Sunday, May 8, 2011

မစ္စတာဒန်ကလေအမှု ရက်ချိန်း ထပ်ပေး

သဲသဲ

တရားလို မခိုင်ဇာလင်း ရုတ်တရက် ကျန်းမာရေးချို့ယွင်းသဖြင့် တရားရုံးမှ ဆေးရုံသို့ ပို့ဆောင်ရသောကြောင့် မြန်မာတိုင်းမ်မှ CEO ဟောင်း မစ္စတာ ရော့စ်ဒန်ကလေ၏ အမှုကို ကမာရွတ်မြို့နယ် သောကြာနေ့ တရားခွင်က မေလ ၁၂ ရက်နေ့သို့ ထပ်မံချိန်းဆိုပြန်သည်။

တရားရုံးက တရားလိုပြ သက်သေအဖြစ် ထပ်မံစစ်ဆေးရန် ဆင့်ခေါ်ခဲ့ရာ ယနေ့ရုံးချိန်းသို့ ရောက်လာခဲ့သော်လည်း ဝေဒနာခံစားရသဖြင့် ဆေးရုံသို့သွားရောက် အရေးပေါ်ကုသမှုခံယူရသည်။

ကျန်းမာရေးကြောင့် ရုံးရောက်ပြီးမှပဲ သူဆေးရုံကို သွားလိုက်ရတယ်။ ဒါနဲ့ပဲ ကျနော်တို့ရုံးချိန်း ပြန်ချိန်းလိုက်တယ်။ ရုံးမှာ သူ bleeding (သွေးသွန်) ဖြစ်တော့ ကျနော်တို့ ဒက်ဖရင် (အမျိုးသမီးဆေးရုံ) ကို ပို့ပေးလိုက်ရတယ်” ဟု မစ္စတာဒန်၏ ရှေ့နေတဦးဖြစ်သူ ဦးအောင်သန်းစိုးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ ရုံးချိန်းတွင်လည်း အစစ်ဆေးခံမည့် မခိုင်ဇာလင်းနှင့် အခြားအစိုးရသက်သေတဦး ခရီးလွန်နေသဖြင့် မလာရောက်ခဲ့ပေ။ သူ့ကို မစ္စတာဒန်၏ ရှေ့နေများက တရားလိုပြသက်သေအဖြစ် စစ်ဆေးရန် တရားရုံးက ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့တရားခွင်မှာ မနက် ၁ဝ နာရီခွဲခန့်တွင် စတင်ခဲ့ပြီး၊ မစ္စတာ ဒန်ကလေနှင့်အတူ မြန်မာတိုင်းမ် ဝန်ထမ်းအချို့ လာရောက်ခဲ့သည်။

သြစတြေးလျ နိုင်ငံသား မစ္စတာဒန်ကလေကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁) အပြင် မခိုင်ဇာလင်းကို နာကျင်အောင်ပြုလုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါး တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့် ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် တရားစွဲထားသည်။

မြန်မာတိုင်းမ် အမှုဆောင်သစ် ဒေါက်တာ တင်ထွန်းဦးနှင့် စီမံရေးမန်နေဂျာ ဦးဝေလင်းက တဦးလျှင် ကျပ်သိန်း ၅ဝ ဖြင့် အာမခံ ရခဲ့သော မစ္စတာဒန်သည် မြန်မာတိုင်းမ် ဂျာနယ် အင်္ဂလိပ်ပိုင်း အယ်ဒီတာချုပ် အဖြစ်၎င်း၊ မြန်မာတိုင်းမ်မီဒီယာ၏ အုပ်ချုပ်မှု ဒါရိုက်တာ အဖြစ် လုပ်ကိုင်လျှက်ရှိသည်။

No comments: