Saturday, May 14, 2011

စီးပွားရေး ပိတ်ဆို့မှုနှင့် ILO အခန်းကဏ္ဍ

မိုးနိုင်

‘‘မြန်မာနိုင်ငံတွင် အတင်းအကျပ် လုပ်အားပေးခိုင်းစေမှု အဆုံးသတ်ရေး’’ Ending Forced Labour in Myanmar အမည်ရ စာအုပ်တအုပ် ထွက်ပေါ်လာသည်။

ရေးသားသူမှာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO တွင် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ၁ဝ နှစ်ခန့် ဆောင်ရွက်ခဲ့သူ၊ ကမ္ဘာ့ဘဏ်နှင့် ICG ကဲ့သို့သော အဖွဲ့အစည်းများအတွက် သုတေသန စာတမ်းများ ရေးသားပြုစုခဲ့သူ ရစ်ချဒ်ဟော့စီ Richand Horsey ဖြစ်သည်။

၁၉၉ဝ ပြည့်လွန်နှစ်များ အစောပိုင်းကတည်းက ILO သည် မြန်မာနိုင်ငံတွင် အတင်းအကျပ် လုပ်အားပေးခိုင်းစေမှုကို ဖြေရှင်းရန် ကြိုးစားအားထုတ်ခဲ့ရာ တနည်းအားဖြင့် မြန်မာအစိုးရကို ပြောင်းလဲရန် ကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သက်၍ ရစ်ချဒ်ဟော့စီ၏ ကိုယ်တွေ့ အတွေ့အကြုံများကို စာအုပ်ထဲတွင် ရေးသားဖော်ပြထားသည်။

ဤစာအုပ်သည် အာဏာရှင်အစိုးရများကို ပြောင်းလဲရန်ကြိုးစားရာတွင်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင်လည်းကောင်း အထောက်အကူဖြစ်မည်ဟု မျှော်လင့်ရသော်လည်း စိတ်ဝင်စားစရာ၊ အငြင်းပွားစရာ အချက်အများအပြားလည်း ပါဝင်လျက်ရှိရာ၊ ၎င်းတို့အထဲမှ တခုမှာ စီးပွားရေးပိတ်ဆို့မှုနှင့် နှိုင်းယှဉ်ရေးသားထားသော သုံးသပ်ချက်များ ဖြစ်သည်။

ILO က ဖိအားပေးခြင်းနှင့် ထိတွေ့ဆက်ဆံမှုကို ပေါင်းစပ်ကျင့်သုံးသည်။ အချို့က ဖိအားပိုပေးလျှင် ပို၍ ထိရောက်နိုင်သည်ဟု တွက်ဆကြသည်။ အချို့လေ့လာသူများကမူ ILO သည် မြန်မာနိုင်ငံအပေါ် မည်သည့်အခါကမှ စီးပွားရေးပိတ်ဆို့မှု မလုပ်ဟု ထောက်ပြကြသည်။ အကယ်၍သာ ILO က အရေးယူဆောင်ရွက်ခိုင်းလျှင် ပို၍ ထိရောက်မည်လောဟု တွက်ဆကြသည်။

ILO ပြဋ္ဌာန်းချက် ၃၃ က အဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် မိမိဆန္ဒအလျောက် စီးပွားရေးပိတ်ဆို့နိုင်ကြောင်း မီးစိမ်းပြထားသည်။ သို့သော် ILO အဖွဲ့ဝင်နိုင်ငံများသည် လက်တွေ့ အရေးယူဆောင်ရွက်မည့် ဆုံးဖြတ်ချက်များကို ချမှတ်အတည်ပြုရန် အလားအလာ နည်းသည်၊ အကယ်၍ ဆုံးဖြတ်ချက် ချမှတ်ဖြစ်ခဲ့လျှင်ပင် သိသာစွာ အကျိုးသက်ရောက်မှု မရှိနိုင်ဟု ရစ်ချဒ်ဟော့စီက သုံးသပ်သည်။

ရစ်ချဒ်ဟော့စီ၏ အယူအဆအရ စီးပွားရေးပိတ်ဆို့မှုများသည် ပစ်မှတ်ထားရာနိုင်ငံများ၏ အပြုအမူကို ပြောင်းလဲပစ်နိုင်သည့် သာဓက များများစားစား မရှိ။ ယေဘုယျအားဖြင့် စီးပွားရေးပိတ်ဆို့ခြင်းထက် စီးပွားရေး ပိတ်ဆို့မည်ဟု ခြိမ်းခြောက်က ပို၍ ထိရောက်မှုရှိသည်ဟု သူက တွက်ဆသည်။

ILO ပြဋ္ဌာန်းချက် အမှတ် ၃၃ သည် အားပျော့ခြင်းမဟုတ်၊ အားကောင်းခြင်းဖြစ်သည်ဟု သူက ဆိုသည်။ သို့သော် မြန်မာတို့ စီးပွားရေးပိတ်ဆို့ခံရမည့်အရေးကို စိုးရိမ်သောက ပွားစေခြင်းကြောင့် ပြဋ္ဌာန်းချက် ၃၃ ကို ရှောင်ရှားလိုစိတ် ပိုမိုဖြစ်ပွားစေနိုင်သည်ဟု တွက်ဆသည်။ ထို့ကြောင့်ပင် ILO က အစိုးရထံမှ အရေးပါအရာရောက်သော အလျှော့ပေး လိုက်လျောမှုများ ရရှိအောင် ဆောင်ရွက်နိုင်ခြင်းဖြစ်သည်ဟု စာရေးသူက ဆိုထားသည်။

နှိုင်းယှဉ်စရာ ၂ဝဝ၃ ခုနှစ်တွင် အမေရိကန်က ပြဋ္ဌာန်းသော မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေး အက်ဥပဒေ ဖြစ်သည်။ ထိုအက်ဥပဒေသည် အမေရိကန်က အခြားနိုင်ငံတနိုင်ငံအပေါ် ပြဋ္ဌာန်းသော ဥပဒေများတွင် အပြင်းထန်ဆုံးဖြစ်ပြီး၊ ဘဏ္ဍာရေးပိတ်ဆို့မှုများနှင့် ကုန်သွယ်ရေးပိတ်ဆို့မှုများလည်း ပါဝင်သည်။ သို့သော် ထိုဥပဒေ ပြဋ္ဌာန်းရာတွင် ကြိုတင်သတိပေးချက် တစုံတရာမရှိ။ ပြဋ္ဌာန်းခြင်းမပြုမီ အလျှော့ပေး လိုက်လျောမှုများ ရရှိရန်၊ ပီပြင်သော ညှိနှိုင်းဆွေးနွေးမှု မရှိ။ တိုတိုပြောရလျှင် အပြစ်ပေးရန်သာ ရည်ရွယ်ပြီး၊ မဟာဗျူဟာမဆန်။

ထိုပိတ်ဆို့မှုကြောင့် အထည်ချုပ်လုပ်သား သောင်းပေါင်းများစွာ အလုပ်ပြုတ်ခြင်း အပါအဝင် မြန်မာပြည်သူများအပေါ် ဆိုးဝါးသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသော်လည်း အစိုးရ၏ အပြုအမူ ပြောင်းလဲပစ်နိုင်စွမ်း မရှိ။ ထို့ကြောင့် ၂ဝဝ၉ ခုနှစ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က စီးပွားရေးပိတ်ဆို့မှု မအောင်မြင်ကြောင်း အသိအမှတ်ပြု ပြောကြားခဲ့သည်။

တကယ်တော့ ILO တွင်လည်း စီးပွားရေးပိတ်ဆို့ခွင့် မရှိပါ။ သို့ဖြစ်၍ ကျဉ်းထဲကျပ်ထဲတွင် အများဆုံး အကျိုးရှိနိုင်သည့် နည်းလမ်းများကို ရှာဖွေကြံဆခဲ့ရခြင်း ဖြစ်သည်။ အကယ်၍သာ စီးပွားရေးပိတ်ဆို့ခွင့် ရှိခဲ့လျှင် အလွယ်လိုက်ပြီး၊ လုပ်မိကောင်း လုပ်မိနိုင်သည်။

မြန်မာအစိုးရက လိုက်လျောမည့် အရိပ်အယောင် ပြသနေသည့်ကြားက ၂ဝဝဝ ပြည့်နှစ် ဇွန်နှင့် နိုဝင်ဘာ လများတွင် ပြဋ္ဌာန်းချက် ၃၃ ကို ချမှတ်ဆောင်ရွက်ရန် အားထုတ်ခဲ့သည်။ ဤနေရာတွင် ILO ၏ နည်းပညာပိုင်း ရည်မှန်းချက်ဖြစ်သော လိုက်နာဆောင်ရွက်စေရေးနှင့် အဖွဲ့အစည်း၏ နိုင်ငံရေးဆန်သော ဆုံးဖြတ်ချက် ချမှတ်မှုကြား လွန်ဆွဲမှုကို ဖော်ပြနေသည်။

၂ဝဝ၃ ခုနှစ်တွင် အမေရိကန်လွှတ်တော်က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ဥပဒေ ပြဋ္ဌာန်းခဲ့ရာ၌ ကြိုတင်၍ အလျှော့ပေး လိုက်လျောမှုရှိအောင် ကြိုးပမ်းအားထုတ်မှုများ မရှိခဲ့ပေ။ ၂ဝဝ၇ ခုနှစ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အမေရိကန်နှင့် ဗြိတိန်က ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းရာ၌ ဗီတိုအာဏာသုံးပြီး ပယ်ချခံရမည်ကို ကြိုတင်သိပါလျက် မြန်မာနိုင်ငံအပေါ် တစုံတရာ အကျိုးသက်ရောက်သည်ထက် ပြည်တွင်းတွင် အနည်းငယ် လူကြိုက်များစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် အောင်မြင်မှုမရဘဲ ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ထပ်မံအလျှော့ပေး လိုက်လျောမှုများ ပေါ်ထွက်လာစေရေးအတွက် အရေးကြီးသော ခြိမ်းခြောက်မှုတခုအဖြစ် အသုံးပြုနိုင်သည့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု ရစ်ချဒ်ဟော့စီက သူ့စာအုပ်ထဲတွင် ရေးသားထားသည်။

No comments: