ဒေသခံများ၏သဘောတူညီမှုမရှိဘဲ မြေဧက ၁၄ ကျော်ကို ရာဇာကုမ္ပဏီ၏ အရက်ချက်စက်ရုံလုပ်ရန်အတွက် အစိုးရက ခွင့်ပြုလိုက်ပြီး ကန့်ကွက်နိုင်ကြောင်း ရက်ကျော်ပြီးကြော်ငြာစာကပ်ခဲ့သည်ဟု ဒေသခံများပြောသည်။နေရာမှာ ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားအရှေ့ဘက်၊ ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုတွင်ဖြစ်သည်။
ဦးခွန်မြတ်ကျော်ဆိုတဲ့ ရာဇာကုမ္ပဏီက အရက်ချက်စက်ရုံလုပ်ဖို့ အဲဒီနေရာကိုအသုံးပြုဖို့အတွက် အစိုးရဆီမှာ ၂၀၁၀ ခုနှစ်မှာ မှတ်ပုံတင်ထားတာပေါ့။ ရွာသားတွေက မကျေမနပ်ဖြစ်နေကြတာပေါ့နော် ကန့်ကွက်ဖို့အတွက် နည်းအမျိုးမျိုးသုံးဖို့ကြိုးစားနေကြတာပေါ့။” ဟု ဒေသခံများနှင့်တွေ့ဆုံခဲ့သူ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (KDNG)မှ စာဂျီးကပြောသည်။
ယခုထိ ရွာသားများစိုက်ပျိုးလုပ်ကိုင်နေသည့်နေရာအား မည်သည့်အချိန်လာရောက်သိမ်းယူမည်ကို မသိရသေးဟု ဒေသခံများပြောသည်။
အရက်ချက်စက်ရုံမြေဧရိယာအသုံးပြုရန် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာသော်လည်း မျှော်လင့်ချက်နည်းကြောင်း စာဂျီက ဆက်ဆိုသည်။
“လုပ်ထုံးလုပ်နည်းအရ လုပ်ပြတဲ့သဘောပဲ။ တဖက်ကတော့ သူတို့ကိုခွင့်ပြုပြီးသား ဒီစာအမှတ်မှာအပါအ၀င် ခွင့်ပြုပြီးသားဖြစ်နေတယ်။ ခွင့်ပြုမိန့် လ/န-၃၉ ခွင့်ပြုမိန့် အထိတောင်ထွက်ပြီးပြီလေ။ အစိုးရထုတ်ပေးတဲ့ ခွင့်ပြုမိန့်ပေါ့နော်။ စာအမှတ်နဲ့ထုတ်ပေးတယ်။”
လယ်ယာမြေများအတွက် ဒေသခံများသည် ခြံပြေစာများရရှိထားပြီးဖြစ်ပြီး ဘိုးဘွားပိုင် အားထားလုပ်ကိုင်နေကြသည့်နေရာများဖြစ်သည်ဟု ပြောသည်။
ဒေသခံများသည် တရားဥပဒေအရ ကန့်ကွက်ရန် ပြင်ဆင်ထားသော်လည်း အစိုးရက ကုမ္ပဏီအား ခွင့်ပြုပြီးဖြစ်၍ အမှုနိုင်ရန်အလားအလာနည်းသည့်အပြင် ထပ်မံ နစ်နာဆုံးရှုံးမည်ကိုလည်း စိုးရိမ်နေကြောင်း ဒေသခံများပြောသည်။
ဆက်လက်၍ အရက်ချက်စက်ရုံကြီး၏ အကျိုးအဆက်ကိုလည်း စိုးရိမ်ပူပန်နေသည်ဟု စာဂျီကဆက်ပြောပါသည်။
“အခု စက်ရုံကြီးတွေ အလုပ်ရုံတွေတည်ဆောက်လိုက်တဲ့အချိန်မှာ ဆိုးကျိုးက ယုဇနကုမ္ပဏီဘက်မှာဖြစ်နေတဲ့ပုံစံ စက်ရုံကတွင်းစွန့်ပစ်ပစ္စည်းတွေပေါ့နော်၊ တရွာလုံး အတွက် ဒေသခံတွေအတွက် ဒုက္ခပေးနိုင်တယ်။ စက်ရုံတည်ဆောက်တဲ့နေရာတ၀ိုက်က ကျွဲ၊ နွားတိရိစ္ဆာန်မွေးမြူရေးလည်းထိခိုက်နိုင်တယ်။ ကျမ်းမာရေး ထိခိုက်တဲ့ဟာတွေဖြစ်လာနိုင်တာပေါ့။”
အရက်ချက်စက်ရုံကြီးလုပ်ရန် ခွင့်ပြုမိန့်ပေးပြီးဖြစ်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀ိုင်းမော်မြို့မှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခဲ့သော်လည်း ကန့်သတ်ထားသည့်အချိန် လွန်သွားပြီဖြစ်သည့်တွက် ဒေသခံများသည် ၎င်းတို့မြေများလာသိမ်းချိန်အတွက် စိုးရိမ်နေသည်ဟု ဆိုသည်။
No comments:
Post a Comment