Friday, September 16, 2011

ကျန်းမာရေးချို့ယွင်းသူကိုလွှတ်ရန် AAPP တောင်းဆို

ဇာနည်ဝင်း Friday, 16 September 2011

ရောဂါမျိုး စုံ ကြောင့် ကျန်းမာရေး ထိခိုက်ပြီး ကောင်းစွာ လမ်းမလျှောက်နိုင်သော ကျောင်းသား ခေါင်းဆောင် တဦးကို အမြန်ဆုံး လွှတ်ပေးရန် AAPP ခေါ်နိုင်ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။

အင်းစိန် ထောင်ရောက် ကိုဇော်လင်းထွန်းသည် အဆုတ်၊ ကျောက်ကပ်၊ နှလုံး ဆိုင်ရာ ရောဂါများ၊ အစာအိမ် ကင်ဆာ နှင့် အသည်း ကင်ဆာ ဖြစ်ပွား နေပြီး အစာ ကောင်းစွာ မစားနိုင် သည်မှာ ၂ လ ကျော်ပြီဖြစ် ကြောင်း AAPP ၏ ထုတ်ပြန် ချက်တွင် ရေးထားသည်။

“လူသားချင်း စာနာ ထောက်ထား တဲ့အနေ နဲ့ရော ကျန်းမာရေး အခြေအနေ အရပါ ကိုဇော်လင်းထွန်းကို အမြန်ဆုံး လွှတ်ပေးပြီး အခုလို အသက် အန္တရာယ် ရင်ဆိုင် နေရတဲ့ အချိန်မှာ သူ့မိသားစု တွေနဲ့အတူ နေထိုင် နိုင်ခွင့်ပေးဖို့ အလေးအနက် မေတ္တာ ရပ်ခံ ချင်ပါတယ်” ဟု AAPP အသင်း တွဲဘက် အတွင်း ရေးမှူး ကိုဘိုကြည်က ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တွင် ပါဝင်သူ ကိုဇော်လင်းထွန်းသည် ၈ နှစ်ကြာ ထိန်းသိမ်းခံထားရပြီး လွတ်ရက် စေ့ရန်လည်း ၁၂ နှစ်လိုသေးသည်။

သူ၏မိတ်ဆွေ ဦးဌေး ဆိုသူက စက်တင်ဘာလ ၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်ထံသို့ စာတစောင်ပေးပို့ပြီး ကိုဇော်လင်းထွန်းအား ကျန်းမာရေးအခြေအနေအရ စောစီးစွာ လွှတ်ပေးရန် မေတ္တာရပ်ခံထားကြောင်း AAPP က ပြောသည်။ ရန်ကုန်မှ ကိုဇော်လင်းထွန်း၏ မိသားစုကလည်း အလားတူ မေတ္တာရပ်ခံစာ ပေးပို့ရန် ပြင်ဆင်နေသည်ဟု သိရသည်။

အင်းစိန်တွင် အကျဉ်းသား တသောင်းဝန်းကျင်အတွက် ဆရာဝန် ၃ ဦးသာရှိကြောင်း အကျဉ်းသားများအရေး လေ့လာ စောင့်ကြည့် နေသော ထိုင်းနိုင်ငံ အခြေစိုက် AAPP အသင်း၏ ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာပြည်တွင် နိုင်ငံရေးလှုပ်ရှားမှုနှင့် ဆက်စပ်ပြီး အထိန်းသိမ်းခံရသူပေါင်း ၂၀၀၀ ကျော်ရှိသည်ဟု သိရသည်။

သြဂုတ်လကုန်ပိုင်းက ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ ကင်တားနား၏ မြန်မာပြည်ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသား အနည်းငယ် လွတ်မြောက်ဖွယ်ရှိသည်ဟုလည်း အကျဉ်းသားမိသားစု တချို့က မျှော်လင့်ခဲ့ကြသေးသည်။

နေပြည်တော်သို့ ရောက်သွားသော မစ္စတာ ကင်တားနားကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နိုင်ငံရေး အကျဉ်းသား များအား ပြန်လွှတ်ရေးမှာ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုကြောင်း သေချာသည့် အချိန်ရောက်မှသာ ဖြစ်နိုင်သည်ဟု ပြောလိုက်သည်။

မစ္စတာ ကင်တားနား မြန်မာပြည်မှ ပြန်လည်ထွက်ခွာပြီး နောက်တနေ့တွင် အာဏာပိုင်တို့က နိုင်ငံရေးသမားများနှင့် နီးစပ်သည့် တပ်မတော်အရာရှိဟောင်း ဦးနေမျိုးဇင်ကို ထောင် ၁၀ နှစ် ချလိုက်သည်။

ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရသော အကျဉ်းသားတဦးဖြစ်သည့် ကိုစည်သူဇေယျသည် ဗုဒ္ဓဟူးနေ့က နောက်တိုး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံလိုက်ရသည်။ ကိုစည်သူဇေယျသည် ၂၀၁၀ သင်္ကြန်ကာလ ရန်ကုန်မြို့ ဗုံးပေါက်ကွဲသည့်နေရာတွင် ဓာတ်ပုံရိုက်ကူးစဉ် ထိန်း သိမ်း ခံရသူဖြစ်သည်။

မကြာသေးမီက အစိုးရသစ်တက်လာပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည့် အကျဉ်းသား ၁၇၀၀၀ ကျော်ထဲတွင် လွတ်ရက်စေ့ တော့ မည့် နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းသာ ပါဝင်ကြောင်းသိရသည်။

No comments: