ရဲဘော်ဖိုးသံချောင်း
တနေ့တုန်းကပဲ ကြံ့ဖွတ် စစ်အစိုးရဟာ “ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့” ဆိုတာကို ဖွဲ့စည်း လိုက်ကြောင်း ကြေညာ လိုက်ပါတယ်။ ကမ္ဘာမှာ တွေ့ရခဲ လှတဲ့ “ပြောရေးဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေး အဖွဲ့” ဆိုတာကို ကြားရ တော့ သဘာဝ ကျစွာပဲ လူတွေက ကြံ့ဖွတ် စစ်အစိုးရ ဘာတွေများ အကြံအဖန် လုပ်ပြန်ပြီလဲ လို့တွေး မိကြ ပါတယ်။ လက်ရှိ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်(ဦး)ကျော်ဆန်းကိုပဲ တယောက်ထဲ လွှတ်မထား ချင်လို့လား၊ သတင်းစာ ဆရာတွေနဲ့ တွေ့ဆိုရာမှာ သူတို့ဘက်က အင်အားပြ ချင်လို့လား၊ လူများပွဲစည် ဆိုပြီး စတန့်ထွင် တာလား သို့လော၊ သို့လောတွေ အများကြီးဖြစ်လာ ပါတယ်။
ဒါပေမဲ့ ဒီလူ၁၁ဦးပါတဲ့ ဒီအဖွဲ့ပေါ်ထွက်လာတဲ့အတွက် တခုခုထူးလာမယ်၊ ပိုပွင့်လင်းလာမယ်လို့တော့ ဘယ်သူကမှ မထင်ပါဘူး။ ကြံ့ဖွတ်စစ်အစိုးရ ဘာဉာဏ်နီ ဉာဏ်နက်တွေများ ထုတ်အုံးမလဲလို့သာ သံသယ အထောင်အသောင်း နဲ့ စောင့်ကြည့်နေကြပါတယ်။ သတင်း ထုတ်ပြန်ရာမှာ လူတဦးထဲထုတ်ပြန်တယ်ဆိုတာထက် လူအများနဲ့ ထုတ်ပြန် တယ် ဆိုတာက ဘာများပိုထူးမှာလဲ။ ပစပ်ပေါက် ပိုများ လာတာဟာ အသံကျယ်လာတာထက်မပိုနိုင်ပါဘူး။
ဒီဟာလေး ဖြည့်လိုက်ပါအုံး၊ ဟိုဟာလေး မချန်လိုက်ပါနဲ့ ဆိုပြီး ပိုကျယ်ပြန့်လာ ပွင့်လင်းလာမယ်လို့ မျှော်လင့်နိုင်ပါ သလား။ တယောက် က ဟိုဟာဖြတ်လိုက်၊ နောက်တယောက်က ဒီဟာလည်းတောက်လိုက်နဲ့ ပိုလို့သာတင်းကြပ်၊ ကျဉ်းမြောင်း သွားနိုင်တယ်လို့ထင်ပါတယ်။ အရေးပါတဲ့ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေနဲ့ဖွဲ့စည်းထားတာမို့ သတင်းတည်းဖြတ် ရာမှာ အားဖြည့်တဲ့သဘော ပိုဆောင် နေပါတယ်။ သတင်းပိုပေးချင်ရင် သက်ဆိုင်ရာဌာနက တိုက်ရိုက်ထုတ်ပြန်ပြောဆိုလို့ ရတယ်ထင်ပါတယ်။ ကော်မတီ၊ အစုအဖွဲ့တွေ ဖွဲ့နေဖို့မလိုပါဘူး။ အခုပိုဖြစ်နိုင်တာက သူတို့ချင်းတယောက်ကိုတယောက် မဲတင်းဖို့၊ သတင်းပိုအမှောင်ချဖို့သာ ဖြစ်ပါတယ်။ ဝန်ကြီး ဌာနတွေ တဌာနကို တဌာန အကြောခံ ရတယ်လို့ ထင်နေလို့ ဖန်တီး လာတာလည်း ဖြစ်ကောင်းဖြစ် နိုင်ပါတယ်။
ဒီနေ့ ဗမာပြည်ရဲ့သတင်း လောကမှာ အကြီးဆုံး ပြဿနာ တခုက သက်ဆိုင်ရာ ဌာနတွေက သတင်းမှန်တွေကို မထုတ်ပြန်ပဲ လံကြုတ် သတင်းတွေ ထုတ်ပြန် နေတဲ့ ကိစ္စပါ။ ဒီလိုဖြစ် နေတာဟာ သတင်း ထုတ်ပြန်တာကို အဖွဲ့အစည်းနဲ့ မထုတ်ပြန် လို့မဟုတ်ပါဘူး။ တကယ် ပြောရရင် အခု ထုတ်ပြန်နေ တာတွေဟာ ဗိုလ်(ဦး)ကျော်ဆန်း တဦးထဲက လိမ်ညာ နေတာလည်း မဟုတ်ပါဘူး။ တကယ်က စစ်အစိုးရ အဆက်ဆက်ဟာ သတင်းစာရှင်းလင်းပွဲဆိုတာတွေမှာ သူတို့ အယုံ ကြည်အစိတ်ချဆုံးလူတွေကိုပဲ သူတို့ကိုယ်စား ထွက်လိမ်ခိုင်း နေတာ ဖြစ်ပါတယ်။ တနည်းပြောရရင် ဒီပြောရေးဆိုခွင့် ရှိသူဆိုသူ(တွေ)ဟာ ခိုင်းတာလုပ်ရသူတွေချည်းဖြစ်ပါတယ်။ သူ့တဦးထဲရဲ့အမြင်ကို မပြောဝံ့ပါဘူး။ မီဒီယာသမားတွေနဲ့ တွေ့ဆုံတိုင်း သူတို့ရဲ့ခေါင်းထဲမှာ နံပတ်ဝမ်းကြီးရဲ့ပုံရိပ်ကြီးက အမြဲလွှမ်းမိုးနေတာဖြစ်ပါတယ်။
ဒါဖြင့်ဒါကဘာလုပ်တာလဲ။ ဗိုလ်(ဦး)သိန်းစိန်တက်လာတဲ့နောက် လုပ်နေတဲ့ သဏ္ဌာန်ဆံတဲ့ လုပ်ရပ်တွေထဲက တခု ဖြစ်တယ် ဆိုတာက တော့ ဘာမှအငြင်းပွားစရာမရှိပါဘူး။ ဒါ့အပြင် နောက်ရည်ရွယ်ချက်တခုက ဒီနေ့လို မီဒီယာတွေများပြား၊ ဆက်သွယ်ရေး စနစ်တွေ မျိုးစုံ ထွန်းကား နေတဲ့ အချိန်မှာ သူတို့ဌာန တွေထဲက လူတွေကို မဗျူး နိုင်အောင် ထိပ်ကနေ ပိတ်ဆို့ ထားတာလည်း ဖြစ်ပါတယ်။ မီဒီယာ တွေအနေနဲ့မေးချင်တာရှိရင် ဒီအဖွဲ့ကိုပဲမေး၊ တခြားလူတွေကိုမမေးနဲ့ဆိုတာမျိုး၊ ဒါမှမဟုတ် ဒီအဖွဲ့မှအပ တခြားအစိုးရဌာနနဲ့ ဝန်ထမ်း တွေပြောတာမှန်သမျှ တရားမဝင်ဘူးဆိုတာမျိုးဖြစ်အောင် လုပ်လာပါလိမ့်မယ်။ သူတို့စိုးရိမ်တာက သူတို့အထဲကလူတွေက အမှန်တွေ ထုတ်ပြောမှာ၊ သတင်းတွေ သူတို့ပစပ်ပေါက်ထဲက မဟုတ်ပဲ တခြားပစပ်ပေါက်တွေကထွက်မှာကိုပါပဲ။
ပြည်သူ တွေကြား ချင်၊ သိချင်နေတာ ဟာအမှန် တရားပါ။ မျက်နှာတွေ၊ ပစပ်ပေါက် တွေမဟုတ် ပါဘူး။ ဗိုလ်(ဦး) သိန်းစိန် တို့အနေနဲ့ သူတို့ ကိုယ်သူတို့ နအဖ အစိုးရနဲ့ လမ်းခွဲ ခဲ့ပါတယ် ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြသချင်ရင် ဗမာပြည်က စာနယ် ဇင်းတွေ၊ ဗီဒီယို တွေကို ဖွင့် လိုက်တိုင်း တွေ့နေ ရတဲ့ အင်မတန် အကျည်း တန်တဲ့ “ဦးတည်ချက် လေးရပ်”၊ “ပြည်သူ့ ဆန္ဒသဘောထား”၊ “ဆူပူမှုဖြင့် ဒီမိုက ရေစီ မရနိုင်”၊ “VOA, RFA ရန်တိုက်ပေးနေသည်” စတဲ့ တဖက်သတ် ဝါဒဖြန့်၊ အနိုင်ကျင့်မှုတွေကို ဖယ်ရှားပေးတာမျိုးကို အရင်ဆုံး လုပ်ပြ သင့်ပါတယ်။ သူတို့ရဲ့ ဒီကြွေးကြော်သံ တွေဟာ မီဒီယာ လောက ကိုရော မီဒီယာ များကို ဖတ်- ကြည့်-နားထောင် နေသူများ ကိုပါ ခြိမ်းခြောက် နေတာ ဖြစ်ပါတယ်။
ဗိုလ်နေဝင်း အစပြု လိုက်တဲ့ လူဗိုလ်ပုံ အလယ်မှာ မျက်ရည်ကျပြတဲ့ စတိုင် အချိုးကို အခုဗိုလ်(ဦး)ကျော်ဆန်းက သတင်း စာရှင်းလင်းပွဲ မှာလုပ်ပြ လာတာ တွေ့ရ ပါတယ်။ ဒါပေမဲ့ ဗိုလ်(ဦး)ကျော်ဆန်း အကြောင်းကို နောကျေ နေတဲ့ ဗမာပြည် သတင်း လောကနဲ့ နိုင်ငံရေး လောက ကလူတွေ ကတော့ ဒါဟာ မိကျောင်း မျက်ရည် ထက်မပို နိုင်ဘူး လို့ပဲ ဆိုကြ ပါတယ်။ ဘယ်သူမှ ဒီမျက်ရည် တွေကြောင့် ဗိုလ်(ဦး)သိန်းစိန် အစိုးရနဲ့ ဗိုလ်(ဦး)ကျော်ဆန်း လို သတင်း ထုတ်ပြန်သူတွေကို “အော်- သူတို့ခမျာ မျက်ရည်တောင် ကျရှာတယ်”လို့ စာနာ ထောက်ခံစိတ် မပေါ်မိ ပါဘူး။ ဒီလိုမျက်ရည် ကျတဲ့ သတင်း စာရှင်းလင်း ပွဲမျိုးမှာ ဘာပြော သွားတယ် ဆိုတာကို ပိုသတိ ထားမိ ပါတယ်။ ဒီအကြိမ်မှာ ထင်ရှားတဲ့ အချက် တခု ကတော့ “အင်န်အယ်လ်ဒီ ကို နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်”ခိုင်းပြန် တာပါပဲ။ အသွင်ပြောင်း ပေမယ့် အနှစ်သာရ မပြောင်းကြောင်း ပြောချင်တာပါ။
မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲတွေအကြောင်းပြောတယ်ဆိုတော့ တပါထဲမှာ ဗမာပြည်သတင်းလောကမှာ အင်မတန်အရုပ်ဆိုး တဲ့ဖြစ် ရပ်တခု ဒီနှစ်ပိုင်းထဲမှာဖြစ်ခဲ့ဖူးတာကို သတိရမိပါတယ်။ အဲဒါက သတင်းထုတ်ပြန်တဲ့ တာဝန်ခံ ပုဂ္ဂိုလ်ကြီးက မေးမြန်းတဲ့ မီဒီယာ သမားကို ငေါက်ငမ်းခြိမ်းခြောက်တာဖြစ်ပါတယ်။ ဒါဟာ သူတို့ အာဏာရှင် တွေရဲ့ အကျင့်ပဲလို့ စဉ်းစားနားလည်ယူလို့ရပေမယ့် သတင်း ထုတ်ပြန်ပွဲမှာလူတဦးထဲက ထုတ်ပြန်နေတဲ့ အခါ တဦးထဲက ငေါက်ပြီး အဖွဲ့နဲ့ထုတ်ပြန်နေရင် အဖွဲ့လိုက်ငေါက်မှာ-ဟောက်မှာလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒါနဲ့ တဆက်ထဲပဲ နောင်သတင်းစာ ရှင်းလင်းပွဲတွေမှာ ဒီသတင်း ထုတ်ပြန်ရေး အဖွဲ့ဝင် ၁၁ယောက်စလုံး ထွက်ငိုပြနေရင် ဆိုတာကိုလည်း တွေးနေမိပါတယ်။
နှစ်ခါအလှည့်စားခံရရင် ကိုယ့်အပြစ်ပေါ့လေ။
No comments:
Post a Comment