Monday, January 17, 2011

ကမ္ဘာလှည့် ခရီးသွားများကို ခြင်းလုံးဖြင့် ဆွဲဆောင်မည်

ဟိန်းဇော် Monday, 17 January 2011

ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်သည့် အနေဖြင့် ပထမဆုံးအကြိမ် မြန်မာ့ရိုးရာ ခြင်းလုံး အားကစား ပြိုင်ပွဲကို မန္တလေးတိုင်း ပုဂံ - ညောင်ဦး ၌ ဇန်န၀ါရီလ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်က ပြောသည်။

“ပုဂံ-ညောင်ဦးဒေသမှာ ကျင်းပမယ်။ နောက်ပြီး လာမယ့် ၂၀၁၃ မှာ မြန်မာက လက်ခံ ကျင်းပမယ့် ဆီဂိမ်းမှာလည်း ထည့်သွင်းဖို့စီစဉ်နေတယ်”ဟု မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ် အတွင်းရေးမှူး ဦးရဲအောင်က ပြောပြသည်။

ကမ္ဘာလှည့် ခရီးသွား အများအပြား လာရောက်လေ့ရှိသော ပုဂံ-ညောင်ဦး ဒေသ ရွှေစည်းခုံဘုရား အနီးရှိ ဘောလုံးကွင်း အတွင်း ယင်း ခြင်းခတ်ပြိုင်ပွဲကို မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။

နိုင်ငံတကာကို မြန်မာခြင်းလုံး ရိုးရာအားကစားနည်းကို ချပြခြင်တာလည်း ပါတာပေါ့နော်။ နောက်ပြီး အထူးစိတ်ဝင်စားဖွယ် ရှားပါးကစားနည်း တမျိုးဖြစ်တာကြောင့်ပါ”ဟု ဟိုတယ် လုပ်ငန်းရှင်တဦးက ဆိုသည်။

မြန်မာနိုင်ငံက လက်ခံ ကျင်းပမည်ဖြစ်သော လာမည့် ၂၀၁၃ ခုနှစ် ဆီဂိမ်းပြိုင်ပွဲတွင်လည်း မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်းကို ထည့်သွင်းနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

မြန်မာ့ ရိုးရာ ခြင်းခတ်ပြိုင်ပွဲကို မန္တလေးမြို့ မဟာမြတ်မုနိဘုရား မြောက်ဘက်မုခ်ရှိ ခြင်းလုံး အားကစားရုံတွင် နှစ်စဉ် ဝါဆိုလ တိုင်း ပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့်၂၀၁၀ ပြည့်နှစ်အတွင်းက ရွှေဘိုမြို့၌လည်း မြို့အလိုက် ကျင်းပခဲ့သည်။

“မြန်မာ့ရိုးရာခြင်းလုံးကို အခုဆို တော်တော်လေးစိတ်ဝင်စားမှုရှိလာတယ်။ အဖွဲ့ချုပ် တခုတည်းသာမဟုတ်ဘူး အာကစားဝန်ကြီး ဌာန အနေနဲ့လည်း ဒီကစားနည်းကို အားပေးသင့်တယ်။ ဒီကစားနည်းက အပေးအယူ မျှမျှတတနဲ့ ကစားရတာဆိုတော့ ဒီမို ကရေစီ ဆန်တယ်” ဟု ရိုးရာခြင်းလုံးကစားခြင်းကို လေ့လာလိုက်စားသူတဦးက ပြောသည်။

ခြင်းလုံး စတင်ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ ငြင်းခုန်မှုများ ရှိနေကြပြီး တချို့က ဤကစား နည်းသည် နှစ်ပေါင်း ၂, ၅၀၀ ကျော် ကြာမြင့်ခဲ့ပြီဟု ဆိုနိုင်ကြောင်း၊ တချို့က ပို၍ နောက်ပိုင်းကျသည့် ၁၉ ရာစု နှောင်းပိုင်း ပုဂံမင်း လက်ထက်တွင်မှ စတင်တွေ့ရပြီး နန်းတော်ရှိ မင်းဆွေ မင်းမျိုး ပရိသတ်များ ကြည့်ရှုရန် ဖျော်ဖြေတင်ဆက်ခဲ့သည်ဟု ဆိုကြောင်း သမိုင်းမှတ်တမ်း တချို့တွင်ဖော်ပြ ထားသည်။

မြန်မာ့ရိုးရာ ခြင်းလုံးအားကစားမှာ ၀ိုင်းဖွဲ့ကစားခြင်းဖြစ်သည်။ ကစားနည်းအနေနှင့် ခြင်းကြီး ၁၀ မျိုးရှိရာ မဟာ၊ မဟာဒူး(ဂုမ္ဘာဏ်)၊ ၀ိုက်ကြီး၊ စလွယ်ကြီး၊ တည့် ဖ၀ါး၊ တည့် ဖနောင့်၊ မဟာ ညွန့်၊ ညွန့်ဒူး၊ နဂါးပတ်ဖ၀ါး၊ နဂါးပတ်ဖနောင့်တို့ ဖြစ်ကြောင်း၊ အသစ်ပြန် လည် တီထွင်ထားသော ကစားနည်း ခြင်းပေါက်များမှာ သမင်လည်ပြန်ဖနောင့်၊ မြင်းစီးဖနောင့်၊ လျှပ်ဒူး၊ မန္တလာခြေဖျား၊ လေ၀ဲ စသည်တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တဦးချင်းအနေဖြင့် ခြင်းလုံး အလှပြ ကစားခြင်းလည်း ရှိသေးသည်။

မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ်ကာလ(၁၈၈၅-၁၉၄၈)က ခြင်းလုံး ကစားနည်းကိုလည်း အမျိုးသားရေး လက္ခဏာ တရပ်အဖြစ် အားပေးမြှင့်တင်ခဲ့ကြကြောင်း၊ ၁၉၁၈ ခုနှစ်တွင် ခြင်းလုံးဆရာဖြစ် သင်တန်းများစတင်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့အပြား၌ လည်း ခြင်းလုံးအသင်းများပေါ်ပေါက် လာခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

1 comment:

ငြိမ်းစိုးဦး said...

ခြင်းလုံးရဲ့ မူလအစကို http://ywabegawli.multiply.com/journal/item/182 တွင် ဖတ်ရှုနိုင်ပါတယ် ။ မြန်မာ့ရိုးရာခြင်းလုံးကစားနည်းပျံ့ပွားဖို့ကို မြန်မာနိုင်ငံ
ခြင်းလုံးအဖွဲ့ချုပ်ကတွန်းတွန်းတိုက်တိုက်ဆောင်ရွက်သွားဖို့လိုပါတယ် ။ http://nyeinsoeoo.multiply.com/တွင်လည်း ဖတ်ကြည့်နိုင်ပါကြောင်း ...