Wednesday, January 5, 2011

အခွန်စနစ်သစ်တရပ် စတင်

ဧရာဝတီ Wednesday, 05 January 2011

မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်မှု လျော့နည်း စေရန်အတွက် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် (Withholding Tax) စနစ်သစ်ကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ စတင်ကျင့်သုံးပြီ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း အခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ကုန်သည်ကြီးများကို ဒီဇင်ဘာလ ၃၁ ရက်နေ့၌ ရန်ကုန်မြို့၊ မင်းရဲကျော်စွာ လမ်းရှိ ကုန်သည်အသင်း အဆောက် အဦတွင် ခေါ်ယူတွေ့ဆုံပြီး အခွန်စနစ်သစ် စတင် ကျင့်သုံးကြောင်း တရားဝင် အကြောင်းကြားလိုက်ခြင်း ဖြစ်သည်။

ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်ဆိုသည်မှာ ၀င်ငွေတရပ်ရပ် ရရှိချိန်တွင် ငွေထုတ်ပေးရန် တာဝန်ရှိသူက ထိုဝင်ငွေအပေါ် ကျသင့်သော အခွန်ကို နုတ်ယူ၍ သက်ဆိုင်ရာ ပြည်တွင်း အခွန်များရုံးသို့ လွှဲပြောင်း ပေးသွင်းသည့် အခွန်ဖြစ်သည်။ သွင်းကုန်သမားများက သက်ဆိုင်ရာ အခွန်ကို ကြိုတင် ဖြတ်တောက် ပေးဆောင်ရမည့် စနစ်မျိုးဖြစ်သည်။ ပြည်ပမှဆိုလျှင် သွင်းကုန်ပေါ်တွင် ၃.၅ ရာခိုင်နှုန်း၊ ပြည်တွင်းဆိုလျှင် ၃ ရာခိုင်နှုန်း ကောက်ခံမည်ဟု သိရသည်။

“Withholding Tax က အစိုးရက အခွန်လိုက်ကောက်တာ မဟုတ်ဘူး။ ကုမ္ပဏီတွေကိုယ်တိုင်က သူလုပ်တဲ့လုပ်ငန်းအတွက် တာဝန်သိသိ အခွန်ဆောင်ရတာ။ အဲဒီလိုတာဝန်သိသိ အခွန်ဆောင်ဖို့လည်း ထိန်းချုပ်တဲ့စည်းမျဉ်း၊ ဥပဒေတွေ ထုတ်ပြန်ထားတယ်” ဟု ဦးအောင်မိုးကြည်က ပြောသည်။

ယင်း စနစ်သစ်ကို ၂၀၁၀ ပြည့်နှစ် ဧပြီလကတည်းက အတည်ပြုခဲ့သော်လည်း ယခုမှ စတင်ကျင့်သုံးခြင်းဖြစ်ကြောင်း၊ ယင်းစနစ်သစ်အရ မှတ်ပုံတင်ထားသော အဖွဲ့အစည်းများ၊ အစုစပ် လုပ်ငန်းများ၊ ကုမ္ပဏီများ အကျုံးဝင်ကြောင်း၊ အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေး မတိုင်မီ ကြိုတင်ပြင်ဆင်သည့် သဘောဖြစ်ကြောင်း Eleven မီဒီယာတွင် ရေးသားထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ ၀န်ထမ်းတဦးက “ဒီအခွန်စနစ်က သိပ်ရှုပ်ထွေးမှု မရှိပါဘူး။ ဥပမာ Aကုမ္ပဏီက Bကုမ္ပဏီဆီက ငွေ ၁၀ သိန်းဖိုး ပစ္စည်းတွေဝယ်လိုက်တယ်။ A ကုမ္ပဏီက B ကုမ္ပဏီကို ကုန်ပစ္စည်းဖိုး ငွေ ၁၀ သိန်းမပေးခင် အရောင်းအ၀ယ်အတွက် ကျသင့်တဲ့အခွန်ကို အခွန်ရုံးမှာ သွားသွင်းပြီး အခွန်ဆောင်ထားတဲ့ လက်မှတ်နဲ့ ကျန်တဲ့ငွေကို Bကုမ္ပဏီကို ပေးလိုက်တာ။ အခွန်က ၃ ရာခိုင်နှုန်း ကျသင့်ရင် ၁၀ သိန်းဖိုးအတွက် အခွန်ငွေ ၃ သောင်းပေါ့။ အဲဒီတော့ A ကုမ္ပဏီက အခွန် ၃ သောင်း ဆောင်ထားတဲ့လက်မှတ်နဲ့ ငွေ ၉သိန်း ၇ သောင်းကို B ကုမ္ပဏီကို ပေးရမယ်။ ၀ယ်သူက ရောင်းသူကို ငွေမပေးခင် ရောင်းသူအတွက် အခွန်ဆောင်ပေးလိုက်တာပေါ့” ဟု ရှင်းလင်းပြောဆိုသည်။

ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်ဆောင်ရမည့် ၀င်ငွေအမျိုးအစား လေးမျိုးရှိပြီး (၁) အတိုးပေးငွေများ၊ လိုင်စင်၊ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုသည့် ပေးချေငွေများ၊ (၂) ကန်ထရိုက်စာချုပ် (သို့) သဘောတူစာချုပ် (သို့) သဘောတူညီချက် တရပ်ရပ်ဖြင့် ပစ္စည်းဝယ်ယူခြင်းနှင့် လုပ်ငန်းဆောင်ရွက်ပေးစေခြင်းအတွက် ပေးချေငွေများ၊ (၃) စာချုပ်စာတမ်းဖြင့် နိုင်ငံခြားသားလုပ်ငန်းရှင် သို့မဟုတ် နိုင်ငံခြားသားကုမ္ပဏီက လုပ်ငန်းဆောင်ရွက်ပေးစေခြင်းနှင့် (၄) နိုင်ငံတော်အတွင်းမှ ပစ္စည်းဝယ်ယူခြင်းအတွက် ပေးချေငွေများ အကျုံးဝင်ကြောင်း သိရှိရသည်။

“အခွန်ဆောင်ရမယ့် နှုန်းက ၃ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ရှိတယ်။ စီးပွားရေး လုပ်တဲ့နေရာမှာ ဒီအခွန်မဆောင်ရင် လုပ်ငန်းလိုင်စင်သက်တမ်း တိုးတာတို့၊ နိုင်ငံခြားငွေဘဏ်စာရင်း (Letter of Credit) လုပ်တာတို့ အဆင်ပြေမှာ မဟုတ်ဘူး” ဟု နေပြည်တော်မှ ပြည်တွင်းအခွန်များဦးစီးဌာန အရာရှိတဦးက ပြောသည်။

လူဦးရေ သန်း ၅၀ ကျော်ရှိသော မြန်မာနိုင်ငံတွင် အများစုမှာ အခွန်မဆောင်ကြကြောင်း၊ လူဦးရေ၏ ၁.၀၉ ရာခိုင်နှုန်းကသာ အခွန်ဆောင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာကြည်ညွန့်က ပြောသည်။

ရန်ကုန်မြို့အခြေစိုက် စီးပွားရေးသမားကြီးတဦးက အခွန်ဆောင်ခြင်း၏ နောက်ကွယ်တွင် လုံခြုံမှုနှင့် တန်းတူအခွင့်အရေး ရရှမှု၊ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဘ၀လုံ ခြုံရေးအာမခံချက်များ ပါဝင်ကြောင်း ရှင်းပြသည်။

အဆိုပါစီးပွားရေးသမားကြီးက “နိုင်ငံတော်ကို အခွန်ဆောင်မယ်ဆိုရင် နိုင်ငံတော်ကလည်း အခွန်ဆောင်တဲ့သူ၊ နိုင်ငံသား တွေအပေါ်မှာ တန်းတူ အခွင့်အလမ်းတွေ ပေးရမယ်။ ဘ၀အာမခံချက်ပေးရမယ်။ အခွန်ဆောင်တော့ ကိုယ်၊ အခွင့်အရေးရတော့ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ အဲဒီလို ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေက ရတယ်။ Monopoly စီးပွားရေးပုံစံနဲ့တော့ ဘယ်သူမှ အခွန်မဆောင်ဘူး” ဟု ပြောသည်။

ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးဝင်းမြင့်တို့ကဲ့သို့သော စစ်ဗိုလ်ချုပ်များနှင့်နီးစပ်သည့် စီးပွားရေးသမားကြီးများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်များကို လက်ဆောင်ပဏ္ဍာ ဆက်သခြင်း၊ ဆေးရုံဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ လမ်း တံတား တည်ဆောက်ပေးခြင်း အပါအ၀င် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် အခွန်ကင်းလွတ်ခွင့်များ ရရှိကြောင်း သိရှိရသည်။

No comments: