Thursday, May 12, 2011

မြန်မာဝန်ကြီးများနှင့် ကုလအထူးကိုယ်စားလှယ် တွေ့ဆုံ

ရန်ပိုင် Thursday, 12 May 2011

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာသည် အစိုးရအဖွဲ့၏ အရေးပါသော ၀န်ကြီးများဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့နှင့် နေပြည်တော်၌ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများအရ သိရသည်။

သတင်းစာတွင် “ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများ အပေါ် ဆွေးနွေး” ဟုရေးသားထားသော်လည်း အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိပေ။

ယခုတွေ့ဆုံခြင်းသည့် သမ္မတသစ် ဦးသိန်းစိန် လက်ထက်တွင် ပထမဆုံးအကြိမ် ဖြစ်သည်။

မစ္စတာ ဗီဂျေ နမ်ဘီယာသည် ယခုခရီးစဉ်အတွင်း အစိုးရ အဖွဲ့ ၀န်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေးရာ၌ လူ့အခွင့်အရေး ကိစ္စများ၊ နိုင်ငံရေး အကျဉ်းသားများ အရေးကို ထည့်သွင်းဆွေးနွေးသင့်သည်ဟု အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က တောင်းဆိုခဲ့သည်။

မစ္စတာ ဗီဂျေ နမ်ဘီယာသည် ယမန်နေ့ နံနက်က ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး ထိုမှတဆင့် နေပြည်တော်သို့ သွားရောက်ကာ အဆိုပါ ပြည်ထောင်စု ၀န်ကြီးများနှင့် ဆွေးနွေးခြင်းဖြစ်သည်။

ယခုခရီးစဉ်တွင် အစိုးရ အဖွဲ့နှင့်သာမက အတိုက်အခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်စုကြည်နှင့်လည်း ယနေ့ ညနေ ၅ နာရီ တွင် ၎င်း၏ နေအိမ်၌ တွေ့ဆုံပြီး လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲဝင်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) အပါအ၀င် နိုင်ငံရေးပါတီ ၁၀ ပါတီနှင့်လည်း ရန်ကုန်မြို့ရှိ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရုံး၌ မေလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

No comments: