Thursday, August 4, 2011

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မျက်ခြေမပြတ်သင့်

ရဲဘော်ဖိုးသံချောင်း

နအဖအစိုးရဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မရှိပဲ အုပ်ချုပ်ခဲ့တယ်၊ ကြံ့ဖွံ့ အစိုးရကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ အုပ်ချုပ်ခဲ့တယ် ဆိုတာ ဟုတ်ပါတယ်။ ဒါဖြင့် ဘာ အပြောင်းအလဲတွေ တွေ့နေရပြီလဲ။

ဒီနေ့အချိန်ဟာ ကြံ့ဖွံ့ စစ်အစိုးရ အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ အစိုးရအသစ် တရပ် အသား ကျအောင် လုံးပမ်း နေချိန် ဖြစ်ပါတယ်။ စစ်တပ်က တိုက်ရိုက် လုပ်ဖို့ မလိုတဲ့ လုပ်ငန်းတွေကို “အရပ်ဘက်” လွှဲပြောင်းပေးတယ် ဆိုတာဖြစ်အောင် အဘက်ဘက်မှာ လုပ်နေရပါတယ်။ ပြောရရင် ဒီအလုပ်ဟာ သူတို့အတွက် လွယ်တာတော့ မဟုတ်ပါဘူး။ အရင်ကတော့ စစ်တပ်က အားလုံးကို လက်ဝါးကြီး အုပ်ထားတာ ဆိုတော့ အခြေအနေကို စစ်တပ်က (နယ်တွေမှာဆိုရင် စစ်တိုင်းတွေက) တိုက်ရိုက်သိနေ၊ ချုပ်ကိုင်နေတာ ဖြစ်သလို စားပေါက်တွေကိုလည်း သူတို့ကပဲ အားလုံးချုပ်ထား၊ စားသုံးနေပါတယ်။ အခုကျတော့ တိုင်းအစိုးရ၊ ပြည်နယ် အစိုးရဆိုတာတွေ လုပ်ထားတော့ ဒီအစိုးရတွေရဲ့ အလုပ်ကိုလည်း ပြနိုင်အောင်၊ တချိန်ထဲမှာ အခြေအနေတွေကို စစ်တပ်က ချုပ်ကိုင်မိနေနိုင်အောင် အဆင့်ဆင့် အစီရင်ခံရ၊ ခွင့်ပြုချက် ယူရတာတွေ၊ ညွှန်ကြားတာတွေ အဆင့်ဆင့် သွယ်သွယ် ဝိုက်ဝိုက်တွေ ဖြစ်လာပါတယ်။ တခါတလေမှာ တမြို့ထဲ၊ တခရိုင်ထဲ ဖြစ်နေတဲ့ ကိစ္စကို ထိပ်ဆုံး ကြပ်ပြေး နေပြည်တော်အထိ တက်ပြီးမှ နေပြည်တော်ကနေ တမြို့ထဲနေ တခြားဌာနတခုကို ပြန်ချပေးတာဖြစ်နေတော့ အချိန်တွေ အရမ်းကြန့်ကြာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် လာဘ်ယူတော့လည်း အရင်က စစ်တပ်ကို တိုက်ရိုက်ပေးလို့ ရပေမယ့် အခုတော့လမ်းက ကွေ့ကောက်နေပါတယ်။ သေချာ အောင်ပြောရရင် စစ်တပ်ကို မခွံ့ရတော့တာ မဟုတ်ပါဘူး။ အခုလက်တွေ့မှာ ပါးစပ်တပေါက် ပိုခွံ့နေရပါတယ်။ ဒီလို အခွင့် အာဏာရော စားပေါက်တွေပါ မျှမျှတတနဲ့ သူတို့တွင်း win-win ဖြစ်တဲ့ စနစ်တရပ် အခိုင်အမာ အသားကျအောင် သူတို့ အနေနဲ့ အချိန်ယူပြီး အတော် ကို လုပ်ရအုံးမှာပါ။

ကြံ့ဖွံ့စစ်အစိုးရက ဒီလိုလုပ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂံဘုရားဖူး ခွင့်ပြုတာ၊ အာဇာနည်နေ့မှာ တက်ရောက်
စေတာ၊ ဗိုလ်အောင်ကြည်နဲ့ စကားပြောခိုင်းထားတာ စတဲ့ အပေါ်ယံ ကိစ္စတွေ ခွင်ပြုပြီး ပြည်တွင်းပြည်ပ အာဘော်တွေမှာ အမှတ်ယူနေပါတယ်။ ဒါတွေကို သူတို့ ဆင်ကွက်ထဲ ဝင်ပြီး အမှတ်ပေးချင်သူတွေက အမှတ်ပေးနေတဲ့ အပြင် တချို့ကဆိုရင် အစက ငါမပြောဘူးလား ဆိုတာမျိုးအထိပြောနေကြပါတယ်။ တခါ နိုင်ငံရေး လောကမှာကြုံရလေ့ ရှိတဲ့ နောက်တက်တဲ့ အစိုးရ ဒို့အစိုးရ ဆိုသူတွေလည်း လက်မထောင် လာကြတာ တွေ့ရပါတယ်။ တကယ်ကတော့ စစ်အစိုးရ တရပ်ဟာ သက်တမ်းရှည် လာတာနဲ့ အမျှ သူတို့မှာ အတွေ့အကြုံတွေလည်း များပြား ကြွယ်ဝလာတယ် ဆိုတာကို မမေ့သင့်ပါဘူး။ သူတို့အနေနဲ့ သူတို့အာဏာကို အန္တရာယ် မပေးရေးဆိုတဲ့ မူအောက်မှာ ဘယ်ဟာလောက်ကိုတော့ လိုက်လျော၊ ဘယ်ဟာကိုတော့ အလျှော့မပေးနဲ့ ဆိုတာကို ကောင်းကောင်း ခွဲခြားတတ်ပါတယ်။

သေချာ ပြန်ကြည့်လိုက်ရင် စစ်အစိုးရတွေဟာ မူကျတဲ့ ကိစ္စတွေအပေါ်မှာ ဘယ်တော့မှ အလျှော့မပေးဘူး ဆိုတာ အားလုံးအသိပါပဲ။ အလွယ်ဆုံးနဲ့ အမြင်သာဆုံးပြရရင် နိုင်ငံရေး အကျဉ်းသားကိစ္စ၊ တိုင်းရင်း လက်နက်ကိုင် ကိစ္စတို့မှာ တလက်မတောင် အလျှော့ မပေးရေး၊ တိုင်းပြည်ရဲ့ စီးပွားရေးကို သူတို့နဲ့ သူတို့ရဲ့ ပုလင်းတူဗူးဆို့တွေချည်း ချုပ်ကိုင်ထားရေးတို့ဟာ ဘယ်သူနဲ့မှ ညှိနှိုင်းမှာ၊ အပေးအယူလုပ်မှာ မဟုတ်တဲ့ သူတို့ရဲ့အခြေခံမူတွေပဲ မဟုတ်ပါလား။

ပြန်စဉ်းစားလိုက်ရင် ၁၉၆၂ခုနှစ် ဦး/ဗိုလ်နေဝင်းကစလိုဗိုလ်စောမောင်- ဗိုလ်သန်းရွှေအလယ် ဦး/ဗိုလ်သိန်းစိန် အဆုံး စစ်အာဏာရှင်တွေမှာ တူညီတဲ့မူ အချက်တွေ အများကြီး ရှိတယ်ဆိုတာ တွေ့ရပါမယ်။ အဲဒါတွေကတော့ (မဆလ နာမည်ခံလို့ပဲ ဖြစ်ဖြစ်၊ ကြံ့ဖွံ့ နာမည်ခံလို့ပဲ ဖြစ်ဖြစ်၊ အာဏာကို ယာယီသိမ်းထားသူ အနေနဲ့ဖြစ်ဖြစ်) အာဏာကို သူတို့ချည်း လက်ဝါးကြီး အုပ်ထားတာ၊ ပြည်တွင်းစစ်အပေါ်မှာ ထားရှိတဲ့ သဘောထား၊ ကျောင်းသား သမဂ္ဂတွေအပေါ် ထားရှိတဲ့ သဘောထား၊ စီးပွားရေးကို သူတို့ချည်း လက်ဝါး ချည်း အုပ်ထားလိုတဲ့ သဘောထား၊ တိုင်းရင်းသား ပြည်သူတွေ အပေါ်ထားရှိတဲ့ သဘောထား စတာတွေပါပဲ။ ဒါတွေဟာ နှစ်ပေါင်း ၆ဝနီးပါး ၏-သည် မကွဲပဲ စစ်အာဏာရှင် အဆက်ဆက် ကိုင်စွဲခဲ့တဲ့ ပေါ်လစီတွေလို့ ဆိုရပါမယ်။

တကယ်က အစိုးရတရပ်ရဲ့ လက္ခဏာကို ဖြစ်စေ၊ အဲဒီအစိုးရ ဦးတည်နေတာကို ဖြစ်စေသိချင်ရင် သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စောကြောရပါတယ်။ စစ်အစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စပေါ်ထွက်လာ ကထဲက လူတိုင်းရဲ့ဆန့်ကျင်ခြင်းကို ခံခဲ့ရပါတယ်။ ပြောရရင် ၂ဝ၁ဝ ရွေးကောက်ပွဲ ကြံ့ဖွံ့ကမဟုတ်ပဲ ဝင်ခဲ့သူတွေ၊ အခု အမတ်ဖြစ်နေသူတွေတောင်မှ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဘယ်လောက် ဆိုးတယ်၊ စစ်တပ်အာဏာလက် မလွတ်ရေးကို အာမခံပေးတဲ့ ဥပဒေ ဖြစ်တယ် ဆိုတာကို မြင်ခဲ့၊ အသိအမှတ်ပြု ခဲ့ကြပါတယ်။ အခု ကြံ့ဖွံ့ စစ်အစိုးရ လုပ်နေတာတွေဟာ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရည်မှန်းချက်တွေကို ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ အကောင်အထည်ဖော်နေတာ ဖြစ်တယ် ဆိုတာကို မမေ့သင့်ပါဘူး။

ဒီအစိုးရ တက်လာတာ လေးလကျော်ခဲ့တဲ့ နောက်မှာ တိုင်းပြည်ကို (ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သတ်မှတ်ချက် အတိုင်း) အချိန်မရွေး အာဏာသိမ်းမယ့် အန္တရာယ်က ကွာလှမ်းသွားစေခဲ့တယ်လို့ ဘယ်သူပြောနိုင်ပါသလဲ။ ကြပ်ပြေးက လွှတ်တော်ထဲမှာ ကြံ့ဖွံ့ အစိုးရက ချမှတ်ချင်တာကို ကြံ့ဖွံ့မဟုတ်တဲ့ ကိုယ်စားလှယ်တွေက ဆန့်ကျင်လို့ ပျက်သွားတယ်၊ ရပ်ဆိုင်းထားရတယ် ဆိုတာမျိုးကော ဘယ်နစှ်ကြိမ်များ ရှိသွားပြီလဲ။ ကိစ္စတွေကို ကိုယ့်ကိုယ်ကို မညာစတမ်း၊ မလိမ်စတမ်း ကြည့်ကြစမ်းပါ။ သမိုင်းမှာ စစ်အစိုးရရဲ့ အလိမ်အညာကို အကာအကွယ် ပေးသူ၊ ဖုံးဖိ ပေးသူ၊ အောက်စောင့် လုပ်ပေးသူအဖြစ် နာမည်မပျက်ဖို့ လိုပါတယ်။

ဗမာပြည်သမိုင်းမှာရှိခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေးခုထဲ က တခုထဲသော အများလက္ခဏာ ဆောင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလို့ ပြောရမယ့် ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို တောင်မှ ဖဆပလအစိုးရဟာ သူတို့ထင်သလို ဆွဲဆန့်ပြီး အတိုက်အခံတွေကို ဖိနှိပ် သတ်ဖြတ်တာတွေ လုပ်ခဲ့ပါသေးတယ်။ လက်ရှိ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ကတော့ ကြံ့ဖွံ့ စစ်အစိုးရ ဘယ့်က လောက်အထိ ရမ်းနိုင်တယ်ဆိုတာ လူတိုင်းခန့်မှန်းနိုင် ပါတယ်။

ဗမာပြည်ရဲ့အခြေအနေတွေကိုပြောင်းဖို့ဆိုရင် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲပစ်တာက စရပါမယ်။ ဒီမိုကရေ အတွက်အရေး ဆိုနေသူတွေအားလုံး ဒ်ီဖွဲ့စည်းပုံအခြေခံဥပဒေဆိုးကြီးကို မျက်ခြေမပြတ်ကြဖို့ လိုသလို မိမိတို့ရဲ့လုပ်ငန်းစဉ်တိုင်းမှာလည်း ဒ်ီဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေးကို ထိပ်တန်းထားကြရပါလိမ့် မယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဦးတည်တိုက်ရတဲ့ တိုက်ပွဲဆိုတာဟာ လွယ်လွယ် မဟုတ်ဘူး ဆိုတာလည်း မမေ့ဖို့ လိုပါတယ်။

No comments: