Wednesday, May 11, 2011

မွန်ပြည်နယ်တွင် ကြွပ်ကြွပ်အိတ် ဆက်လက်သုံးစွဲနေဆဲ

မိကျဲဂို

ရန်ကုန်မြို့တွင် ဧပြီလ ၂၁ ရက်နေ့ ကတည်းက ကြွပ်ကြွပ်အိတ်ကို သုံးစွဲခြင်း မပြုရန် တားမြစ်ထားသော်လည်း မွန်ပြည်နယ်တွင်မူ တားမြစ်ခြင်း မရှိပဲ ဆက်လက်သုံးစွဲလျက် ရှိသည်။

ယခင်က မုန့်သည်များ၊ ပန်းသည်များနှင့် အခြား ဈေးသည်များက တောထဲတွင် သဘာဝအလျောက် ပေါက်ရောက်သည့် အင်ဖက်နှင့် ကယိုဖက်များကို ထုပ်ပိုးရာ၌ အသုံးပြုခဲ့သော်လည်း ဈေးကွက်ဝင် ရာဘာပင်များ တိုးချဲ့ စိုက်ပျိုးလာပြီး နောက်ပိုင်းတွင် အင်ဖက်နှင့် ကယိုဖက်များ ရှားပါးလာခဲ့သည်။

၎င်းပြင် ဈေးကွက်အတွင်း ကြွပ်ကြွပ်အိပ်များ ဝင်ရောက်လာပြီးနောက်တွင် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် သာမက ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များကလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။

“အခု အင်ပင်တို့၊ ကယိုပင်တို့ မရှိတော့ဘူး၊ တောင်ထိပ်မှာတောင် ခြံတွေ ဖြစ်သွားကုန်ပြီ” ဟု မွန်ပြည်နယ်ရှိ တောင်ညိုတောင်ခြေတွင် ရာဘာစိုက်သည့် မုဒုံမြို့ခံ နိုင်ဒိန်က ပြောသည်။

ပလတ်စတစ် သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ပညာပေးသည့် အဖွဲ့များ မွန်ပြည်နယ်တွင် မရှိခြင်းနှင့် ပြည်သူများကလည်း ပလတ်စတစ် ဆိုးကျိုးနှင့် ပတ်သက်သည့် ဗဟုသုတနည်းပါးခြင်းကြောင့် တွင်ကျယ်စွာ သုံးစွဲလျက် ရှိသည်။

သံလွင်မြစ်တွင် ရေကာတာ ဆောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ပညာပေးသည့် အစီအစဉ် (Dam awareness program) မှ ကိုအော်ဒီနေတာ နိုင်သိုက်စွန်က “ ကြွပ်ကြွပ်အိတ်က သဘာဝ ပတ်ဝန်းကျင် အမြင်နဲ့ ကြည့်ရင် မကောင်းဘူး၊ ဒါပေမဲ့ အင်ဖက်၊ ကယိုဖက်တွေနဲ့ ယှဉ်ရင် ကြွပ်ကြွပ်အိတ်က ဈေးလည်းပေါ ဝယ်ရတာလည်း လွယ်တော့ လူတွေ အသုံးများလာတယ်” ဟု ပြောသည်။

ရန်ကုန်မြို့တွင် ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းသိမ်းနိုင်ရေးအတွက် ကြွပ်ကြွပ်အိတ် သုံးစွဲခြင်းကို တားမြစ်ထားခြင်း ဖြစ်ပြီး မေလ ၁၄ ရက်မှ စ၍ ကြွပ်ကြွပ်အိတ်များကို သက်ဆိုင်ရာ မြို့နယ်စည်ပင်ရုံးတွင် သွားရောက် အပ်နှံကြရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက နှိုးဆော်ထားသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။

No comments: