ဦးမျိုး (ဥပဒေ)
လေ့လာသုံးသပ်ချက် စာတမ်း
(၉) တောင်သူလယ်သမားဆိုင်ရာ ဥပဒေများ ဘာကြောင့် ထုတ်ပြန်ခဲ့ကြသနည်း။
လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် မြေရှင်စနစ်ကို ဖျက်သိမ်းပစ်ရန် အခိုင်အမာ ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။ သို့ရာတွင် အခြေခံဥပဒေကို ဖောက်ဖျက်သူများမှာ အစိုးရများသာဖြစ်ကြောင်း တွေ့ရပါသည်။ လွတ်လပ်ရေးနှင့် ပြည်တွင်းစစ် အမွှာပူးဖြစ်နေသည့် နိုင်ငံအနေဖြင့် သက်ဆိုင်ရာ အစိုးရ အဆက်ဆက်နှင့် တော်လှန်ရေးသမားများကြားက တောင်သူလယ်သမားများဘဝမှာ မြေဇာပင် ဖြစ်ခဲ့ကြရသည်။ သူနိုင်ကိုယ်ပြိုင် အမိန့်စည်းကမ်း ဥပဒေများကို ထုတ်ခဲ့ကြသည်ကို မျက်စိမလည်သင့်ပါ။ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ က လက်နက်ကိုင်တော်လှန်ရေးကို ဖဆပလ လက်ယာအစိုးရကြောင့် ဆင်နွှဲခဲ့ရသည်။ ထို့အတူ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ အသီးသီး ပေါ်ပေါက်ခဲ့ကြရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သူက အစိုးရ။ လက်နက်ကိုင် တော်လှန်ရေး ပေါ်ပေါက်အောင် ဖန်တီးသူကလည်း အစိုးရပင် ဖြစ်မြဲဖြစ်နေသည်။
ပင်လုံ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်ခဲ့လျှင် ယနေ့မြန်မာပြည်တွင် ယခုကဲ့သို့ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ ပေါ်ပေါက်လာစရာ အကြောင်းအချက် မရှိနိုင်ပါ။ ပြည်တွင်းစစ် လည်း ပေါ်လာစရာ မရှိပါ။ ဥပဒေကို လိုက်နာရမည့် အစိုးရက ဥပဒေကို ချိုးဖောက်ခဲ့ကြသောကြောင့်ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေး၏ အနှစ်သာရကို
သက်ဆိုင်ရာ အစိုးရ အဆက်ဆက်ကသာ လာဘ်ပေးလာဘ်ယူပြီး ခံစားခဲ့ကြသည်ချည်း ဖြစ်သည်
ပြည်သူများတွင် တရားဥပဒေ၏ အခွင့်အရေးကို ဘာတခုမှ မခံစားရသည့်အပြင် တရားဥပဒေကြောင့်သာတောင်သူလယ်သမားများ အချုပ်ထဲရောက်၊ ထောင်ထဲရောက် အကျဉ်းချခံကြရသည်။ ဥပဒေဟူသမျှ သူတို့၏ ရန်သူများ ဖြစ်နေကြသည်။ ယနေ့ထက်တိုင်အောင်ပင်။
ဤနေရာတွင် မြန်မာနိုင်ငံ၏ စစ်ဗျူရိုကရက် ဥပဒေစနစ် ဖြစ်ပေါ်လာရသည့် ဇစ်မြစ်ကို ကွက်ကွက်ကွင်းကွင်းတွေ့ရှိနိုင်ပါသည်။ ပြည်တွင်းစစ်အတွင်းတွင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများက လယ်သမား၊ အလုပ်သမားများကို ကိုယ်စားပြုနေသည်။ ကျေးလက်တွင် လယ်သမား သမဂ္ဂများ အသီးသီးရှိကြသည်။ ဘုံလယ်ယာမြေစနစ်လည်း လွတ်မြောက်ဒေသများတွင် ရှိနေကြသည်။ အနည်းဆုံး ပြည်သူအုပ်ချုပ်ရေး ဘုံအဖွဲ့များ ရှိနေကြသည်။ သက်ဆိုင်ရာ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးသမားများကလည်း ကျေးလက် တောင်သူ လယ်သမားများနှင့် တထပ်တည်း ဖြစ်နေသည်။ တောင်သူလယ်သမား အများစုကြီးနှင့် အနီးစပ်ဆုံး အင်အားစုကြီး ရှိနေသည်။
သက်ဆိုင်ရာ အစိုးရအဆက်ဆက် ထုတ်ပြန်သည့် ဥပဒေများကိုကြည့်လျှင် အစိုးရပြိုင်ဘက် တော်လှန်ရေးသမားများ ကိုဖြိုဖျက်နိုင် အောင် အလုအယက်ပြိုင်ဘက် ဥပဒေများကို ထုတ်ပြန်ခဲ့ကြသည်။ တောင်သူလယ်သမား အကျိုးကို သယ်ပိုးချင်သယောင် အယောင် ဆောင်ခဲ့သည်။ လက်တွေ့ အစိုးရဥပဒေများနှင့် ဆန့်ကျင်ဘက် အကျိုးဆက်ကို ခံစားခဲ့၊ ခံစားနေကြရသည့်ဘဝအဆက်ဆက် ကို ကြည့်လျှင် လယ်ပြင်မှာ ဆင်သွားသလိုပ ဆိုရပါတော့မည်။
အတွေးအခေါ်အရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ လုပ်ဟန်အရ ဗမာပြည် ကွန်မြူနစ်ပါတီကို တိုက်ဖို့ ဖက်ဆစ်နေဝင်း ဖန်ဆင်းခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစုံလုံးကို တွေ့မြင်နိုင်ပါသည်။ ကမ္ဘာတွင် ဆိုရှယ်လစ်ကို ဆိုရှယ်လစ်နှင့် တိုက်ရမည်ဆိုသော လမ်းကို ဦးကျော်ငြိမ်း၊ ဦးနေဝင်းတို့က သက်သေပြခဲ့ပြီ ဖြစ်သည်။ ပြည်တွင်းစစ် တရားခံများအဖြစ် ကျဆုံးသွားလေပြီ။ ဤကဲ့သို့ပင် အစိုးရဆန့်ကျင်သည့်တော်လှန်ရေးသမား အဆက်ဆက်ကို တိုက်နိုင်ရန်အတွက် ဥပဒေဆေးဝါး ဖော်စပ်ခဲ့ကြသည်။ ကိုယ်ဖော်သည့် ဆေးနှင့် ကိုယ်နိဂုံးချုပ်ကြသည်ချည်းပင် ဖြစ်သည်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေနှင့် တဆက်တည်း ဥပဒေတစုံလုံး ထုတ်ခဲ့ကြသည်ကို အမြည်းသဘော လေ့လာနိုင်ပါသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဖြိုဖျက်သည့် စစ်အုပ်စုက စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီကို အော်လာသည်ကို သတိမူမိရန် လိုလာပါသည်။ စစ်အုပ်စု လိုအပ်သည့် စစ်ဥပဒေစနစ်ကို ဗြောင်ဖော်ထုတ်လာသည်ကို မျက်ချည်မပြတ်သင့်ပါ။ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ အားအင်ကြီးမားစဉ်က ထုတ်သည့် မဆလ ဥပဒေက တမျိုး၊ တော်လှန်ရေး အင်အားစုများ အားအင်ချိနဲ့စဉ် ထုတ်သည့် ဥပဒေက ထိုထက်ပိုဆိုးဝါးနေသည်ကို နှိုင်းယှဉ်လေ့လာနိုင်ပါသည်။
အနည်းကပ်ဆုံး ဥပမာတခုကို ပြရလျှင် မဆလ ခေတ်က နှစ် ၁ဝဝ ထောင်ဒဏ်ကို တရံတခါကမျှ မကြားဖူးမနာသာ။ နဝတ နအဖ ခေတ်တွင် ဗိုလ်ချုပ်ဆေထင်၊ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ စသည့် ၈၈၈၈ ခေါင်းဆောင်တို့ အမှုများကို ကြည့်ပါ။ ယခင်က လက်နက်ကိုင် တော်လှန်ရေးတပ်သား တဦးကို ဖမ်းမိလျှင် မတရားသင်း အက်ဥပဒေ ၁၇ (၁)၊ ၁၇ (၂) ဖြင့် ၂ နှစ် ၃ နှစ်သာ ဖြစ်သည်။ ယခု ၎င်းဥပဒေကို အကြောင်းပြ၍ တဆက်စပ်တည်း ဥပဒေ ပုဒ်ထီး ပုဒ်မများတပ်ကာ အနည်းဆုံး နှစ် ၄ဝ ချလာသည်ကို ကြည့်လျှင် တော်လှန်ရေး အင်အားစု ကြီးမားချိန်တွင်ထောင်ဒဏ် နှစ်နည်းပြီး တော်လှန်ရေး အင်အားစု အားနည်းချိန်မှာ နှစ်များကြောင်း ခွဲခြားတတ်ရန် လိုပါသည်။တော်လှန်ရေးကြောင့် ပြည်သူအများ ထောင်ဒဏ် သက်သာခဲ့ရသည်ကို လုံးလုံး မမေ့သင့်ပါ။
တော်လှန်ရေး မရှိလေ၊ နှိပ်စက်ခံရလေ ဆိုသည်ကိုတောင်သူလယ်သမား အားလုံး နားလည် သဘောပေါက်ပြီးသား ဖြစ်ကြပါသည်။ ထို့ကြောင့် တောင်သူ လယ်သမား ဘဝ လွတ်မြောက်ရေးအတွက် လယ်သမားတော်လှန်ရေး ရှိရပါမည်။
၈ လေးလုံး အရေးတော်ပုံကြီးအတွင်းက တောင်သူလယ်သမားထု တရပ်လုံး တောင်းဆိုခဲ့ကြသည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က) လယ်သမား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်ခွင့် ရရှိရေး။
(ခ) လယ်ယာမြေပိုင်ဆိုင်ခွင့်၊ ရောင်းဝယ်ခွင့်၊ လှူဒါန်းခွင့်၊ အမွေဆက်ခံခွင့်၊ ပေါင်နှံခွင့်၊ လွှဲပြောင်းခွင့် ရရှိရေး။
(ဂ) မိမိတို့ ပိုင်ဆိုင်ထားသည့် လယ်ယာမြေပေါ်တွင် လွတ်လပ်စွာ ထွန်ယက်စိုက်ပျိုးခွင့် ရရှိရေး။
(ဃ) မိမိတို့ ထွန်ယက်စိုက်ပျိုးခဲ့သော ကောက်ပဲသီးနှံ၊ ဆန်စပါးကို လွတ်လပ်စွာ ကြိတ်ခွဲခွင့်၊ သယ်ယူပို့ဆောင်ခွင့်၊ ရောင်းဝယ်ဖောက်ကားခွင့် ရရှိရေး။
(င) ဆေးဝါးကုသခွင့်၊ လူမှုဖူလုံခွင့်နှင့် အခမဲ့ ပညာသင်ကြားခွင့် ရရှိရေး - တို့ကို တောင်းဆိုခဲ့ကြပါသည်။ မြဲမြဲမြံမြံ ကိုင်စွဲထားရပါမည်။ ထို့အပြင် တောင်သူ လယ်သမားများ၏ ဘဝမြှင့်တင်ရေးအတွက် -
- လုံလောက်သည့် မြေယာပိုင်ဆိုင်မှု ရှိရပါမည်။
- လွတ်လပ်စွာ စိုက်ပျိုး ထုတ်လုပ် ရောင်းချခွင့် ရှိရမည်။
- လိုအပ်သည့် မျိုးကောင်း မျိုးသန့်နှင့် ချေးငွေ ငွေကြေးစိုက်ထုတ်ပေးနိုင်မှု ရှိရမည်။
- လိုအပ်သည့် သွင်းအားစုတွေကို အစိုးရထံမှ အကူအညီးပေးအပ်စေရမည်။
အထက်ပါ အချက်များအားလုံးကို တောင်သူလယ်သမားများ ရရှိခံစားနိုင်မှသာလျှင် ဒီမိုကရေစီ အရေးတော်ပုံအောင်မြင်ပြီဟု ပြောနိုင်ပါမည်။
No comments:
Post a Comment