Tuesday, June 21, 2011

ဒုတိယမြောက် ဘန်ကီမွန်းနှင့် မြန်မာ့အရေး

ကျော်မိုးဝေ

ကုလ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ ဒုတိယအကြိမ် ရာထူးသက်တမ်း အရွေးခံမယ်လို့ အမေရိကန်နိုင်ငံ နယူးယောက်ရှိ ကုလရုံးမှာ ဇွန် ၆ ရက်နေ့က ကျေညာခဲ့ပါတယ်။ နောက်တကြိမ် တာဝန်ကျေအောင် ထမ်းပါ့မယ်ဆိုပြီး ကုလအဖွဲ့ဝင် ၁၉၂ နိုင်ငံကို စာပို့ထားပါတယ်။ ၂ဝဝ၇ ဇန်နဝါရီ ၁ ရက်နေ့မှာ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို စယူခဲ့ပြီး ဒီနှစ်ကုန်မှာ ပထမသက်တမ်း ကုန်ဆုံးပါမယ်။

၂ဝဝ၈ မေလဆန်းမှာ ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ နာဂစ်ဆိုင်ကလုန်းကိစ္စ အပါအဝင် ဟေတီ၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေမှာ
ဖြစ်ခဲ့တဲ့ သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးကိစ္စတွေ၊ ကမ္ဘာ့လူထု ဆင်းရဲကျပ်တည်းမှု အတွက်ဆောင်ရွက်ပေး နိုင်ခဲ့လို့ ဒုတိယ ၅ နှစ် သက်တမ်းအတွက် အရွေးချယ်ခံသင့်တယ်လို့ မစ္စတာဘန်က ပြောပါတယ်။ အခုထိ သူနဲ့ ယှဉ်အရွေးခံမယ့် ပြိုင်ဘက်မရှိသေးပါဘူး။ လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံရဲ့ သဘောတူညီချက်ကို ရပြီးပါပြီ။ ကျန်နိုင်ငံတွေရဲ့ မဲတွေဟာ ဇွန်လထဲမှာ အပြီးသတ် ရမှာပါ။ အဖြေအတိအကျ မထွက်သေးပေမယ့်ပြန်အရွေးခံရဖို့ ရာနှုန်းပြည့် သေချာတယ်လို့ လုံခြုံရေးကောင်စီဝင် တနိုင်ငံရဲ့ ကိုယ်စားလှယ်က ဆိုထားပါတယ်။

ပြန်အရွေးခံဖို့ ပြောတဲ့အပေါ် အမေရိကန်သမ္မတ မစ္စတာအိုဘားမားက ကြိုဆိုထောက်ခံပြီးတော့ အိမ်ဖြူတော်ကပါ ဇွန် ၇ ရက် နေ့စွဲနဲ့ ကျေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်ထဲမှာ ကုလဟာ ပြီးပြည့်စုံတဲ့ အဖွဲ့တခု မဟုတ်ပေမယ့် ကမာ့္ဘကြီးအတွက် အရေးပါတဲ့ ဌာနကြီးဖြစ်ကြောင်းနဲ့ ၁ဝ နှစ်ကျော်အတွင်း အဖွဲ့ရဲ့ အသုံးစရိတ် ငွေပမာဏကို မစ္စတာဘန်လက်ထက်မှာ လျှော့ချနိုင်ခဲ့ကြောင်း ရေးထားပါတယ်။ ဒါ့အပြင် ဟေတီ၊ အိုင်ဗရီကို့စ်၊ လစ်ဗျားနဲ့ ဆူဒန်တောင်ပိုင်းကိစ္စ အပါအဝင် ကမ္ဘာ့အခက်အခဲ၊ အကျပ်အတည်းတွေအတွက် ကုလသမဂ္ဂဟာ ပါဝင်ဦးဆောင်ခဲ့ပြီး၊ မစ္စတာဘန်ကလည်း အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ခဲ့သူ၊ ကုလရဲ့ ထိပ်တန်းနေရာတွေမှာ အမျိုးသမီးတွေ နေရာရရေးအတွက် စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ ပါရှိပါတယ်။

နောက်သက်တမ်းမှာ ကုလသမဂ္ဂ အသုံးစရိတ်တွေကို အခုထက် လျှော့ချဖို့၊ ဗျူရိုကရေစီစနစ်နဲ့ ထိန်းချုပ်မှုတွေကို ပိုလျှော့ဖို့၊ ထိရောက်တဲ့ တိုးတက်မှုတွေ ဆောင်ကြဉ်းဖို့ တိုက်တွန်းထားပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ဂျူပီက မစ္စတာဘန်ဟာ အကျပ်အတည်းကာလမှာ သတ္တိနဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုတွေ ပြခဲ့ပြီးဖြစ်တယ်၊ နောက်သက်တမ်းမှာလည်း အဲဒါတွေ ထပ်ပြဖို့ သံသယမရှိလို့ ဆိုပါတယ်။ တရုတ်ရဲ့ အမြဲတမ်း ကုလကိုယ်စားလှယ် လီဘောဒုန်းက လွန်ခဲ့တဲ့ ၅ နှစ်မှာ ကုလအတွင်းရေးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ အာရှနိုင်ငံက မစ္စတာဘန်ဟာ နိုင်ငံတကာ ကိစ္စရပ်တွေမှာ ကုလအခန်းကဏ္ဍ ပိုအားကောင်းလာဖို့ အဓိက ပံ့ပိုးခဲ့တယ်၊ တရုတ်နိုင်ငံကလည်း မစ္စတာဘန်ရဲ့ လုပ်ရပ်အပေါ် ကျေနပ်တယ်၊ နောက်သက်တမ်းအတွက် ထောက်ခံတယ်၊ တခြားနိုင်ငံတွေရဲ့ ထောက်ခံမှုကို အကျယ်အပြန့် ရရှိဖို့ မျှော်လင့်တယ်လို့ ဆိုတယ်။ တခြားလုံခြုံရေး ကောင်စီဝင် ဗြိတိန်နဲ့ ရုရှားလည်း အရွေးချယ်ခံလိုမှုအပေါ် ထောက်ခံကြပါတယ်။

ဝေဖန်သူတွေကတော့ မစ္စတာဘန်ဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ ထင်ထင်ပေါ်ပေါ်၊ ထဲထဲဝင်ဝင် မဆောင်ရွက်ဘူးလို့ ဆိုပါတယ်။ အမေရိကန်အပေါ်မှာ ဘက်လိုက်မှုရှိတယ်၊ တရုတ်နဲ့ ရုရှားလို သြဇာရှိတဲ့ နိုင်ငံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဝေဖန်ထောက်ပြမှု မရှိဘူး၊ နှုတ်ဆိတ်တယ်လို့ ပြောပါတယ်။ တရုတ်အစိုးရက ဖမ်းဆီးထောင်ချထားတဲ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် လူရှောင်ဘိုကို ချီးမွမ်းပြောဆိုတာမျိုး မတွေ့ရဘူး၊ ပြန်လွှတ်ပေးဖို့ပြောဆိုတာလည်း မတွေ့ရဘူး၊ တရုတ် သမ္မတဟူကျင်တောင်နဲ့ လူချင်းတွေ့တဲ့အခါ လူရှောင်ဘိုကိစ္စ တခွန်းတပါဒမှ မပြောဘူးလို့ ဝေဖန်ပါတယ်။ သူဟာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေအတွက် နာမည်ရခဲ့ပေမယ့် ၂ဝဝ၉ ခုနှစ်မှာ ကိုပင်ဟေဂင် ရာသီဥတု ထိပ်သီးအစည်းအဝေး မအောင်မြင်ခဲ့တဲ့အတွက် မျက်နှာပျက်ခဲ့ရပါတယ်။

ဒါပေမဲ့ ၂ဝ၁၁ အစောပိုင်းက မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ မစ္စတာဘန်ဟာ ဆန္ဒပြတောင်းဆိုတဲ့ ပြည်သူတွေဘက်ကနေ ဘယ်တော့အခါမှ မတူတဲ့ သူရဲ့ ထောက်ခံမှုကို အခိုင်အမာ ပြသခဲ့ပါတယ်။ လစ်ဗျားခေါင်းဆောင် ကဒါဖီကိုလည်း အပြင်းအထန် သတိပေး ပြောဆိုခဲ့ပါတယ်။ အီဂျစ်နဲ့ တူနီးရှားဆီ ကိုယ်တိုင်သွားပြီး ပြဿနာအပေါ်မှာ အဖြေထုတ်နိုင်ဖို့ အမေရိကန်သမ္မတ အိုဘားမား၊ ပြင်သစ်သမ္မတ နီကိုလတ်ဆာကော်ဇီ၊ နေတိုးဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါတွေဟာ ဘန်ကို နိုင်ငံတကာရေးရာတွေမှာ ဆက်ပြီး ခေါင်းဆောင်မှုပေးဖို့နဲ့ ပြန်အရွေးချယ်ခံရဖို့ လုံလောက်တဲ့ အကြောင်းအရင်းတွေပါ။ တချိန်က မစ္စတာဘန်ကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ နှုတ်ဆိတ်နေတာတွေကို ဝေဖန်ထောက်ပြခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေကိုယ်တိုင် သူရဲ့ လစ်ဗျား၊ အီဂျစ်၊ ကော်စတာရီကာ နိုင်ငံတွေဆီက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုပြီးတော့ ပြောဆိုလာခဲ့တယ်လို့ ဝန်ခံလာခဲ့ရပါတယ်။

မစ္စတာဘန်က သူပြန်အရွေးချယ်ခံရရင် ၅ နှစ်သက်တမ်းအတွင်း ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအပေါ် အဓိက ဦးစားပေး ဆောင်ရွက်မယ်လို့ ဆိုတယ်။ နောက်ပြီး လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေး အဲဒီ ၃ ခုအပေါ်မှာ ကုလအနေနဲ့ အားဖြည့်ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။ တခြားကိစ္စတွေအနေနဲ့ကတော့ မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ မပြီးပြတ်သေးတဲ့ ဒီမိုကရက်တိုက်ဇေးရှင်း လုပ်ငန်းတွေနဲ့ ဆူဒန်အရေးကိစ္စတွေ ရှိနေမှာပါ။

သူဟာ အတွင်းရေးမှူးချုပ် မဖြစ်ခင်က တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသား ဦးသန့်ပြီးရင် အာရှတိုက်ကနေ ဒုတိယမြောက် ကုလ အတွင်းရေးမှူးချုပ် ဖြစ်လာသူပါ။ ဒီရာထူးကို ၂ဝဝ၇ ခုနှစ်မှာ ကိုဖီအာနန်ဆီကနေ လွှဲပြောင်းယူခဲ့ပါတယ်။ ၁၉၆ဝ ပြည့်နှစ်မှာ ဆိုးလ်အမျိုးသား တက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီး၊ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ကိုးရီးယား နိုင်ငံခြားရေးဌာနမှာ ၃၆ နှစ်ကြာ တာဝန်ယူရင်း အရည်အချင်း ထက်မြက်ထူးချွန်မှုနဲ့ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ အတွေ့အကြုံများတာကြောင့် ကုလတွင်းချုပ်အဖြစ်
ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မစ္စတာဘန်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သိပ်စွံတဲ့သူတော့ မဟုတ်ပါဘူး။ ဇွန်လ ၆ ရက်မှာ သူက ဒုတိယ သက်တမ်းအတွက် ကျေညာစဉ်က မြန်မာနိုင်ငံအတွက် လုပ်ကိုင်ပေးခဲ့တာတွေကိုပါ ထည့်ပြောသွားခဲ့ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ မြန်မာမိတ်ဆွေများ အုပ်စု ဆွေးနွေးပွဲ ကျေညာချက်ထုတ်ရာမှာလည်း ကုလဟာမြန်မာ့ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေမှာ ဆက်ပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။ လူပေါင်း တသိန်းသုံးသောင်းကျော် သေဆုံးခဲ့ပြီး၊ သန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေ မြန်မာနိုင်ငံဆီ ပြန်ဝင်နိုင်ဖို့ ဆောင်ရွက်ပေးနိုင်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝဝ၇ စက်တင်ဘာမှာ ဖြစ်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟမ် ဂမ်ဘာရီကို စေလွှတ်ပြီး၊ အာဏာပိုင်တွေနဲ့ ဆွေးနွေးစေခဲ့ပေမယ့် သိသာတဲ့ အပြောင်းအလဲတွေ လုပ်ဆောင်နိုင်တာ မရှိခဲ့ဘူးလို့ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံကို ၂ဝဝ၈ နာဂစ်အလွန် တကြိမ်၊ ၂ဝဝ၉ ခုနှစ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
နေအိမ်ထဲ အမေရိကန်နိုင်ငံသား ဝင်ရောက်ပြီးနောက် တကြိမ်ရောက်လာပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့
ဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဗိုလ်ချုပ်မှူးကြီးဆီ တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မစ္စတာဂမ်ဘာရီဟာ ၂ဝဝ၉ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် အနားယူပြီးနောက် မစ္စတာဘန်ဟာ သူရဲ့ လက်ထောက်အရာရှိချုပ် အိန္ဒိယနိုင်ငံသား မစ္စတာနမ်ဘီးယားကို မြန်မာဆိုင်ရာ ယာယီကိုယ်စားလှယ် တာဝန်ပေးခဲ့ပါတယ်။

မစ္စတာဘန်ဟာ မြန်မာ့အရေးမှာ သံအဖွဲ့တွေ စေလွှတ်ရုံကလွှဲပြီး မြန်မာ စစ်အစိုးရတွေအပေါ်မှာ ဖိအားပေး၊
တောင်းဆိုမှုတွေ မလုပ်နိုင်ခဲ့သလို တိုးတက်ပြောင်းလဲမှုတွေလည်း မလုပ်နိုင်ခဲ့ပါဘူး။ သံအဖွဲ့တွေ စေလွတ်တာက
မြန်မာအစိုးရအပေါ် အရေးယူပိတ်ဆို့မှုတွေ မလုပ်နိုင်အောင် လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှား အသုံးပြုတဲ့ မူဝါဒတွေလို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ ဒါ့အပြင် သံအဖွဲ့တွေ စေလွှတ်တဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးကောင်စီမှာ အခြေခံ ချို့ယွင်းအားနည်းချက်တွေ ရှိနေတဲ့အတွက် သူ့အနေနဲ့ အောင်မြင်မှု မရခဲ့တာလို့လည်း ရှုမြင်ကြပါတယ်။

အခုတဖန် ဒုတိယသက်တမ်း အရွေးချယ်ခံဖို့ ပြောဆိုတဲ့အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက သူဟာ ဒုတိယသက်တမ်း အရွေးခံရဖို့၊ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုရဖို့အတွက် မြန်မာ့အရေးကို ထိထိရောက်ရောက် လုပ်ဆောင်ခဲ့တာ မရှိဘူး၊ ဒါပေမဲ့ ဒုတိယသက်တမ်းမှာ ဒီကိစ္စကို ဖိဖိစီးစီး ကြိုးစားချင်လည်း ကြိုးစားမယ်လို့ ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

စာရေးဆရာကြီး လူထုစိန်ဝင်းကတော့ မစ္စတာဘန်ရဲ့ ၂ဝဝ၉ မြန်မာခရီးစဉ်မတိုင်မီ သုံးသပ်ပြတာက ခရီးစဉ်အတွင်း ဘာဆိုဘာမှ မဖြစ်လာဘူး၊ ဂုဏ်ထူးဆောင် စာရေးတော်ကြီးသာဖြစ်ပြီး ကုလသမဂ္ဂအနေနဲ့ မစွမ်းဆောင်နိုင်ဘူး ဆိုတာရဲ့ ထင်ရှားတဲ့ သက်သေပြချက်တခုလို့ သူမှတ်ယူတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ကုလသမဂ္ဂအနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး အချိန်ပြည့် သံတမန်တဦးခန့်အပ်ဖို့ မစ္စတာဘန်ရဲ့ လက်ထောက်အရာရှိချုပ် မစ္စတာနမ်ဘီးယားရဲ့ မြန်မာပြည်ခရီးစဉ်မှာ ပြောခဲ့ပါတယ်။ အဲဒီလို တာဝန်သိတဲ့ ပုဂ္ဂိုလ်တဦးကို ခန့်ထားနိုင်ရင် မြန်မာနိုင်ငံ အခြေအနေကို အတွင်းရေးမှူးချုပ်အနေနဲ့ အတိအကျ သိရှိနေမယ်လို့လည်း ဆိုခဲ့ပါတယ်။

မြန်မာအရေး လှုပ်ရှားသူတွေ၊ နိုင်ငံရေး သုံးသပ်သူတွေက မစ္စတာဘန်ဟာ စစ်အစိုးရ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှေးမှိန်အောင် တမင်ကြိုးပမ်းအားထုတ်နေတယ်၊ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ ၂ဝ၁ဝ နှစ်ဆန်းမှာ တင်ပြခဲ့တဲ့ ထောက်ခံတင်ပြချက်တွေကိုလည်း မစ္စတာဘန်ရဲ့ အစီအရင်စာမှာ ထည့်သွင်းဖို့ ပျက်ကွက်ခဲ့တယ်၊ မြန်မာ့ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ လုပ်ဆောင်ခဲ့တာ မရှိဘူးလို့ ဝေဖန်ကြပါတယ်။

မစ္စတာနမ်ဘီးယားက ကုလသမဂ္ဂ ဦးဆောင်တဲ့ မြန်မာမိတ်ဆွေများ အုပ်စုရဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ ဆွေးနွေးပွဲမှာ သူရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့နဲ့ တွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံမှာ အမှန်တကယ် ပြုပြင်
ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်ဆိုတာ နိုင်ငံကြီးတွေ သိရှိ လက်ခံလာစေဖို့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို ပြသဖို့လိုတဲ့အကြောင်းနဲ့ တဦးနဲ့တဦး နားလည်မှုတွေ ပိုမိုတိုးမြှင့်ရရှိဖို့အတွက် ကုလသမဂ္ဂက ဦးဆောင်ပြီးတော့ စားပွဲဝိုင်းဆွေးနွေးပွဲတွေ ပြုလုပ်နေတဲ့အကြောင်းသာမက အဲဒီဆွေးနွေးပွဲတွေကို ပါဝင်ခြင်းအားဖြင့်မြန်မာနိုင်ငံအပေါ် နားလည်မှု ပိုမိုတိုးပွားလာနိုင်တဲ့အတွက် ပါဝင်တက်ရောက်စေလိုတယ်ဟု ပြောခဲ့ပါတယ်။ မစ္စတာဘန်ကလည်း အဲဒီဆွေးနွေးပွဲပြီးတဲ့နောက် သူ့ကျေညာချက်မှာ မြန်မာနိုင်ငံဟာ ရှေ့သို့ တိုးတက်ရွေ့လျားလိုရင်နိုင်ငံ့အနာဂတ် တည်ဆောက်ရေးမှာ နိုင်ငံသားအားလုံး ပါဝင်ခွင့် ပြုသင့်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီ မြန်မာမိတ်ဆွေများ အုပ်စုမှာ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှား၊ အမေရိကန်၊ တရုတ်၊ ဂျပန်၊ စင်္ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေး၊ ထိုင်း၊ အိန္ဒိယ၊ ပေါ်တူဂီနဲ့ ဗြိတိသျှ စုစုပေါင်း ၁၄ နိုင်ငံ ပါဝင်ပါတယ်။

ကုလသမဂ္ဂကတော့ မြန်မာအစိုးရသစ်ဟာ သူတို့နဲ့ ပိုပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်လို့ ယူဆနေပုံပါပဲ။ ဒါကြောင့် အတွင်းရေးမှူးချုပ် ရုံးချုပ်က အချိန်ပြည့် ကုလသံတမန်သစ်ကို သတ်မှတ်ထားတဲ့ အချိန်မှာ ခန့်အပ်နိုင်တော့မည်လို့ ပြောဆိုလာပါတယ်။ မြန်မာအစိုးရ တက်လာပြီးတဲ့နောက်မှာ ကုလအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံကြီး နိုင်ငံငယ်တွေ အားလုံးနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ကြိုးပမ်းလာတာတွေ တွေ့ရပါတယ်။

နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့ဆုံတဲ့အခါ မြန်မာအစိုးရ ဝန်ကြီးတွေဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါပြီ၊ တဖြည်းဖြည်းတော့ အချိန်ယူရပါဦးမယ် စတဲ့ နားဝင်ချိုဖွယ် စကားလုံးတွေကို ဖောဖောသီသီ သုံးလာပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေကတော့ မပြောင်းအလဲ မတွေ့ရသေးပါဘူး။ တိုင်းရင်းသား လူမျိုးတွေကို စစ်ရေးအရ ထိုးစစ် ဆင်လာတာတွေကို ဖြည်းဖြည်းနဲ့ မှန်မှန် ပြုလုပ်လာတွေကို တွေ့ရပါတယ်။ မြန်မာအစိုးရ လိုချင်တာက ပြုပြင်ပြောင်းလဲရေးထက် တရားဝင် ရပ်တည်ခွင့် ရရှိရေးသာ ဖြစ်ပါတယ်။ တရားဝင် ရပ်တည်ခွင့်အာဏာ ရရှိမယ်ဆိုရင် ကုလအပါအဝင် နိုင်ငံကြီးငယ် ဟူသမျှကို အသုံးချသွားမှာပါ။ တရုတ်ရဲ့ တဖြည်းဖြည်းကြီးမားလာတဲ့ သြဇာနယ်ပယ် အရိပ်ကို ခိုလှုံပြီးတော့ ကုလ၊ အာဆီယံ၊ အမေရိကန်နဲ့ အိန္ဒိယကို ပထဝီနိုင်ငံရေးအရ အရေးပါမှုနဲ့ ကစားသွားမှာပါ။ တရုတ်နဲ့ အနီးကပ် ဆက်ဆံရေး ထူထောင်ထားနိုင်တာက မြန်မာအစိုးရအတွက် ဗီတိုတမဲ ရနေသလိုပါပဲ။ ကုလလုံခြုံရေးကောင်စီကိုလည်း သိပ်ဂရုစိုက်စရာ မလိုတဲ့သဘော ရှိပါတယ်။ တရုတ်သြဇာကို အလွန်အမင်း မှီခိုထားတာကတော့ မြန်မာပြည်သူတွေအတွက် စိတ်မသက်သာစရာပါ။ ရေရှည်မှာ ဒုက္ခရောက်ဖို့ အလားအလာ ရှိပါတယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

ဒါကြောင့် မြန်မာအရေးကို ကုလသမဂ္ဂက ဖြေရှင်းနိုင်မယ်ဆိုတဲ့ စဉ်းစားချက်ဟာ နိုင်ငံကြီးတွေရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒတွေနဲ့ သက်ဆိုင်နေမယ်လို့ ယူဆရပါတယ်။ မစ္စတာဘန်အနေနဲ့ မြန်မာ့အရေးကို နိုင်ငံတကာ စိတ်ဝင်စားမှု ရရှိဖို့ ကြိုးပမ်းနိုင်ရုံက လွဲပြီးတော့ သူအနေနဲ့ ဒီ့ထက်စွမ်းဆောင်ပြနိုင်မယ်လို့လည်း မယူဆစေလိုပါ။ ကုလသမဂ္ဂကို ဦးတိုက်ပြီး မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုးပမ်းကြမယ်ဆိုရင် ကုလသမဂ္ဂကို ပထမဦးဆုံး ပြုပြင်ပြောင်းလဲရေး လုပ်ရမယ် ထင်ပါတယ်။ ဒါကြောင့် မစ္စတာဘန်ဟာ ဒုတိယအကြိမ် အရွေးခံရရင်တောင်မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် သူ့အပေါ် သိပ်ပြီး မမျှော်လင့်သင့်ဘူးလို့ပဲ ပြောလိုပါတယ်။

No comments: