စစ်တွေ-ရန်ကုန်ကားလမ်းတွင် တည်ရှိသော ရခိုင်ပြည်ဘက်ခြမ်း လမ်းများမှာ ယိုယွင်းပျက်စီးနေပြီး တချို့နေရာများမှာ မိုးရေများနှင့်အတူ ရွံ့အိုင်များဖြစ်နေသောကြောင့် ကားဖြင့် ခရီးသွားလာရသည်မှာ အန္တာရယ် အထူး များပြားနေကြောင်း သတင်း ရရှိသည်။ကားလမ်း မကောင်း သဖြင့် ခရီးသွားရမည်ကို စိုးရိမ်ထိတ်လန့် နေကြရသည်ဟု ရန်ကုန်က ပြန်လာသူ အမျိုးသမီးတဦးက နိရဉ္စရာသို့ ပြောသည်။
“ ရန်ကုန်ဘက်က လာတဲ့လမ်းတွေပေါ့လေ မကွေးတိုင်း ရိုးအစပ်ထိ ကားလမ်းတွေက အေးအေးဆေးဆေးနဲ့ ဘာမှမဖြစ်ပါဘူး။ ရခိုင်ဘက်ကိုလည်းရောက်ရော စိတ်က မတည်ငြိမ် တော့ဘူး။ အရင်ကတည်းက လမ်းတွေက မကောင်းတဲ့ကြားထဲ ဒီရက်ပိုင်းတွေအတွင်း မိုးရွာထားတဲ့ အတွက် ရွံ့အိုင်တွေနဲ့ လမ်းက လုံးဝကိုမကောင်းဘူး။ ကျိုးတဲ့ နေရာ ကျိုး၊ ပျက်တဲ့ နေရာပျက်နဲ့ ကားပေါ်က လူတွေ အကုန်လုံး ဘုရား ဘုရား တပြီး သွားကြရတာ ဖြစ်ပါတယ်” ဟု သူမက ပြောသည်။
လမ်းများမှာ ပြုပြင်မူ မရှိဘဲ ပစ်ပယ်ထားသဖြင့် မိုးရွာသည်နှင့် လမ်းမှာ စုတ်ပြတ်နေသဖြင့် ခရီးသည်များ အနေဖြင့် ကားပေါ်မှ ဆင်းပြီး လမ်းလျှောက်ကြရသည်ဟု သူမက ပြောသည်။
ယခုလ ၂ရက်နေ့ကလည်း စစ်တွေမှ ရန်ကုန်သို့ သွားသော ခရီးသည်တင် ဘတ်စ်ကားတစီး လမ်းချော်ပြီး ချောက်ထဲ လိမ့်ကျမည့် အရေးနှင့် ကြုံခဲ့ရကြောင်း ခရီးသွား အမျိုးသား တဦးကပြောသည်။
“ကျနော်တို့ကားရှေ့က သွားနေတဲ့ ကားပါ။ ကားနာမည်ကတော့ “ကြံတိုင်းအောင်” ဖြစ်ပါတယ်။ နေ့လည် ၂နာရီ လောက်ရှိမယ်ထင်ပါတယ်။ တောင်ကုတ်နားကိုမရောက်ခင် လမုန့်နားမှာ ဖြစ်တယ်ပါ။ မိုးရေတွေနဲ့ ရွံ့အိုင်တွေ ဖြစ်နေတဲ့အတွက် ကားက လမ်းချော်ပြီးတော့ ချောက်ထဲ ကျမလို ဖြစ်ခဲ့တာ။ ကံကောင်းလို့ပါပဲ။ လူတွေက တော်တော့ကို ထိတ်လန့် သွားကြပါတယ်။ နောက်ကားတွေနဲ့ ပါလာတဲ့ လူတွေနဲ့ အဲဒီကားမှာ ပါတဲ့ လူတွေအကုန်လုံး ကားကို ဆွဲတင်ပြီး လမ်းကြောင်း ပြန်ချပေးလိုက်ရတယ်။”
၎င်းအပြင်သူက“ ရခိုင်ဘက်မှာတော့ လမ်းတွေက တော်တော့ကို ဆိုးပါတယ်။ အဓိကကတော့ အမ်းဘက်မှာ ပျက်နေတာတွေများပါတယ်။ တော်တော့ကို အခြေနေဆိုးတဲ့ နေရာတွေမှာဆိုရင် လမ်းလျှောက်ပြီး သွားခဲ့ရပါတယ်။ ခရီးသည်တွေ ဒီကားလမ်းမှာ မသွားချင်လည်း သွားနေရတာပါပဲ။ လူအများစုက လေယာဉ်နဲ့ မသွားနိုင်ကြဘူးလေ။ အခုက မိုးတောင် ကောင်းကောင်းမရွာသေးဘူး။ မိုးရာသီ အလယ်လောက်ဆိုရင် လမ်းအခြေနေက တော်တော့ကို ဆိုးသွားမှာ သေချာပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် အဓိက လမ်းများ ဖြစ်သော စစ်တွေ-ရန်ကုန်၊ ကျောက်ဖြူ - ရန်ကုန် ကားလမ်းနှင့် အနောက်ဘက်နယ်စပ် ဘူးသီးတောင်-မောင်တော ကားလမ်းတို့ကို အစိုးရ အာဏာပိုင်များက စနစ် တကျ ပြုပြင် တည်ဆောက်ခြင်း မရှိသဖြင့် နှစ်စဉ် နှစ်တိုင်း မိုးရွာသည်နှင့် လမ်းများမှာ ပျက်စီးပြီး ခရီးသွား ပြည်သူများမှာ အထူး ဒုက္ခရောက်ကြရသည်။
ရခိုင်ပြည်သူများ အသုံးပြုနေသော မော်တော်ကားလမ်းများကို အစိုးရမှ ကောင်းမွန်အောင် ပြုပြင် တည်ဆောက်ပေးခြင်း မရှိဘဲ ဖြစ်သလို တည်ဆောက်ထားပြီး တခြား တဘက်တွင် ရထားလမ်း တစ်ခုကို ငွေကုန်ကြေးကျ ဖေါက်လုပ်နေမူ အပေါ် ရခိုင်ပြည်သူ အများစုက သဘောမကျ ဖြစ်နေကြသည်ဟု သိရသည်။
“ ရထားလမ်းဖေါက်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် အဓိက ရခိုင်ပြည်သူတွေ သွားလာနေတဲ့ ကားလမ်းကို အဓိက ကောင်းအောင် ပြုလုပ် ပေးဖို့ လိုပါတယ်။ အခုကားလမ်းကိုကျရင် ကောင်းအောင် မလုပ်ဘဲ ရထားလမ်းကို ဆက်ဖေါက်ဖို့ လုပ်လာတာဟာ နည်းနည်း လွဲချော်မူတွေ ရှိနေတယ်လို့ ကျနော်က ရိုးရိုးသားသားဘဲ သုံးသပ်ပါတယ်” ဟု သူက ဆက်ပြောသည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ် ပထမ သုံးလပတ်ထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်အစိုးရသည် ရခိုင်ပြည်နယ်တွင် ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်ခဲ့ခြင်း တစုံတရာ မရှိခဲ့သဖြင့် အဆိုပါ စစ်အစိုးရမှ မွေးဖွားပေးလိုက်သော ဦးသိန်းစိန် အစိုးရလက် ထက်တွင်လည်း ရခိုင်ပြည်နယ်မှာ တစုံတရာ ထူးခြား တိုးတက်လာမည် မဟုတ်ဟု အများပြည်သူများက ယုံကြည် ကြကြောင်း ဒေသတွင်းမှ လာသော သတင်းများအရ သိရှိရသည်။
No comments:
Post a Comment