Thursday, August 18, 2011

မြန်မာအစိုးရတပ် နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တိုက်ပွဲ တိမ်းရှောင်ရေး ထိုင်းနယ်စပ် ဒေသခံ များအား ထိုင်းစစ်တပ်သင်တန်းပေး

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ်နှင့် မျက်နှာ ချင်းဆိုင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း နယ်စပ် မြို့နယ် ၂ ခုရှိ ဒေသခံ များအား ယမန်နေ့က ထိုင်းဘုရင့် တပ်မတော်ကစစ်ဘေးမှဆုတ်ခွါရှောင် ရှားရေး ပညာပေးအစမ်း လေ့ကျင့်ပေးနေကြောင်း ထိုင်းနယ်စပ် လုံခြုံရေးအာဏာပိုင်များကပြော သည်။

ယခင်က နယ်စပ်တိုက်ပွဲများကြောင့်အတွေ့အကြုံရှိခဲ့ဖူးသော ချင်းမိုင်ခရိုင် ချင်းဒေါဝ်းမြို့နယ် မိုင်းနအုပ်စုနှင့် ဖှန်မြို့နယ် မောန့်ပင်အုပ်စု နောလဲရွာ ၂ နေရာအား ထိုင်းအာဏာပိုင်များကအဆိုပါအစမ့်လေ့ကျင့်လုပ်ပေး ခဲ့ခြင်းဖြစ်ပါသည်။

“ ကျနော်တို့ရွာသားတွေကို ခေါ်ပြီး စစ်ဖြစ်လာရင်ဘယ်လိုရှောင်တိမ်းရမယ်ဆိုတာ အဓိက သင်တာပေါ့။ နောက်ပြီး ဟယ် လီကော်ပတာနဲ့ ဒုက္ခသည်တွေကို သယ်ယူပုံ၊ သက်ကြီးရွယ်အိုတွေကို ဖေးမပုံ၊ဒဏ်ရာရသူ တွေကို ကယ်ဆယ်ပုံ ပြုစုကုသ ပုံစတာတွေကိုလဲ အစမ်းလုပ် သင်ပေးတယ်” ဟု မိုင်းန နေဒေသခံတဦးက ပြောသည်။

ချင်းဒေါဝ်းမြို့နယ်ဒေသခံများအဖို့ ၁၉၈၉-၉၀ ခုနှစ်က ဦးခွန်ဆာ၏ MTA နှင့် ဝ တပ်ဖွဲ့တို့၏တိုက်ပွဲ၌ လည်း ကောင်း ၊ ဖှန်မြို့နယ်တွင်မူ ၂၀၀၁-၂၀၀၂ ကလည်းကောင်း နယ်စပ်တိုက်ပွဲ အတွေ့အကြုံရှိခဲ့ဖူးသည်ဟုလည်း ထိုင်း နယ်စပ်နေ စစ်ရေး၊ နိုင်ငံရေးလေ့လာသူ တဦးက ပြောသည်။

“ ကျနော်တို့ မိုင်းနမှာတော့ ရွာသားအားလုံးမခေါ်ဘူး။ သူများထက်နဲနဲလည်လည်ပယ်ပယ်ရှိတဲ့သူနဲ့ ကျောင်း ဆရာတချို့ ကို ဘဲ ရွေးပြီး အစမ်းလေ့ကျင့်ပေးတာ” ဟု မိုင်းနဒေသခံတဦးကလည်းပြောသည်။

ထိုင်းနိုင်ငံ ဂရုန်းထေ့ပ်ထုရကစ် သတင်းစာတွင်မူ- တက်ရောက်သူ အဆိုပါ (ကျေးလက်လူထု) များအား- လူ တယောက်၏ ကိုယ်ရေးရာဇဝင် စစ်ဆေးပုံ၊ ဥပဓိရုပ်ကြည့်၍ စစ်ဆေးပုံတို့ ကိုပါ သင်ကြားပေးသည်ဟုလည်း ဖော်ပြထားသည်။

ထိုင်းဘုရင့်တပ်မတော် အမှတ် ၃ စစ်တိုင်း ဖာမိန်းတပ် ဒုတပ်မှူး ဒုဗိုလ်မှူးကြီး ချလောင်ချိုင်း ချိုင်းယခမ်း က -“ထိုင်းမြန် မာ ၂ နိုင်ငံဆက်ဆံရေးတော့ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ ဝိရိယ မလျှော့သင့်ဘူး။မြန်မာ မှာလဲ အစိုးရ သစ်ရှိပြီ မို့ နယ်စပ်နေတိုင်းရင်းသားလက်နက်ကို တပ်ဖွဲ့တွေကို ရှင်းလင်းဖို့အလားအလာ များတယ်။ တိုက်ပွဲ တကယ်ဖြစ်လာ ရင် ကျနော်တို့နိုင်ငံထဲအထိ သူတို့ဗုံးတွေ လက်နက်ကြီးတွေကျလာနိုင် တယ်။ အဲဒါ့ကြောင့်ပြင်ဆင်ထားရမယ်” ဟု အဆိုပါ သတင်းစာအား ပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရသစ်၏ အသွင်ပြောင်းရေးပေါ်လစီလက်မခံသည့်ဝပြည်သွေးစည်းညီ ညွတ် ရေး တပ်မတော် UWSA တို့က ထိုင်းနိုင်ငံ (မယ်ဟောင်ဆောင်၊ ချင်းရိုင်း၊ ချင်းမိုင်ခရိုင်) နယ်စပ်တ လျှောက် တွင်လှုပ် ရှားကြသည်။

အဆိုပါ စစ်ရေးပညာပေးသင်တန်းကို ထိုင်းနယ်စပ်မြို့နယ်များဖြစ်သော မယ့်ဆိုင်၊ မယ့်အိုင်းနှင့် ဝိန်းဟဲန်တို့ တွင်လည်း ယခုနှစ်အတွင်း အစမ်းလေ့ကျင့် သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း ဖာမိန်းတပ်မှ စစ်ရေးအရာရှိတဦးက သျှမ်းသံတော်ဆင့် သို့ပြောပြ သည်။

No comments: