Wednesday, September 7, 2011

ချင်းပြည်နယ် ၀န်ကြီးချူပ် အမိန့်ဖြင့် ၀န်ထမ်းများ အဓမ္မလုပ်အားပေးနေရ

KHONUMTHUNG NEWS GROUP

ချင်း ပြည်နယ် ၀န်ကြီးချူပ် ဦးဟုန်းငိုင်းက ဟားခါးမြို့ရှိ အစိုးရ၀န်ထမ်းများနှင့် ဒေသခံများကို အဓမ္မလုပ် အားပေးခိုင်းစေမှုများ ပြုလုပ်နေသည်ဟု ချင်း လူ့အခွင့်အရေးအဖွဲ့(CHRO) က ပြောဆိုလိုက်သည်။

CHRO ၏ ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ၀န်ကြီးချူပ် ဦးဟုန်းငိုင်း၏ အမိန့်ဖြင့် ဟားခါးမြို့ပေါ်ရှိ အစိုးရ၀န်ထမ်းများကို ပြီး ခဲ့သည့် သြဂုတ်လဆန်းပိုင်းကစပြီး အစိုးရရုံးပိတ်ရက်ဖြစ်သော စနေနေ့ နံနက်တိုင်းတွင် လုပ်အားပေးခိုင်းစေနေသည်ဟု ဖော်ပြ ထား သည်။

‘‘အထွေထွေ အုပ်ချူပ်ရေးမှူးရုံးကနေ အမိန့်ထုတ်ထားတယ်၊ အဲဒီအမိန့်က ၀န်ကြီးချူပ်ဦးဟုန်းငိုင်းဆီကနေလာတဲ့ အမိန့်ဖြစ်တယ်၊ အဓမ္မ လုပ်အားပေးစေခိုင်းခံရတဲ့ အစိုးရ၀န်ထမ်း ၄ ယောက်ဆီကနေ ကျနော်တို့ အတည်ပြုထားတာ ဖြစ်တယ်’’ဟု CHRO ၏ စီမံကိန်း ဒါရိုက်တာ ဇအုပ်လိန် ကပြောသည်။

အစိုးရ၀န်ထမ်းများသည် စနေနေ့ နံနက်ပိုင်းတွင် အစိုးရဧည့်ဂေဟာအတွက် ဆောက်လက်စ အဆောက်အအုံဝန်းကျင် အပါအ၀င် ဟားခါးမြို့ရှိ ခြုံများကို ရှင်းလင်းနေကြရသည်ဟု ဟားခါးမြို့ဝန်ထမ်းများ၏ပြောဆိုချက်ကို ကိုးကားပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုပ်အားပေးရန် ပျက်ကွက်သူများကို လစာများဖြတ်တောက်မည်ဟုလည်း ၀န်ကြီးချူပ် ဦးဟုန်းငိုင်းက ခြိမ်းခြောက်ထားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဟားခါးမြို့ရှိ အစိုးရ၀န်ထမ်းတဦးကလည်း စနေနေ့နံနက်တိုင်းတွင် မြို့တွင်း သန့်ရှင်းရေး၊ လမ်းဘေးသန့်ရှင်းရေးများကို အစိုးရ ၀န်ထမ်းများက ပုံမှန်လုပ်ဆောင်နေရသည်ဟု ခိုနူမ်းထုန်ကိုပြောပြသည်။

‘‘ကျနော်တို့ကတော့ စနေနေ့ဆိုရင် နားချင်တာပေါ့၊ အိမ်မှုကိစ္စတွေလုပ်ချင်တယ်၊ ခြံလုပ်ငန်းတွေလည်း လုပ်စရာတွေရှိ တယ်လေ၊ ဒါကြောင့် စနေနေ့ရောက်လာပြီးဆိုရင် ၀န်ထမ်းတွေက စိတ်မကောင်းကြဘူး’’ဟု သူကပြောသည်။

ချင်းပြည်နယ် မြို့တော် ဟားခါးတွင် ပြီးခဲ့သည့် မေလက ကမ္ဘာ့အလုပ်သမား အဖွဲ့ချူပ် (ILO) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ စတိဗ်မာရှယ် ကိုယ်တိုင်လာရောက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ရဲ၊ စစ်သား၊ တရားသူကြီးများ စုစုပေါင်း ၁၆၀ ခန့်ကို လူ့အခွင့်အရေးဆိုင်ရာ ပညာပေးသင်တန်းများ ပို့ချခဲ့သေးသည်။

သို့သော်လည်း ချင်းပြည်နယ် အစိုးရက ILO သင်ကြားမှုများကို လိုက်နာခြင်းမရှိကြောင်း ယခု အဓမ္မလုပ်အားပေး ခိုင်းစေမှုများက ထင်ရှားစေသည်ဟု ဇအုပ်လိန်ကပြောသည်။

‘‘ချင်းပြည်နယ်အစိုးရ အကြီးအကဲတွေအားလုံးက အဓမ္မလုပ်အားပေးစေခိုင်းတာတွေဟာ တရားဥပဒေ အရ အပြစ်ပေး အရေးယူ ခံရနိုင်တယ်ဆိုတာ နားလည်ကြပါတယ်၊ ချင်းပြည်နယ် ၀န်ကြီးချူပ်ကိုယ်တိုင်က သူ့ကိုယ်သူ ဥပဒေရဲ့အထက်မှာ ရှိနေတယ်လို့ ယူဆနေတယ်လေ’’ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ပြည်နယ်အစိုးရ၀န်ကြီးရုံး အဆောက်အအုံ ၀န်းကျင်ရှိ ခြုံနွယ်များ ရှင်းလင်းရန် ဒေသခံ ၁၀၀ ကျော်ကို ၀န်ကြီးချုပ် ဦးဟုန်းငိုင်း၏ အမိန်ဖြင့် လုပ်အားပေးစေခိုင်းခဲ့ကြောင်း ၊ ပျက်ကွက်ခဲ့သူများကို ကျပ်ငွေ ၃၀၀၀ စီဒဏ်ငွေပေးဆောင် ခိုင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့ကလည်း အထက်တန်းကျောင်းသား သုံး ဦးကို ဟားခါး အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်သားများက ၎င်းတို့၏ ရိက္ခာ နှင့် စစ်ယူနီဖောင်းများကို သယ်ယူခိုင်းခဲ့သည်ဟု CHRO ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယမန်နေ့ထုတ် အစိုးရ သတင်းစာများတွင် နေပြည်တော်၌ ကျင်းပလျက်ရှိသော လွှတ်တော်အစည်းအဝေးတွင် အမျိုးသားလူ့အခွင့် အရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာထားသည်။

ဇအုပ်လိန်ကမူ ‘‘ဒီဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေး ကော်မရှင်က ဦးဟုန်းငိုင်းလို ရာထူးကြီးတဲ့ ပုဂ္ဂိုလ်လိုမျိုးကို တကယ် စုံစမ်း စစ်ဆေးမှု လုပ်တာ ကျနော်တို့ မြင်တွေ့ရပါ့မလား’’ဟု ဆိုသည်။

ချင်းပြည်နယ်တွင် လူ့အခွင့်အရေးအခြေအနေများ တိုးတက်လာမှုမရှိသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။

No comments: