နော်နိုရင်း
နယ်ခြားစောင့်တပ်အသွင်ကို ကူးပြောင်းခဲ့တဲ့ မြိုင်ကြီးငူအခြေစိုက် တပ်ရင်းလေးရင်းဟာ အခုလ (၁၂) ရက်နေ့မှာ ဒီကေဘီအေနဲ့ ပြန်လည်ပူးပေါင်းခဲ့တယ်လို့ ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး ကျော်သက်က ပြောပါတယ်။
နယ်ခြားစောင့်တပ်တွေမှာ တာဝန်ထမ်းဆောင်တဲ့ မြန်မာ့တပ်မတော်သားတချို့လည်း ဒီကေဘီအေအဖွဲ့ထဲ ဝင်ကြသလို တချို့လည်း တပ်မတော်ဘက်ကို ပြန်ကြတယ်လို့ သူက ပြောပါတယ်။
မြန်မာ့တပ်မတော် တပ်မ (၁၁) နဲ့ (၄၄) တို့က နယ်ခြားစောင့်တပ်ကနေ အသွင်ပြောင်းလဲခဲ့တဲ့ ဒီကေဘီအေတပ်တွေကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။
နယ်ခြားစောင့်တပ်တွေ ဒီကေဘီအေနဲ့ ပြန်လည်ပူးပေါင်းခဲ့တဲ့ အခြေအနေနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီး ကျော်သက်ကို မေးမြန်းထားပါတယ်။
မြိုင်ကြီးငူ ကိစ္စက အခုလက်ရှိအခြေအနေ ဘယ်လို့ ရှိပါသလဲ။
“လက်ရှိအခြေအနေက ပိုပြီးဆိုးလာတယ်။ တပ်မ ၁၁ နဲ့ တပ်မ ၄၄ က ဟိုဘက်ကို ထိုးစစ်ဆင်နေပြီလေ။”
မြိုင်ကြီးငူဒေသတပ်တွေက ဒီကေဘီအေတံဆိပ်ကို ပြန်ပြောင်းလိုက်တယ်ဆိုတာ ဟုတ်ပါသလား။
“ဟုတ်ပါတယ်။”
ဘယ်နေ့ကစပြီးတော့ ပြောင်းလိုက်တာလဲ။ ဘယ်သူက ဦးဆောင်ပြီးတော့ ပြောင်းတာပါလဲ။
“၁၄ ရက်နေ့က စတာ။ ဗိုလ်မှူး ဗိုလ်ဘိလို့ ပြောတယ်။
သူက ဘာဖြစ်လို့ ပြောင်းလိုက်တာပါလဲ။
“နယ်ခြားစောင့်တပ် မလုပ်ချင်တော့ဘူးထင်တယ်။ နယ်ခြားစောင့်တပ်က အစိုးရ နအဖ လက်အောက် နေရတာကိုး။ နောက်ကနေပြီးတော့ သူများခိုင်းသလို လုပ်ရတယ်။”
နယ်ခြားစောင့်တပ် တပ်ရင်းတရင်းမှာ အင်အားဘယ်လောက်ရှိပါသလဲ၊ ပြီးတော့ မြန်မာအစိုးရတပ်ကကော အဲဒီအထဲမှာ လူ ဘယ်နှယောက်လောက် ပါသလဲ။
“၃၀ ပါတယ် သူတို့။”
တပ်ရင်း တရင်းကကော လူဦးရေ ဘယ်လောက်ရှိလဲ။
“တပ်ရင်းတရင်းက လူဦးရေ ၂၉၇ ယောက်ရှိတယ်။”
ဗိုလ်ဘိတို့က နယ်ခြားစောင့်တပ်ကနေ ဒီကေဘီအေကို ပြောင်းလိုက်တဲ့ အခါကျတော့ အစိုးရတပ်တွေကကော ဘယ်လိုမျိုးနေသလဲ။
“အချို့ကတော့ မပြောင်းတဲ့လူကတော့ ပြေးသွားတာပေါ့။ အရင်တုန်းက ဌာနကို ပြန်ပြေးသွားတာပေါ့။”
တချို့လူတွေပြောင်းတယ်၊ တချို့လူတွေက မပြောင်းဘူး အဲဒီလိုမျိုးလား။
“ဟုတ်တယ်။”
သူတို့ ဗိုလ်ဘိတို့အဖွဲ့ အကုန်လုံး အခုအဲဒီ မြိုင်ကြီးငူဘက်မှာ နယ်ခြားစောင့်တပ်ကနေ ဒီကေဘီအေ တံဆိပ်ကို ပြန်တတ်လိုက်တာ တပ်ရင်းဘယ်နှခုလဲ။
“တပ်ရင်း ၄ ရင်း။ သူ့နံပါတ် ကျနော်မသိဘူး။ ဘီဒီအက်ဖ် နံပါတ် ကျနော် စိတ်မဝင်စားဘူး။”
သူတို့ ဒီကေဘီအေတံဆိပ် ပြန်ပြောင်းလိုက်တော့ ဗိုလ်မှူးကျော်သက်တို့ အဖွဲ့နဲ့ ပူးပေါင်းတာမျိုးတွေ ရှိပါသလား။
“အင်း ရှိတယ်။ ကျနော်တို့ အဖွဲ့လည်း ဟိုမှာ တပ်ရင်း တရင်းဆင်းသွားတယ်။ ၉၀၅ တပ်ရင်းက ဗိုလ်မှူး တာကော် ပါတယ်။”
အဲဒီလိုမျိုး ပေါင်းလိုက်တော့ အစိုးရတပ်ဘက်က ဘယ်လိုတုံ့ပြန်မှုတွေ ရှိလဲ။
“လောလောဆယ်ဆယ်တော့ ပစ်ခတ်ကြတာမရှိဘူးပေါ့။ ဒါပေမယ့် ပြောလို့မရဘူး။ သူပြောတာတော့ ဒီနေ့ မဖြစ်တောင် မနက်ဖြန် ဖြစ်မယ်လို့ ကျနော့်ကို ပြောတာပဲ။”
အခုအထဲမှာ အစိုးရ ဘယ်တပ်ရင်းတွေက သွားပြီးတော့ ထိုးစစ်ဆင်နေလဲ။
“တပ် ၄၄ နဲ့ တပ်မ ၁၁ ပဲ ရှိသေးတယ် အခု လောလောဆယ်ကလေ။ အခုက ၆၆ လည်း ကျနော် ကြားတော့ ကြားတယ်။ ဒါပေမယ့် ရောက်ပြီလား မရောက်သေးဘူးလား။ ၇၇ လည်း လာမယ်လို့ ပြောတာပဲ။”
ပြဿနာက ဘယ်လို ဖြစ်ပြီးတော့ နယ်ခြားစောင့်တပ်ကနေ ဒီကေဘီအေကို ပြောင်းလိုက်တာလဲ။
“ပြောမယ်ဆိုရင် အစိုးရလက်အောက် ဒီ နအဖကလည်း လုပ်တာလည်း ဟုတ်မှ မဟုတ်တာပဲ သူများ မနေတော့ဘူးလေ။ သူတို့ပြောတာ နအဖ လိုမျိုး ဖြစ်သွားမယ်ပေါ့။ မလုပ်နိုင်တော့ဘူးဆိုပြီး အဲဒီလိုမျိုး ဒီကေဘီအေ ဘက်ကို ပြန်လှည့်တာပေါ့။”
အဲဒီတော့ ဒီကိစ္စက ပုန်ကန်မှု တမျိုး ဖြစ်နေတော့ အစိုးရတပ်ဘက်က ဘယ်လိုပဲ ဖြစ်ဖြစ် ငြိမ်နေမှာ မဟုတ်ဘူးဆိုတော့ ထိုးစစ်ဆင်လာရင် တုံ့ပြန်ဖို့ ဘယ်လိုများ ပြင်ဆင်ထားပါသလဲ။
“ဒါက အဆင်သင့် ပြင်ဆင်ထားပြီးသား။ ပြန်ပစ်ဖို့တော့ စပါယ်ရှယ်ပဲ။ တက်လာရင် ရောက်လည်းရောက် ပစ်လည်းပစ်မှာပဲ။”
ဗိုလ်ချုပ်ကျော်သန်းတို့၊ ဗိုလ်မှူးချစ်သူတို့ကကော ဒီကေဘီအေ တံဆိပ် ပြန်ပြောင်းတာမျိုးတွေ ရှိလား။
“ဗိုလ်ချုပ်ကျော်သန်းကတော့ ဘားအံဘက်ကို ပြန်ပြေးသွားတယ်။”
အခုလက်ရှိက မြိုင်ကြီးငူမှာရှိတဲ့ နယ်ခြားစောင့်တပ်အဖွဲ့တွေနဲ့ ဗိုလ်မှူးကျော်သက်တို့ အဖွဲ့က ဒီလိုမျိုး ပေါင်းရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါလား။
“သူတို့က တိုက်လာရင်တော့ ကျနော်တို့လည်း ပြန်တိုက်မှာပေါ့။ သူတို့တိုက်ရင် ကျနော်တို့လည်း တိုက်ဖို့ အဆင့်သင့်ပဲပေါ့။ ကျနော်တို့ ပေါင်းရတာ ကျနော်တို့ ဒီကေဘီအေတင် မကပါဘူး။ ကချင်၊ ကေအန်အယ်လ်အေ တပ်မဟာ ၇ တို့၊ တပ်မဟာ ၁ တို့ သူတို့လည်း ပါလာတယ် အများကြီးပဲ။ ဒီတခေါက်တော့ ကြီးကြီးကျယ်ကျယ် ဖြစ်ဖို့ တော်တော်များမယ်။”
ဗိုလ်မှူးကြီး ကျော်သက်တို့က အစိုးရတပ်ကို ပြန်ပြီးတော့ တိုက်ခိုက်နေတယ်ဆိုတော့ အဓိက ဘာတွေ လိုချင်တာလဲ။
“လိုချင်တာ ဘာလဲဆိုရင် ကျနော်တို့ တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေး ရဖို့ပေါ့။ နောက်ပြီးတော့ အခု အစိုးရအသစ်လို့ ပြောတာပဲလေ။ သမ္မတတို့ ဘာတို့ ဖွဲ့လိုက်ပြီးတော့ တရားမှ မတရားတာ။ အခုက တိုင်းရင်းသားအားလုံး ဘာတခုမှ အခွင့်အရေး မရှိဘူး။ သူ့ဟာသူလုပ်ပြီးတော့ သူဟာသူ လုပ်တာပဲမဟုတ်လား။ ဒီအတိုင်းပဲ နအဖက နအဖပဲ ဘာမှ မပြောင်းလဲဘူး။”
မပြောင်းလဲတဲ့အတွက် ဗိုလ်မှူးကျော်သက်တို့က ဘာလိုချင်လို့ တိုက်တာလဲ။
“အကုန်လုံး ငြိမ်းငြိမ်းချမ်းချမ်းပေါ့၊ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေး ပေးပေါ့ မဟုတ်ဘူးလား။ ဒီလိုမျိုး ပေးလို့ရှိရင် ဘယ်သူမှ မတိုက်ပါဘူး။ ကျနော်တို့က ပြောချင်တာ နအဖ လုပ်တာ သူက စားပွဲပေါ်မှာ မဖြေရှင်းချင်ဘူး။ သူ့ရဲ့အာဏာကို မလွှဲအပ်ချင်ဘူး။ လွှဲအပ်မယ်ဆိုရင် ဒီလို မဖြစ်လာဘူး။ အခုက တိုင်းရင်းသားအားလုံးပဲ လက်နက်ကိုင် အဖွဲ့အစည်း သူ့အလိုလို အကုန်လုံး ပြန်ပုန်ကန်ပြီးသားပဲ။ သူတို့လည်း အရင်အတိုင်းပဲ။ ထင်တာက အောင်မြင်မယ်လို့ သူထင်တယ်။ အောင်မြင်ဖို့တော့ နည်းပြီး အခု။ သူ ဘယ်လောက်ပဲ တက်တက် သူတို့ ရှုံးမှာပဲ။ ။”
အခု အစိုးရကို ကချင်တွေကော၊ ရှမ်းတွေကော ပြန်တိုက်နေပြီဆိုတော့လေ ဒီ ကရင်တွေဘက်ကကော ဘယ်လိုမျိုး ဝိုင်းပြီးတော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်းဖို့ အစီအစဉ်ရှိလား ဘယ်လိုမျိုးလုပ်ထားလဲ။
“ပူးပေါင်းပြီးသားလေ။ ဒါ မဒတ မဟာမိတ်တပ်ပေါင်းစုတွေ ကျနော်တို့ အစည်းအဝေး လုပ်ထားပြီးသားပဲ။”
ဘယ်လိုမျိုး ကူညီဖို့ သဘောတူညီချက် ရရှိကြလဲ။
“အခုက စိတ်ညီလက်ညီပေါ့နော်။ ဒီ တိုက်ပွဲ ဟိုဖြစ် ဒီဖြစ်ပေါ့။ ရှမ်းမှာ ဖြစ်မယ်၊ ဒီမှာလည်း ဖြစ်မယ်၊ ဝလည်း ဖြစ်မယ်၊ ဘယ်နေရာမှာ မထားခဲ့ဘူးပေါ့။ စစ်မျက်နှာ တူတူဖွင့်မယ်။”
တပြည်လုံးအတိုင်းအတာနဲ့ တိုက်ပွဲဖြစ်လာတော့မှာပေါ့ အဲဒီလိုမျိုးဆိုရင်။
“အင်း တပြည်လုံးပဲ ဒီတခေါက်တော့ တပြည်လုံး သေချာပေါက်ပဲ။ တပြည်လုံးတောင်မကဘူး။”
No comments:
Post a Comment