတွေကို တခါတလေမှာ သံသယတွေနဲ့ လက်ခံရတာ ဖြစ်ပါတယ်” ဟု အဆိုပါ South China Morning Post သတင်းစာသို့ ပြောထားသည်။

လေဆိပ်အသစ် တည်ဆောက်ရေးအပြင် တရုတ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး ကုမ္ပဏီ Sinohydro ကလည်း မြန်မာနိုင်ငံတွင် တရုတ်ယွမ်ငွေ သန်း ၉၀.၈ တန်ဖိုးရှိသည့် ကီလိုဝပ် ၁၂၀,၀၀၀ ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းတခု တည်ဆောက်မည်ဟု သိရသည်။

၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံ ရှိပြီး ၅ ဘီလီယံမှာ ရေအားလျှပ်စစ် စီမံကိန်းများ၌ မြုပ်နှံထားသည်ဟု သိရှိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုများကို ပိုမို တိုးမြှင့်ခဲ့ရာ ယမန်နှစ် ဇွန်လအတွင်း က တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် စီးပွားရေးဆိုင်ရာ နှစ်နိုင်ငံ သဘောတူ စာချုပ်အများအပြား ချုပ်ဆိုနိုင်ခဲ့သည်။

တရုတ် ၀န်ကြီးချုပ်၏ ခရီးစဉ်အပြီးတွင် တရုတ် အကြီးစား လက်နက် ကုမ္ပဏီတခုဖြစ်သည့် Norinco သည် မုံရွာမြို့အနီးရှိ ကြေးစင်တောင်မှ ကြေးနီများထုတ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်။

ထို့အပြင် မန္တလေးတိုင်း ရွှေလီမြစ်ရိုး အနီးရှိ တကောင်းမြို့နှင့် မြတောင်ရွာအကြားတွင် နီကယ်လ်စက်ရုံတခု တည်ဆောက်နေကြောင်း၊ ထွက်ရှိသည့် နီကယ်လ်နှင့် ခရိုမိုက် သတ္တုများကို ထုတ်ယူပြီး တရုတ်ပြည်သို့ တင်ပို့မည် ဖြစ်ကြောင်း၊ ယခုနှစ် ဇွန်လတွင် စတင်လည်ပတ်နိုင်မည်ဟု သိရကြောင်း တကောင်းမြို့ ခံတဦးက ဧရာဝတီသို့ ပြောသည်။

“စက်ရုံဆောက်တဲ့ အလုပ်သမားကအစ တခါတည်း တရုတ်က ခေါ်လာတာ၊ ၂၀၀၀ လောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်လူမျိုး အများအပြား ရောက်ရှိနေသည့်အတွက် ဒေသအတွင်း၌ မြန်မာလူငယ်နှင့် အမျိုးသမီးများအကြား လူမှုရေးနှင့် အကျင့်စာရိတ္တ ပျက်ပြားမှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါမြို့ခံက ဆက်လက်ပြောပြသည်။

ထို့အပြင် အရှေ့တောင်အာရှ နိုင်ငံများနှင့် တရုတ်နိုင်ငံသို့ ဆက်သွယ်ပေးမည့် မီးရထားလမ်းစီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည့် ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ရန်ကုန်မြို့သို့ ဆက်သွယ်သည့် မီးရထားလမ်းကိုလည်း ယခုနှစ်အတွင်းတွင် စတင် ဖောက်လုပ်မည်ဖြစ်သည်။

အဆိုပါ ကူမင်း-ရန်ကုန် လမ်းပိုင်းသည် အရှည် ကီလိုမီတာ ၁၉၂၀ ရှိပြီး ၁ နာရီလျှင် ကီလိုမီတာ ၂၀၀ နှုန်း မောင်းနှင်နိုင်မည် ဖြစ်ကြောင်း၊ ယူနန်ပြည်နယ် ကူမင်းမြို့ကို ဗဟိုထားပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့သို့ ဖောက်လုပ်သွား မည်ဖြစ်ပြီး ထိုင်းနိုင်ငံကိုလည်း ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဘင်္ဂလားပင်လယ်အော် အတွင်းရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည်နယ်ကို ဖြတ်ပြီး တရုတ်နိုင်ငံကူမင်းမြို့သို့ သယ်ယူမည့် စီမံကိန်းကိုလည်း တရုတ်ကုမ္ပဏီများက စတင်လုပ်ကိုင်နေပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည်ခရီးစဉ် အပြီးတွင် တရုတ်အစိုးရက မြန်မာ စစ်အစိုးရကို ယွမ် ဘီလီယံ ၃၀ (အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ) အတိုးမဲ့ ထုတ်ချေးရန် သဘောတူခဲ့သည်။

No comments: