Tuesday, May 17, 2011

နှစ်ပေါင်း ၂၅ နှစ် ထောင်ချခံရသူ ရခိုင်တော်လှန်ရေး သမား တစ်ဦး ပြန်လည် လွှတ်မြှောက်လာ

၁၉၈၆ ခုနှစ် မင်းပြားမြို့ကို သိမ်းပိုက်ရာတွင် ပါဝင်ခဲ့သူ ရခိုင် တော်လှန်ရေးသမား တစ်ဦးမှာ ထောင်သက်တမ်းစေ့၍ ယမန်နေ့က ပြန်လည် လွှတ်မြှောက်လာခဲ့သည်။

ထောင်ထဲက လွှတ်မြောက်လာသူမှာ ဦးဖြူမောင် ဖြစ်ပြီး နိုင်ငံတော် ပုန်ကန်မူ ဖြင့် ထောင် ၂၅ နှစ်ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

" ဟုတ်ပါတယ်။ ကျွန်တော် မနေ့က သာယာဝတီ ထောင်ထဲက လွှတ်မြောက်လာပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတာ မဟုတ်ပါဘူး။ ထောင်သက်တမ်းစေ့တဲ့ အတွက် လွတ်လာတာ ဖြစ်ပါတယ်" ဟု ထောင်ထဲက လွှတ်လာသူ ဦးဖြူမောင်က နိရဉ္စရာသို့ ပြောသည်။

ဦးမောင်ဖြူမှာ မင်းပြားကို သိမ်းပိုက်ပြီးနောက် စစ်တွေ ပုသိမ်ကျောင်းတွင် တည်းခိုနေစဉ် ၁၉၈၆ ခုနှစ်က ဖမ်းဆီး ခံခဲ့ရသည်။ ၁၉၈၈ ခုနှစ် မတ်လတွင် အင်းစိန်ထောင်၌ ထောင် ၂၂ ချမှတ်ခံခဲ့ရသည်။ ၎င်းအမူဖြင့်ပင် ၂၀၀၀ ခုနှစ်တွင် နောက်ထပ် ထောင်သုံးနှစ် ချမှတ်ခံခဲ့ရသည်။

" ကျွန်တော်ကို သူတို့ လျော့ရက် လုံးဝ မပေးဘူး။ လွှတ်ရက်စေ့မှ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ထောင်ထဲမှာတော့ တော်တော့ကို ခံခဲ့ရပါတယ်။ သာယာဝတီ ထောင်ထဲမှာ အစားအသောက်လည်း တော်တော် ဆိုးပါတယ်။ ပဲရည်ကြဲကြဲနဲ့ဘဲ ကျွေးတယ်။ ဆေးဝါး ကုသ ခံယူမူလည်း မရဘူး။ နေမကောင်းရင် ပါရာစတီမော့ဘဲ ရတယ်။ ကျန်ဆေးဝါးတွေ မရဘူး" ဟု သူက ပြောသည်။

ကိုဖြူမောင်မှာ မင်းပြားမြို့နယ် သစ်ပုတ်တောင် ကျေးရွာ ဇာတိ ဖြစ်ပြီး များမကြာမှီ ရွာကို ပြန်မည် ဖြစ်ကြောင်း သူက ပြောသည်။

"ကျွန်တော်က ရွာကို ပြန်ဖို့ အစီအစဉ် ရှိပါတယ်။ ရှေ့မှာ ဘာလုပ်မလဲဆိုရင်တော့ တိတိကျကျ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ အပြင် အခြေအနေတွေကို ကြည့်ပြီး လူပ်ရှားသွားမှာ ဖြစ်ပါတယ်" ဟု ဦးဖြူမောင်က ပြောသည်။

ဦးဖြူမောင်မှာ ရခိုင်ပြည် ကွန်မြူနစ်ပါတီမှ ၁၉၈၆ ခုနှစ် မင်းပြားမြို့ကို သိမ်းပိုက်စဉ် ပါဝင်ခဲ့သူ ဖြစ်ပြီး သူနှင့်အတူ တခြား လုပ်ဖေါ်ကိုင်ဘက်များမှာ မင်းပြားကိုသိမ်းပိုက်ပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။ မင်းပြားအမူတွင် လူပေါင်း ၃၀၀ နီးပါးခန့် ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး တစ်ချို့မှာ စစ်သားများ၏ သားမယား ပြုကျင့်ခံခဲ့ရကာ ဒေသခံ ပြည်သူ အများအပြားမှာလည်း သတ်ဖြတ်ခံခဲ့ရသည်။

No comments: