ဇာနည်မာန်
၁၉၀၀ ပြည့်နှစ် ကာလတွေတုန်းက အင်္ဂလိပ်ကိုလိုနီအစိုးရ ရုံးစိုက်ရာ မြို့တော်တခုဖြစ်ခဲ့တဲ့ ကာလ်ကတ္တားမြို့ထဲကို ရောက်လိုက်တာနဲ့ အဲဒီခေတ်ကာလ ကတည်းက ရှိခဲ့တဲ့ အဆောက်အအုံ ဟောင်းတွေက ဆီးကြိုနေပြီး သံချေးတွေ အထပ်ထပ်နဲ့ အိုဟောင်းနေတဲ့ ဓာတ်ရထားတွေ၊ လန်ချားတွေဟာလည်း ဟိုးအရင် ကိုလိုနီခေတ်တုန်းကအတိုင်း ရှိနေဆဲ၊ အသုံးပြုနေကြဆဲမို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ဓာတ်ပုံအဟောင်းပုံကြီးထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစား လိုက်ရပါတယ်။
အနောက်ဘန်ဂေါလ်ပြည်နယ် အစိုးရက ကာလ်ကတ္တားမြို့ရဲ့ ကိုလိုနီခေတ်က ကျန်ရစ်တဲ့ အဆောက်အအုံအဟောင်းတွေ၊ သမိုင်းဝင် အဆောက်အအုံတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းထားသလို လန်ချားနဲ့ ဓာတ်ရထားတွေကိုလည်း ဆက်လက် ပြေးဆွဲခိုင်းနေဆဲပါ။ ကာလ်ကတ္တားဟာ အိန္ဒိယနိုင်ငံရဲ့ တခုတည်းသော ဓာတ်ရထားပြေးဆွဲနေဆဲ မြို့တမြို့ ဖြစ်ပါတယ်။
ထည်ဝါခမ်းနားတဲ့ ဝိတိုရိယဘုရင်မ အထိမ်းအမှတ် အဆောက်အအုံရဲ့ တဘက်မှာတော့ ဓာတ်ရထား၊ တက္ကစီ၊ ဘတ်စ်ကား စတဲ့ ယာဉ်ပေါင်းစုံပြည့်ညပ်နေတဲ့ ၂ လမ်းသွားသာသာ ကားလမ်းတွေ၊ ခေတ်ပေါ် အဆောက်အအုံတွေရဲ့အောက်ခြေ လမ်းဘေးဝဲယာ ပလက်ဖောင်းပေါ်က ဈေးသည်တွေ၊ အရောင်အသွေးစုံ ခရီးသွားတွေ၊ ပလက်ဖောင်းနားက ရေဘုံဘိုင်မှာ ရေချိုးနေသူတွေနဲ့ ကာလ်ကတ္တားရဲ့ တနေ့တာက ခေတ်ဟောင်းနဲ့ ခေတ်သစ် ဒွန်တွဲလှုပ်ရှား သက်ဝင်နေသလိုပါ။
တဘက်မှာလည်း စီးပွားရေးအချက်အခြာ မြို့တခုရဲ့ အင်္ဂါရပ်နဲ့အညီ မြေအောက်ရထား၊ အထပ်မြင့် အဆောက်အအုံတွေနဲ့ မြို့သစ်ချဲ့ထွင်လာတာတွေ၊ အဆင့်မြင့် နိုင်ငံတကာလေဆိပ် တည်ဆောက်မှုတွေကလည်း ခေတ်မီမြို့ကြီးတမြို့အဖြစ် တရိပ်ရိပ် ပုံသွင်းလို့နေပါတယ်။
တိုးတက်ဖွံ့ဖြိုးမှုရဲ့ နောက်ဆက်တွဲ ပါလာလေ့ရှိတဲ့ လေထုပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ယာဉ်ကြောပိတ်ဆို့မှု တွေနဲ့အတူ ပလတ်စတစ် အပိုင်းအစ၊ ကတ်ထူစက္ကူ၊ အ၀တ်အပိုင်းအစတွေနဲ့ ဆောက်ထားတဲ့ အခြေအနေမဲ့တွေရဲ့ လူတယောက် အိပ်သာရုံ တဲလေးတွေဟာ လမ်းထောင့်တွေမှာ၊ လမ်းကြိုလမ်းကြားတွေမှာ ဖရိုဖရဲရှိနေပြီး တဲကလေးတွေရဲ့ အထဲနဲ့ အပြင်ဘက်မှာတော့ ဖိနပ်မပါ၊ ဘောင်းဘီမပါ ပြေးဆော့နေတဲ့ ညိုညစ်ညစ် ကလေးတွေ၊ ဆီမရှိ နီကြန်နေတဲ့ဆံပင်တွေထဲက သန်းအပြန်အလှန် ရှာပေးနေတဲ့ အမျိုးသမီးတွေ၊ တဲအ၀မှာထိုင်ရင်း လမ်းသွားလမ်းလာတွေကို ငေးနေတဲ့ အဘိုး၊ အဘွား တွေကိုလည်း တွေ့ရပါတယ်။
ဟာဝ်ရီမြစ်ရဲ့ အရှေ့ဘက်ကမ်းနဖူးမှာရှိတဲ့ ကာလ်ကတ္တားမြို့ခံတွေဟာ တခြား အိန္ဒိယမြို့တော်တွေက မြို့ခံတွေနဲ့မတူ ကြဘဲ အင်္ဂလိပ် အနွယ်ဝင်တွေ၊ အင်္ဂလို - အင်ဒီယန်းတွေ၊ အာမေးနီးယားနဲ့ ဂရိအနွယ်ဝင်တွေ၊ တရုတ်အနွယ်ဝင်တွေ ရောယှက် ရှုပ်ထွေးလွန်းလို့ လူရောင်စုံရှိတဲ့မြို့လို့ တချို့က တင်စား ခေါ်ဆိုကြပါတယ်။ ဒီလူမျိုးစုတွေထဲက ကာလ်ကတ္တားမှာ အခြေချ နေထိုင်တဲ့ တရုတ်လူမျိုးဟာ အနည်းဆုံး ၅ ထောင်ကနေ အများဆုံး ၂ သိန်းအထိ ရှိတယ်လို့ ဆိုပါတယ်။
မြို့ရဲ့ အထင်ကရ တရုတ်တန်းလို့ခေါ်တဲ့ တန်ဂရာ အရပ်မှာနေတဲ့ တရုတ်လူမျိုးတွေ အရင်က ၂ သောင်းကျော်အထိ ရှိခဲ့ပြီး စားသောက်ဆိုင်လုပ်ငန်းနဲ့ သားရေနယ်၊ သားရေအရောင်တင် စတဲ့လုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်ကြပါတယ်။ တရုတ်တွေရဲ့ သားရေလုပ်ငန်း တစတစ ကြီးထွားအောင်မြင်လာချိန်မှာတော့ တရုတ်လူမျိုးတွေ ရွှေ့ပြောင်း အခြေချလာမှု တိုးပွားလာတာကို ကာကွယ်တဲ့အနေနဲ့ ဒေသခံအာဏာပိုင်တွေက ၂၀၀၀ ပြည့်နှစ်မှာ သားရေနယ် လုပ်ငန်းတွေကို မြို့အရှေ့ဘက် ဘန်တလာဆိုတဲ့နေရာကို ပြောင်းလိုက်ပြီး သားရေလုပ်ငန်း အများစုကိုလည်း ဒေသခံ တိုင်းရင်းသားတွေကိုပဲ ပိုင်ဆိုင် စေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်းကုန်ကြတာကြောင့် တန်ဂရာမှာ စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်လူမျိုး ၂ ထောင်ဝန်းကျင်ပဲ ကျန်ရစ်တော့တယ်လို့ ဆိုပါတယ်။
ဘာသာစကား အခက်အခဲတချို့ ရှိနေပေမယ့် နေထိုင်စားသောက်စရိတ် ချိုသာတာ၊ စီးပွားရေး အဆင်ပြေနေတာတွေနဲ့ ဒီနိုင်ငံသား ဖြစ်နေပြီမို့ ဒီမြို့လေးမှာ နေရတာ ပျော်တယ်၊ စိတ်ချမ်းသာတယ်လို့ တရုတ်အမျိုးသားတွေက ဆိုကြပါတယ်။
“တရုတ်နိုင်ငံမှာ လိုတာအကုန် ၀ယ်ရနိုင်တယ်၊ ဒီမှာထက် သန့်ရှင်းသပ်ရပ်တယ်။ ဒါပေမယ့် ကျနော့်သားသမီးတွေအတွက် ပညာရေးက၊ အထူးသဖြင့် အင်္ဂလိပ်စာတတ်ဖို့က တရုတ်နိုင်ငံထက် ဒီမှာပိုကောင်းတာရယ်၊ စီးပွားရေးကလည်း ဒီမှာ အောင်မြင် နေတော့ ကျနော်ဒီမှာပဲ နေချင်တယ်” လို့ အိန္ဒိယနိုင်ငံသား ဖြစ်နေတဲ့ တရုတ်အမျိုးသား မိုက်ကယ်လ်က ပြောပါတယ်။
တရုတ် စားသောက်ဆိုင်ဖွင့်ထားတဲ့ သူ့ရဲ့ အဘိုးအဘွားတွေ လက်ထက်ကတည်းက ကာလ်ကတ္တားမှာ အခြေချ နေလာကြတာဟာ အခုဆိုရင် မျိုးဆက် ၃ ဆက်အထိ ရှိနေပြီး သူဟာလည်း ကာလ်ကတ္တားမှာပဲ မွေးဖွားကြီးပြင်းခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့သားသမီးတွေဟာ အခုဆိုရင် ကာလ်ကတ္တား တက္ကသိုလ်မှာ ပညာသင်နေကြပါတယ်။
မိုက်ကယ်လ်လို တရုတ်လူမျိုးတွေ ကာလ်ကတ္တားမှာ အခြေချနေထိုင်နေကြသလို မြန်မာနိုင်ငံကနေ အိန္ဒိယကို ပြန်လာ အခြေချနေထိုင်ကြတဲ့ မြန်မာနိုင်ငံဖွား အိန္ဒိယတိုင်းသား တွေဟာလည်း ကာလ်ကတ္တားမှာ အများအပြား ရှိကြပါတယ်။
သူတို့တွေထဲက အများစုကတော့ ကွယ်လွန်သူ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းယူတဲ့ ၁၉၆၂ ခုနှစ်မှာ ကိုလိုနီခေတ် လက်ကျန် အိန္ဒိယတိုင်းသားတွေကို မြန်မာပြည်ထဲကနေ နှင်ထုတ်ချိန်တုန်းက တိမ်းရှောင်လာတဲ့ သူတွေရဲ့ မျိုးဆက်တွေဖြစ်ပါတယ်။
တချို့ကလည်း မြန်မာနိုင်ငံမှာ ကျန်နေခဲ့ရာက နိုင်ငံသားလက်မှတ်နဲ့ တရားဝင် နေထိုင်ခွင့်မရတာတွေ၊ ခရီးသွားလာခွင့် မရတာတွေ၊ လူမျိုးရေးဖိနှိပ်မှုတွေကြောင့် အိန္ဒိယနိုင်ငံကို ပြန်လာပြီး အခြေချနေ သူတွေဖြစ်ပါတယ်။ ရောက်စတုန်းက ဒေသခံတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအခက်အခဲ၊ ဘာသာစကားအခက်အခဲတွေ ရှိခဲ့ပေမယ့် ဒီအဆင်မပြေမှုတွေကို ကျော်လွန်နိုင်ခဲ့တယ်၊ ဒီမြို့မှာ နေရတာ လွတ်လပ်ငြိမ်းချမ်းတယ်လို့ ဆိုပါတယ်။
၁၉၈၄ ခုနှစ်မှာ မိသားစုလိုက် ရန်ကုန်ကနေ ကာလ်ကတ္တားကို ပြောင်းလာကြပြီး စားသောက်ကုန်အရောင်းအ၀ယ် လုပ်နေတဲ့ မြန်မာပြည်ဖွား အိန္ဒိယနိုင်ငံသား မိသားစုကတော့ ကာလ်ကတ္တားမြို့ရဲ့ တည်နေပုံအနေအထားက ရန်ကုန်မြို့နဲ့ တူနေ တာကြောင့် မြန်မာပြည်ကို အမြဲ သတိရမိတယ်လို့ ဆိုပါတယ်။
မကြာသေးခင်က ရန်ကုန်ကို လည်ပတ်ခွင့်ရခဲ့တဲ့ သူတို့ထဲက အစ်ကိုကြီး ဖြစ်သူကတော့ “ရန်ကုန်က အရင်အတိုင်း ခမ်းနား နေတုန်းပဲ။ လူတွေတော့ ပိုများလာတယ်။ ကာလ်ကတ္တားက တိုးတက်တယ်ဆိုပေမယ့် ခမ်းနားမှု၊ သပ်ရပ်မှုကတော့ ကျနော်တို့ရန်ကုန်ကို မမီဘူးဗျ” လို့ သူနေခဲ့ဖူးတဲ့ တိုင်းပြည်နဲ့မြို့တော်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ နှိုင်းယှဉ်ပြောပြပါတယ်။
ကာလ်ကတ္တားရဲ့ မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုးတက်လာနေသလို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေမှာလည်း တိုးတက်လာပြီဖြစ်ပါတယ်။ ကာလ်ကတ္တား တက္ကသိုလ်ကို နိုင်ငံရပ်ခြားကနေ ပညာဆည်းပူးဖို့ လာသူတွေ၊ ကာလ်ကတ္တားက အဆင့်မြင့် ဆေးရုံကြီးတွေဆီ ကျောက်ကပ်အစားထိုး စတဲ့ ဆေးကုသမှု ခံယူဖို့အတွက် လာသူတွေ နေ့စဉ်နဲ့အမျှ တိုးတက်လာနေပါတယ်။
တဘက်မှာလည်း ကျောင်းနေအရွယ်ကလေးတိုင်း စာတတ်မြောက်ဖို့ လုံးပန်းနေပေမယ့်၊ ကာလ်ကတ္တား အစိုးရပိုင်ဆေးရုံက အခြားမြို့ကြီးတွေက အစိုးရပိုင် ဆေးရုံတွေနည်းတူ နွမ်းပါးသူတွေအတွက် မှတ်ပုံတင်ကြေး ၁၀ ရူပီး ရှိရုံနဲ့ ဆေးကုသခွင့် ရတဲ့အစီအစဉ်တွေ ရှိနေပေမယ့်၊ ပညာရေး၊ ကျန်းမာရေး ဗဟုသုတ နည်းပါးတဲ့ အခြေအနေမဲ့တွေ အဖို့ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်းတွေနဲ့ အလှမ်းဝေးနေဆဲပါ။
ကာလ်ကတ္တား၊ ဒေလီ၊ မွန်ဘိုင်းနဲ့ ချန်နိုင်းမြို့တို့ဟာ အိန္ဒိယနိုင်ငံရဲ့ လူနေ အထူထပ်ဆုံးနဲ့ အဓိကအရေးပါတဲ့ မြို့ကြီး ၄ မြို့ဖြစ်တဲ့အပြင် နိုင်ငံအ၀န်း အခြေအနေမဲ့တွေ အများဆုံးနေထိုင်တဲ့ မြို့တွေလည်း ဖြစ်နေပြန်ပါတယ်။
ကာလ်ကတ္တားနေ လူဦးရေ ၄ သန်းကျော်ရဲ့ ၃ ပုံတပုံ နီးပါးဟာ အခြေအနေမဲ့တွေလို့ ဆိုပါတယ်။ နိုင်ငံရဲ့ လူဦးရေ တိုးလာတာနဲ့ အမျှ ဒီအခြေအနေမဲ့တွေရဲ့ ဦးရေဟာလည်း တိုးလာဦးမယ်လို့ အနောက်ဘင်ဂေါလ်အစိုးရရဲ့ ၂၀၁၁ နှစ်ဦးပိုင်း ဒေသတွင်း လူဦးရေစစ်တမ်းက ဖော်ပြပါတယ်။ ဒီလို အခြေအနေမဲ့တွေ တိုးလာတာဟာ အလုပ်အကိုင်ရှားပါးမှုနဲ့ လူနေမှုစနစ် ချိန်ခွင် အင်မတန် ကွာဟနေတာကို ပြနေတယ်လို့ စစ်တမ်းက ဆိုပါတယ်။
“မြို့က ရုပ်ပိုင်းဆိုင်ရာမှာ တိုးတက်လာပေမယ့် ခေတ်နောက်ပြန်ဆွဲတဲ့အတွေးတွေ၊ ရှေးရိုးစွဲဓလေ့တချို့တို့ကြောင့် လူမှုရေး၊ ကျန်းမာရေး၊ သန့်ရှင်းသပ်ရပ်မှုတွေမှာတော့ တိုးတက်သင့်သလောက် မတိုးတက်တာတွေရှိတယ်။ သူတို့ကတော့ တဲတွေနဲ့ ဒီလိုနေရတာကိုပဲ ပျော်နေကြတယ်။ ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက အခုအချိန်အထိ ဒီအတိုင်းပဲ” လို့ သူ့ဆိုင်ရှေ့ လမ်းတဘက်ခြမ်းက ပလက်ဖောင်းတလျှောက် မင်းမူထားတဲ့ အခြေအနေမဲ့ တဲတစုကို ညွှန်ပြရင်း မိုက်ကယ်လ်က ပြောပြပါတယ်။
မြစ်ရေကို အမြဲတစေ ဖွင့်လွှတ်ပေးထားတဲ့ ရေဘုံဘိုင်အောက်မှာ ဆော့ကစားနေတဲ့ ဖိနပ်မပါတဲ့ကလေးတွေ၊ ယင်ကောင်တွေနဲ့ အပြိုင်လုရင်း အစားစားနေကြတဲ့ ဗိုက်ပူနံကား ကလေးငယ်တွေ၊ ခနော်ခနဲ့ မီးဖိုမှာ ပလတ်စတစ်စ၊ စက္ကူစတွေနဲ့ မီးမြှိုက်ပြီး ချက်ပြုတ်နေတဲ့ အိမ်ရှင်မတွေ၊ သူတို့တွေရဲ့ ဘ၀တွေဟာ နုံခြာပေမယ့် ပြုံးရွှင်နေတဲ့ သူတို့မျက်နှာတွေက သောကကင်းပြီး စိတ်ချမ်းသာမှုအပြည့်ရှိတယ်လို့ ဖော်ပြနေသယောင် မြင်တွေ့ရပါတယ်။
မိုက်ကယ်လ်က “တရက်ကို ရူပီး ၅၀ (ကျပ် ၁၀၀၀ ခန့်) လောက်ရရင်ကို သူတို့စားဖို့အတွက် မပူရဘူး။ မနက်ဖြန်အတွက် မစိုးရိမ်တဲ့ သူတို့တွေအတွက်ကတော့ တကယ့်ကို သုခမြို့တော်ပါပဲ” လို့ ပြောပြပါတယ်။
တဲလေး တခုရဲ့ဘေးက လန်ချားတစီးပေါ် ထိုင်နားရင်း ငေးနေတဲ့ အဖိုးအိုတယောက်ကို တွေ့တော့ ပြင်သစ်စာရေးဆရာ ဒေါမနစ်ခ်လာပီးယားရေးပြီး စာရေးဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ “သုခမြို့တော်” ဆိုတဲ့ အိန္ဒိယနိုင်ငံ ကာလ်ကတ္တား မြို့က အခြေအနေမဲ့ တွေရဲ့ဘဝသရုပ်ဖော် ၀တ္တုထဲက လန်ချားသမား ဟာဇာရီရဲ့ ပုံရိပ်ကို တွေးမြင်မိပါတယ်။
ခေတ်ရေစီးကြောင်း ပြောင်းလာတာနဲ့အမျှ လူဆွဲရတဲ့ လန်ချားအစား စက်ဘီးတပ်နင်းရတဲ့ ရေခ်ရှောတွေ ပေါ်လာပေမယ့် ကာလ်ကတ္တားမှာတော့ ဟာဇာရီလို လန်ချား ဆွဲပြီး အသက်မွေးနေသူတွေ ရှိနေဆဲ၊ သံချေးအထပ်ထပ်နဲ့ ဓာတ်ရထားတွေ ပြေးဆွဲနေဆဲ၊ ခရစ်ယာန်သာသနာပြုဆရာ ကိုဗာလ်စကီး နဲ့ မာသာထရီဇာတို့လို လူတွေဆီက စာနာမှုနဲ့ အကူအညီ လိုအပ်နေတဲ့ အခြေအနေမဲ့တွေ ရှိနေဆဲ၊ ဆင်းရဲချမ်းသာ ချိန်ခွင်လျှာ မညီမျှမှု ကြီးမားနေဆဲ၊ စီးဆင်းနေတဲ့ ဟာဝ်ရီမြစ်နဲ့အတူ ကိုလိုနီခေတ် အငွေ့အသက်တွေနဲ့ သုခမြို့တော်ရဲ့ ပုံရိပ်တွေက ရှင်သန်လှုပ်ရှားနေဆဲ ပါပဲ။ ။
No comments:
Post a Comment