ဘုန်းခိုင်
ယခုလက်ရှိ ပြည်တွင်းစစ်မီးတောက်လောင်နေသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်နိုင်ရန် သက်ဆိုင်သူအားလုံးပါဝင်ပြီး စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ တိုက်တွန်းထားသည့် ကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇွန်လ(၂၀)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
အဆိုပါကြေညာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စတင်ဖွဲ့စည်းစဉ်ကပင် တိုင်းရင်းသားလူမျိုးများ၏ ပြဿနာကို ဦးစားပေးအလေးထားဖြေရှင်းကြမည်။ တိုင်းရင်းသားလူမျိုးအားလုံး၏ တန်းတူရည်တူ အခွင့်အရေးများကို အသိအမှတ်ပြုခြင်း၊ စိတ်ထားစေတနာဖြူစင်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း၊ တဦး၏အယူအဆ တဦးကလေးစားခြင်း အခြေခံလူ့အခွင့်အရေး လေးစားယုံကြည်ခြင်းတို့ကို အခြေပြုလျက် အကောင်းဆုံးအဖြေကို ရရှိသည်အထိ ကြိုးပမ်းမည်။ ဤအချက်များကို အထူးအလေးနက်ထား၍ ပူးပေါင်းဖြေရှင်းကြလျှင် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုသားအချင်းချင်း သဟဇာတဖြစ်ရေးတို့သည် မုချအောင်ပန်းဆင်နိုင်မည့် ရည်မှန်းချက်များဖြစ်သည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။
ဇွန်လ ၉ ရက်နေ့က စတင်ခဲ့သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ကချင်ပြည်လွတ်မြောက်ရေးတပ် KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား မိုးမောက်မြို့နယ်၊ ဆန်ကာကျေးရွာအနီးက တိုက်ပွဲဟာ ယနေ့အထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
အဆိုပါတိုက်ပွဲများကြောင့် ဒေသခံကချင်တိုင်းရင်းသား နှစ်သောင်းနီးပါးလောက် နေရပ်ကိုစွန့်ခွာပြီး အိမ်နီးချင်း တရုတ်နိုင်ငံဘက်နဲ့ KIO ဌာနချုပ် လိုင်ဇာဘက်တွေကို ထွက်ပြေးတိမ်းရှောင်နေရသလို မြန်မာနိုင်ငံမြောက်ပိုင်း ရေကာတာစီမံကိန်းတွေမှာ အလုပ်လုပ်နေကြသည့် တရုတ်အလုပ်သမား ၂ဝဝ ကျော် တရုတ်ပြည်ကို ပြန်သွားကြရကြောင်း သိရှိရသည်။
ထို့ပြင် ကရင်ပြည်နယ်အတွင်းမှာလည်း ဆယ်စုနှစ်ပေါင်းများစွာ မငြိမ်းခဲ့သောစစ်မီးသည် အခုအခါ အရှိန်အဟုန်မြင့်မားလာပြီး သိန်းပေါင်းများစွာသော ဒုက္ခသည်များသည် အိမ်နီးချင်းထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
အခုရက်ပိုင်းအတွင်း ကရင်ပူးပေါင်းအဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေခွဲထွက်အဖွဲ့ မြိုင်ကြီးငူဒေသတွင်းက နယ်ခြားစောင့်တပ် အသွင်းပြောင်း ယခင်ဒီကေဘီအေတပ်ဖွဲ့တွေဟာ ပြန်လည်းပေါင်းစည်းပြီး မြန်မာစစ်အစိုးရတပ်နှင့် စစ်ရေးအရ တင်းမာမှုများဖြစ်ပေါ်နေပြီး မြန်မာအစိုးရဘက်မှာ အဆိုပါဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ တပ်အင်အားတိုးချဲ့ချထားသလို နှစ်ဖက်တပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေသည်။
ကရင်ပြည်နယ်အတွင်း ကော့ဂရိတ်-မြ၀တီ အဝေးပြေးကားလမ်းပေါ်က အစိုးရတပ် ခလရ (၂၃၀) စခန်းဖြစ်တဲ့ ရေတံခွန်လေးစခန်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က ကေအဲန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သလို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ကြားအင်းဆိပ်ကြီးမြို့နယ် အဇင်းကျေးရွာမှာရှိတဲ့ အစိုးရတပ်စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲများကြောင့် အစိုးရတပ်က ကျေးရွာသားတွေကို သူပုန်နှင့်အဆက်အသွယ်ပြုသူများလို့ စွပ်စွဲဖမ်းဆီးရိုက်နှက်တာတွေရှိသလို ပေါ်တာဆွဲ ခိုင်းစေ တာတွေလည်း ပြုလုပ်လျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ်မြို့ ဘုရားသုံးဆူဒေသတွင်းနှင့် ဘုရားသုံးဆူမြို့ပေါ်တွင် အစိုးရတပ်နှင့် အစိုးရနှင့်နီးစပ်သူများကို အမည့်မသိလက်နက်ကိုင်အဖွဲ့များ ဝင်ရောက်ပစ်ခတ် ဗုံးဖောက်ခွဲတိုက်ခိုက်မှုများ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့လို့ ဒေသမတည်မငြိမ်ဖြစ်ကာ မြို့ခံများ အထိတ်တလန့်ဖြစ်ကြကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အလားတူ ရှမ်းပြည်နယ်အတွင်းက ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်တွေအကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဒေသမတည်မငြိမ်းဖြစ်နေလျက်ရှိသည်။ အဆိုပါ ပြည်တွင်းစစ်မီးများကြောင့် ဒေသတွင်း တိုင်းရင်းသားပြည်သူလူထုများ အတိဒုက္ခရောက်ကြရကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများတွင် ဖွံ့ဖြိုးမှုနောက်ကြကာ ဆင်းရဲမွဲတေမှုပြဿနာနှင့် နှစ်ရှည်ရင်ဆိုင်နေရသည်။
အဆိုပါ ပြည်တွင်းစစ်မီးကြောင့် တိုင်းရင်းသားဒေသများတွင် မတည်မငြိမ်မှုများဖြစ်ပွားနေပြီး ပြေလည်စေရန် နောက်ဆက်တွဲဆိုးကျိုးများမဖြစ်ပေါ်စေရန် တမြေတည်းနေ တရေတည်းသောက် ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးများအချင်းချင်း ပြည်ထောင်စုအကျိုး ပြည်သူလူထုအကျိုးကို ရှေ့ရှု၍ စစ်မှန်စွာ တွေ့ဆုံဆွေးနွေး အဖြေရှာကြရန် နှိုးဆော်အပ်ပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်တွင် ရေးသားဖော်ပြထားပါသည်။
No comments:
Post a Comment