Monday, January 17, 2011

ချင်းပြည်သူများ ကိုယ်ထူကိုယ်ထကားလမ်းဖောက်လုပ်မှု ပြန်လည်စတင်

khonumthung

ဇန္န၀ါရီလမှ စပြီး ချင်းပြည်သူများ မိမိတို့ ဒေသအတွင်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် နှစ်စဉ် ဖောက်လုပ်နေသော ကားလမ်းလုပ်ငန်း ပြန်လည် စတင်နေပြီဟု သိရသည်။

” အဓိက ကတော့ စားနပ်ရိက္ခတွေ သယ်ယူရတာ မလွယ်ဘူး၊ ကားလမ်းမရှိယင်မဖြစ်ဘူး၊ ကိုယ့်ဟာကိုယ်လုပ်ယူမှပဲ ရမှာ” ဟု ထန်တလန်မြို့နယ် ဇေဖိုင်ရွာသားတဦးက ပြောသည်။

မီဇိုရမ်အခြေစိုက် ကုန်သည် ၅၀ ဦး ပါဝင်သော ချင်းကုန်သည်များအသင်းက ယခုနှစ် ဇန္န၀ါရီလမှ စပြီး ချင်းပြည် နယ်ထန်တ လန်မြို့မှ မီဇိုရမ် နယ်စပ် အထိကားလမ်းကို JCB ဖြင့် ပြန်လည်ဖောက်လုပ်မည်ဖြစ်သည်။

” မီဇိုရမ်ပြည်နယ်က JCG ကို တနာရီ ကျပ်ငွေ ၄၅၀၀၀ နှုန်းနဲ့ ငှားတယ်၊ အဲဒီစက်နဲ့ ကြောင်ထီးယား- ဇေဖိုင် မှ နယ်စပ် အိုင်နာခ့် ရွာထိ ဖောက်မယ်၊
ယခုနှစ်အတွင်းနယ်စပ်ထိ ကားလမ်းပေါက်တော့မယ်” ဟု ကုန်သည်အသင်းဥက္ကဌ ပါထန်းက ပြောသည်။

၂၀၀၈ – ၂၀၀၉ ခုနှစ်မှ စပြီး အဆိုပါ ကားလမ်းကို စတင်ဖောက်လုပ်ကြောင်း ကားလမ်းအရှည် ၆၈ မိုင်ရှည်ကြောင်း သိရသည်။

အဆိုပါ ကားလမ်း မဖြတ်သော ဒေသခံများသည်လည်း ၄င်းတို့ရွာအထိကားလမ်းပေါက်ရန် ကိုယ်ထူကိုယ်ထ ဖောက် လုပ်နေကြသည်။

“ရှာလမ်းရွာ မှ မှုန်ဟဲလ် ရွာကြား ၄ မိုင်ခန့်ကို ကိုယ့်ဟာကိုယ် ကားလမ်းသွယ်ယူတူးနေကြတယ်” ဟု မှူန်ဟဲလ်ရွာမှ ရယက အဖွဲ့ဝင်တဦး က
ပြောသည်။

အလားတူ မတူပီမြို့နယ်အတွင်း ရေဇွာ – လိုင်လင်းပီကားလမ်းကို ဒေသခံများက သိန်း ပေါင်း ၃၂ သိန်းခန့် ကုန်ကျပြီး ပြုပြင်တိုးချဲ့ရန်
စီစဉ်နေကြောင်း၊ ဗိုလ်ချုပ်ဟုန်းငိုင်မှ ကုန်ကျမည့် စရိတ် တ၀က်ကို အစိုးရမှ ကျခံပေးမည်ဖြစ်ကြောင်း ဒေသခံတဦးက ဆိုသည်။

” ၀ါးသုဉ်းမှုကြောင့် အစာရေစာ ရှားပါးနေချိန်မှာ ဆန်စပါးသယ်ယူရတာ မလွယ်ဘူး၊ အဲဒါကြောင်း မဖြစ်ဖြစ်တဲ့ နည်းနဲ့ ကိုယ်ထူကိုယ်ထ လုပ်အားကို
အသုံးပြုပြီး ဖောက်လုပ်သွားမှာ ဖြစ်တယ်၊ ဗိုလ်ချုပ်ဟုန်းငိုင်ကိုလည်း အထူးကျေးဇူးတင်တယ်” ဟု ဒေသခံတဦးက ပြောသည်။

အဆိုပါ ရေဇွာ – လိုင်လင်းပီး ကားလမ်းကို စစ်အစိုးရက လူထုလုပ်အားဖြင့် ၂၀၀၇ ခုနှစ်ကတည်းက ဖောက်လုပ် ထားခြင်းဖြစ်သော်လည်း နွေရာသီအတွင်း တခါတလေလောက်သာ ကား ငယ်များသွားလာနိုင်ကြောင်း သိရသည်။

” လိုင်လင်းပီအထိ ကားလမ်းကောင်းကောင်းပေါက်ယင် ပလက်ဝ မြို့နယ် ရှင်းလက်ဝ အထိ ဆက်လုပ်ဖို့ စီစဉ်နေတယ် ” ဟု လိုင်လင်းပီရွာမှ လူကြီးတဦးက ပြောသည်။

No comments: