Thursday, August 18, 2011

KIO နှင့်ဆွေးနွေးပွဲ နောက်ကွယ် မြန်မာစစ်တပ် အင်အားဖြည့်တင်း

သျှမ်းသံတော်ဆင့်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ နှစ်ဘက်ကိုယ်စားလှယ်များ အပစ်ရပ်ရေးကိစ္စ တွေ့ဆုံ ဆွေးနွေး နေစဉ် အ တွင်း သင်္ဘောများဖြင့် မြန်မာစစ်တပ်များ ဗန်းမော်မြို့သို့ ပုံမှန်မပြတ် ပို့ဆောင်နေ ကြောင်း သိရသည်။

အထူးသဖြင့် ဗန်းမော်မြို့သို့အမြန်သင်္ဘောဆိုက်ကပ် ရက်ဖြစ်သည့် တနင်္လာ ၊ ကြာသပတေး ၊ စနေနေ့တိုင်း မြန်မာ စစ်သည်များကို အရပ်ဝတ်ဖြင့် ပို့ဆောင်နေ ကြောင်း မျက်မြင်ဆိပ်ကမ်း အလုပ်သမား တစ်ဦးက ပြောသည်။

“သတိထားမိသလောက်ဆို သင်္ဘော ၁၀ စီးထက် မနည်းရှိပြီ တစ်စီးကို ကလေးစစ်သားငယ်ငယ်လေး တွေ အယောက် ၃၀ ကျော်လောက်ပါတယ်အရပ် ဝတ်တွေနဲ့လေ၊ ၁၃ ရက်နေ့က အမြန်မှာလည်းပါ တယ်၊ အသက်ကြီးတဲ့စစ်သား ဟောင်း တွေတပ်ကြပ် ကြီးတို့ ဗိုလ်တို့ပေါ့ သူတို့ကဘေးကနေခြံရံပြီးတော့မှပို့ တယ်၊ တခြားခရီးသည်တွေ နဲ့ရောပြီး လာတာ စစ် တပ်က ဖေါကားတွေနဲ့လာကြိုတယ်” ဟု သူက ဆိုသည်။

ထို့အပြင် စစ်တပ်ရိက္ခာနှင့်လက်နက်ခဲယမ်းဟုယူဆရ သော သေတ္တာများလည်း ပို့ဆောင်မှုရှိကြောင်း သူက ဆက်ပြော သည်။

“တပ်ရိက္ခာတွေက သင်္ဘောတိုင်းလိုလို အနှေးရော အမြန်ရောပါတယ်၊ လက်နက်ခဲယမ်းတွေက ပြောရခက်တယ် တပ် ပစ္စည်း ဆိုပြီးမှ သေတ္တာတွေကို သော့ခတ်ပြီးလာတာ အဲလိုမျိုးတော့ရှိတယ်၊ အထဲမှာဘာပါတယ်ဆိုတာ ပြော လို့မရ ဘူး၊ ဒီသေတ္တာ တွေဖြေးဖြေး မခိုင်းတယ်၊ ပစ်မချ ခိုင်းဘူး၊ အန္တရာယ် ရှိတယ် လို့တော့ ပြောတယ်” ဟု ဆိုသည်။

ထိုသို့ ကချင်ပြည်နယ်အတွင်း မြန်မာစစ်အင်အားဖြည့်တင်းမှုများ ရှိနေသလို ယခုလ ၉ ရက်နေ့ကလည်း မံစီမြို့နယ် မိုင်း ခေါင်ကျေးရွာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအား မြန်မာစစ်တပ်မှ မီးရို့ခဲ့သေးကြောင်း စစ်ပြေးဒုက္ခသည်တစ်ဦးထံမှ စုံစမ်း သိရသည်။

“အောက်ချောင်းပေါ့ မိုင်းခေါင်ဘုန်းကြီးကျောင်းကို ကေအိုင်အေလက်ခံလို့ဆိုပြီး စစ်တပ်က မီးရှို့တယ်၊ဘုန်းကြီး တွေ ကို တော့ အပြင်ထွက်ခိုင်းပြီး မီးရို့တာ”ဟု မိုင်းခေါင်ရွာမှ ဗန်းမော်မြို့သို့ ထွက်ပြေးလာသည့် စစ်ပြေး ဒုက္ခသည်တစ်ဦး က ပြောသည်။

ယခုဆိုလျှင် မိုင်းခေါင်ရွာမှ ဗန်းမော်မြို့သို့ ထွက်ပြေးခဲ့လာသူ အမျိုးသား အမျိုးသမီး ကလေးလူကြီး အယောက် ၄၀ ၀န်း ကျင်ခန့်ရှိပြီး စစ်တပ်မှ ရွာပြင်ထွက်ခွင့်ပိတ်ပင်ထားကြောင်း သိရသည်။

မံစီမြို့နယ်အတွင်းရှိ သျှမ်းနီဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရာ ဗန်းမော် ၊ မံစီမြို့တစ်ဝိုက်နီးစပ်ရာ ဆွေမျိုးများ ထံ ခိုလှုံ နေကြ ကြောင်း အချို့ရွာများတွင် ရွာလူကြီးနှင့်ဘုန်းကြီးကျောင်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

No comments: